Tuesday, December 9, 2008

”နှလုံးသားရပ်ဝန်းမှာအကျွမ်းတဝင်ဖြစ်ခဲ့ရတဲ့ပုံပြင်အဟောင်းတွေနဲ့မြို့”
ပုံပြင်အဟောင်းတွေရှိခဲ့တဲ့
အတိတ်ကမြို့ဟောင်းကလေးရေ
မှတ်မိနေသေးတာပေါ့…

မြို့လယ်ခေါင်လမ်းမ
ကော်ရည်ဆိုင်နဘေး
ခပ်ငေးငေးလေးထိုင်နေတတ်ခဲ့တဲ့ကျနော်
အဖော်ဆိုတဲ့စကားလုံးတွေကိုနာကြားဖို့အတွက်
လမ်းဘေးဝဲယာနှစ်ဖက်ကိုကြည့်ခဲ့ရတာလည်းအမော
ရွှေမုဒ်ထောဘုရားကြီးကအသိသက်သေပါ…

သိပ်ကိုပွင့်လင်းရိုးသားတဲ့မြို့ကလေးမှာ
အတော်အတန်အနေကြာလာတော့
အသိမိတ်ဆွေတွေတိုးပွား
ရင်ခုန်သံအသစ်တွေကိုသင်ကြားခဲ့ရရင်း
မြို့ကလေးရဲ့ကောင်းသတင်းတွေကိုနာခံလာတတ်ခဲ့ရ…

စာအုပ်အဟောင်းတပွေ့တပိုက်ကိုရောင်း
ကျောင်းဆရာဆိုတဲ့အသက်မွေးဝမ်းကြောင်းနဲ့
ကဗျာကောင်းတွေထုတ်ပေးတတ်တဲ့
ကဗျာဆရာကြီးနှစ်ယောက်ရှေ့မှောက်မှာ
ကျနော်ဟာငုတ်တုတ် ကျောက်ဆစ်ရုပ်တစ်ကောင်ပမာ
ကာရန်အသစ်တွေကိုသင်ကြား
ထမင်းဟင်းစားဖို့မေ့သွားတတ်တာလည်း
မြို့လယ်ခေါင်ကလက်ဖက်ရည်ဆိုင်လေးအသိဆုံးပါ…

”နာရီပေါ်ကမျက်ရည်စက်များ”အခွေကြမ်းကိုရှားရှားပါးပါးရလာလို့
တယုတယကိုင်ဆောင်လာတဲ့ကျနော့်မိတ်ဆွေအကိုကြီးက
”အန်တီရေဒီအခွေလေးခဏလောက်ဖွင့်ပေးပါ”ဆိုခဲ့တုန်းက
”ကျော်ကြား”လက်ဖက်ရည်ဆိုင်ကအဒေါ်ကြီးရဲ့စကား
ကျနော့်နားထဲမှာအခုထိကြားယောင်နေဆဲ
”ဘာကြီးတုန်းနင်တို့ဟာကဓမ္မတေးယောင်ယောင်ဘာယောင်ယောင်”
ကော်ဖီခါးခါးဘဲပြန်ဖွင့်မယ်လို့ဗြောင်ဖွင့်ပြောလာတုန်းက
ကျနော့်မိတ်ဆွေကြီးကအခွေကလေးကိုပြန်ကောက်သိမ်း
အတိတ်စိမ်းတွေပေးသွားခဲ့တာလည်းမှတ်မိနေဆဲ
တကယ်ဘဲမကြာပါဘူး
အဲဒီအဒေါ်ကြီးဘဲရူးသွက်စွာတပ်မက်
မျက်ရည်စက်တွေနာရီတိုင်းထွက်နေတတ်တာ
ဆိုင်တစ်ဆိုင်လုံးရွှဲနစ်နေရင်း နေ့ခင်းညနက်မကျန်…

ဒီလိုနဲ့
မြို့ကလေးကိုပြောင်းရွှေ့လာတဲ့ကျနော်
မြို့ကလေးရဲ့လမ်းတွေပေါ်မှာအနေပျော်လာခဲ့တယ်
မြို့ကလေးကိုဖက်တွယ်ထားမိတဲ့ကျနော်
ညညဆိုတော်တော်နဲ့အိမ်ပြန်မရောက်တဲ့အတွက်
အဖေ့ရဲ့အမျက်ဒေါသ ကျနော့်အပေါ်မကြာခဏထိရှခဲ့ရတယ်….

မြို့ကလေးကိုရောက်ပြီးရှစ်လလောက်အကြာ
ကျောင်းကြီးနဲ့မိတ်ဆက်ခွင့်ရလာတဲ့အခိုက်
အိပ်ငိုက်နေတဲ့ကျနော့်နှလုံးသား
ကောင်မလေးတစ်ယောက်ရဲ့စာမျက်နှာတွေပေါ်အပျင်းဖျားရင်း
သူငယ်ချင်းတွေပေးခဲ့တဲ့”၈၇”အကြွေဆုံးဆုကိုဆွတ်ခူး
တာလမ်းမကြီးပေါ်က”စံပယ်ဆောင်”ရှေ့မှာအရူးအမူးဖြစ်ခဲ့ပေါ့…

ကိုယ်နဲ့မပတ်သက်တဲ့ဖားခွဲတဲ့ပရယ်တီကယ်ခန်းရှေ့မှာ
ကျနော့်ကိုအမြဲတွေ့နိုင်ခဲ့ပါတယ်.
သူမရှိနေတတ်တဲ့နေရာတိုင်းမှာ ကျနော့်အရိပ်ကထီးလိုမိုး
လူမမာအမဲခြောက်တောင်းသလိုမျိုးနဲ့သူမရဲ့အချစ်ကိုတောင်းခံခဲ့တာ
ကန်သုံးဆင့်ကတံတားဖြူဖြူကလေးကအသိဆုံးဖြစ်ခဲ့မှာပေါ့….

ဆောင်းမနက်ခင်းတွေဆိုရင်
ကျောင်းကြီးရဲ့ရင်ခွင်တစ်ခုလုံး
မြူတွေဖုံးနေတတ်တာဘယ်လိုမှမမေ့နိုင်စရာပါဘဲ
အဲဒီလိုမနက်ခင်းတွေဆိုရင်အစ်မကြီးဆိုင်မှာထိုင်ရင်း
အပြင်းစားကာရန်တွေကိုတစ်ယောက်တည်းပစ်ခွဲ
ဘယ်သူမှမမြင်နိုင်တဲ့ကျနော့်ရဲ့ဒိုင်ယာရီစာမျက်နှာထဲမှာ
မကြာမကြာ
ကျောင်းနဘေးကထန်းရည်တဲမှာအဖော်တကာနဲ့အမူးဖောက်ရင်း
ကျောင်းခေါ်ချိန်တွေပျောက်ပျောက်သွားတတ်လို့
ကျနော့်ကိုပညာပေးချင်တဲ့ကျနော်ကသိပ်ကြောက်ရတဲ့ဆရာမ
”ကကြီးကနေအ”အထိလူရှေ့ထွက်ရေးခိုင်းခဲ့တာ
မြန်မာစာမေဂျာတန်းကကျောက်သင်ပုန်းမဲမဲကြီးအသိခဲ့ဆုံးဘဲပေါ့…..

နွေရာသီကျောင်းပိတ်ရက်
အဆောင်သူတွေအိမ်ပြန်ဖို့သဘောင်္ပေါ်တက်တဲ့အခါ
ကျနော်ဟာ သဘောင်္ဦးကကမ်းခွာမယ့်ကြိုးတွေကိုမုန်းတတ်လာခဲ့ပါတယ်
ဒီလိုနဲ့နေ့စဉ်ရက်ဆက်ကျောင်းပိတ်ရက်တွေမှာ
ကျနော့်ညနေခင်းတွေဟာငဝန်မြစ်ကြီးနဘေးမိုးချုပ်တတ်ရင်း
သက်ပြင်းတွေကိုအခါခါချအဝေးတစ်နေရာကိုငေးတတ်လာခဲ့ရတယ်..

ကျောင်းပိတ်ရက်တွေမှာ
ကျနော့်အတွက်အကောင်းဆုံးဖြေဆေးက
ငှက်ပျောတန်းလမ်းက ကိုသော်တာကြီးရဲ့စာအုပ်အငှားဆိုင်
ဒီစာအုပ်ဆိုင်ကဘဲ ကျနော့်အတွက်အကောင်းဆုံးမျက်စိတွေကိုဖွင့်ပေးခဲ့
မြို့ကလေးရဲ့ဈေးကြီးရှေ့ကရွှေနဂါးလက်ဖက်ရည်ဆိုင်မှာ
”ကိုမွန်းအောင်နဲ့ကိုတိုးကြီး”သီချင်းတွေကိုအခါခါသင်ကြားရင်း
ကိုမွန်းအောင်ရဲ့ ”ကျင်လည်ခဲ့ပြီ”သီချင်းကိုရင်ဘတ်နဲ့အလွတ်မှတ်သားခဲ့ရ
မြို့ကလေးရဲ့ချွေးပျံညတွေမှာ အခါခါအလီလီကျင်လည်ခဲ့ရင်း
ဆူညံဗုံသံတက်ကြွစည်းချက်ညီသီချင်းတွေကိုခံစားတတ်လာခဲ့ပါတယ်…

ကျောင်းပိတ်ရက်နွေရာသီညတွေရောက်တော့
မြို့လည်ခေါင်လမ်းမမှာ
ပြည်တော်သာတိုက်ခန်းရှေ့သူငယ်ချင်းတွေရဲ့အိမ်ရှေ့တွေမှာ
ဂစ်တာတွေတီးရင်းသီချင်းတွေဆို
တခါတခါသူငယ်ချင်းတချို့ကအချစ်ဝတ္ထုတွေဖတ်လို့
ကျနော်ကဘဝသရုပ်ဖော်ဝတ္ထုနဲ့နိုင်ငံရေးဆန်ဆန်စာအုပ်တွေဖတ်ရင်း
သူတစ်ခွန်းငါတစ်ခွန်းအငြင်းပွားကြရာက
တစ်နေ့မှာမင်းဘာကောင်ငါဘာကောင်ဖြစ်လာမလဲအထိအခြေအနေတင်းမာ
နောက်ဆုံးတော့ပြန်တည့်သွားကြတာပါဘဲ
ဒီလိုချစ်စရာကောင်းတဲ့မြို့ကလေးထဲကသူငယ်ချင်းမျိုးတွေကို
ဘယ်လိုနေရာမျိုးမှာရှာတွေ့နိုင်ပါ့မလဲလို့စဉ်းစားရင်း
ကျနော့်ရဲ့သံယောဇဉ်ကြိုးတွေတင်းခဲ့ရတာ
သူငယ်ချင်းအားလုံးအသိဆုံးဖြစ်ခဲ့ကြမှာပါ……

ဒီလိုနဲ့ကာလတစ်ခုရဲ့တမနက်မှာ
ကျနော်ဟာမြို့ကလေးကိုနှုတ်မဆက်လက်မပြဘဲ
ခဏတဖြုတ်အဖြစ်ထွက်ခွာလာခဲ့တာ
အခုဆိုရင်၂၁နှစ်တောင်ကြာခဲ့ပါပြီ…

ခုချိန်ထိတော့
ကျနော့်အိမ်နဘေးကမြေနီလမ်းကလေးက
ကျနော့်ကိုစောင့်မျှော်နေဆဲဖြစ်မှာပေါ့

ဒါပေမယ့်
ကျနော်သိပ်မြတ်နိုးခဲ့တဲ့ စာကြည့်စားပွဲလေးကတော့
ဖုန်တွေနဲ့ညိုမွဲနေလောက်ရောပေါ့
ကျနော်အိပ်ခဲ့ဖူးတဲ့ခုတင်တစ်လုံး
နှစ်တွေကြာလို့ဗုံးဗုံးလဲနေလောက်ရောပေါ့
ကျနော့်ခုတင်နဘေးက အဖော်မဲ့ဂစ်တာ
ကျနော့်ကိုမျှော်နေရှာရင်းနဲ့ထင်းဖြစ်သွားလောက်ပြီပေါ့…

မနှစ်ကညီမလေးပို့လိုက်တဲ့အီးမေးလ်မှာဖတ်ရတဲ့
လွန်ခဲ့တဲ့၈နှစ်လောက်ကဆုံးပါးသွားရှာတဲ့ညီလေးရဲ့သတင်းအတွက်
အဖေနဲ့အမေဖုံးဖိရက်လေခြင်းလို့မထင်ရက်ပါဘူး
လောကကြီးကထွက်သွားတဲ့သားတစ်ယောက်အတွက်
ကျန်ရှိနေတဲ့အဝေးရောက်သားတစ်ယောက်ကို
ရတက်မကူးစက်စေလိုတဲ့ဆန္ဒကြောင့်လို့ဘဲရင်ထဲမှတ်ထင်ရင်း
မိဘတို့ရဲ့ချစ်ခြင်းတရားကိုပိုပြီးနားလည်လာခဲ့ရ
စိတ်ရှိလက်ရှိလွမ်းပစ်မိတဲ့ တခါတရံညတွေမှာ…

ကျနော်မကြာမကြာလွမ်းတတ်တဲ့
ကျနော်သိပ်ချစ်တဲ့မြို့ကလေးမှာ
ကျနော်သိပ်ချစ်တဲ့အဖေအမေညီအကိုမောင်နှမအားလုံးရှိနေကြသလို
ကျနော်သိပ်ချစ်တဲ့သူငယ်ချင်းတချို့လည်းရှိနေကြဆဲ
တချို့ကတော့ အထဲလားအပြင်လားမသဲကွဲပါဘူး

ပုံပြင်အဟောင်းတွေရှိခဲ့တဲ့
အတိတ်ကမြို့ကလေးရေ
သိပ်သတိရနေသေးတာပေါ့
ခင်ဗျားပေးလိုက်တဲ့ကဗျာတစ်ပုဒ်ကို
ကျနော့်ရဲ့ရင်ဘတ်နဲ့အခါခါတေးလုပ်ဆိုရင်း
အခုလိုဒီဇင်ဘာညနေခင်းတွေမှာ………..။

8 comments:

MANORHARY said...

အမလည်းဝင်လွမ်းသွားတယ်။
၂၁နှစ်ဆိုတာနည်းတဲ့နှစ်တွေမှမဟုတ်တာ။
အမကအဲဒီကထွက်လာတုန်းက ၁၉၈၅
တကယ့်ကို နှစ်၂၀ကျော်မှပြန်ရောက်ခဲ့တာ ၂၀၀၅
နိုဝင်ဘာ...
ဘ၀ဆိုတာအဲဒါပဲလို့တရားနဲ့ဖြေရမှာလား
ဘ၀ဆိုတာဒါလား လို့ခပ်ရွဲ့ရွဲ့မေးခွန်းထုတ်ရမှာလား
စဉ်းစားနေမိတယ်။

Kay said...

အား- တကယ့်ကို လွမ်းစရာပဲ..။ ဘုရားသခင် တောင်အလွတ်ရနေမဲ့..ဆုတောင်းကိုလဲ..ထပ်မတောင်းတော့ပါဘူး။ ကဗျာရှည်ကြီးထဲက.. အတိတ်ချိုချိုလေးတွေကိုပဲ.. ခံစားပေးသွားပါတယ်။

Nyein Chan Aung said...

ကဗျာဆရာနဲ့အတူ မြို့ကလေးကိုရောက်သွားတယ်..
ကဗျာဆရာနဲ့အတူ င၀ံမြစ်ကမ်းနဘေးကိုရောက်သွားတယ်..
ကဗျာဆရာနဲ့အတူ ကျော်ကြားလက်ဖက်ရည်ဆိုင်မှာထိုင်ဖြစ်တယ်.. ကိုငှက်သီချင်းတွေအတူညဉ်းဖြစ်တယ်..
ရွှေမုဒ်ထောဘုရားကြီးကိုလည်းရောက်ခဲ့တယ်…
ကဗျာဆရာကောင်မလေးဆီသွားတော့ ကျနော်လည်းအဖော်လိုက်သွားတယ်..
ကဗျာဆရာနဲ့အတူ ငယ်ဘ၀သူငယ်ချင်းတွေကို လွမ်းဆွတ်သွားပါတယ်..

ပျူနိုင်ငံ said...

အကိုဆောင်းရေ မြို့လေးထဲ တိတ်တိတ်လေး
ဝင်လွမ်းသွားတယ်။

eaindraomtt said...

" အိမ်ငေး..သူ.".တဲ့
နာမည်လေးကလှပေမယ့်..........။

မိဘတွေရဲ့နှလုံးသားတွေခမျာ..ရှင်ကွဲ..သေကွဲတွေနဲ့
ဘယ်လောက်..ညှိုးယောင်းချောက်သွေ့နေလိုက်မလဲ...

သားကြီးကို..အသိမပေးပါနဲ့ကွာလို့..

သူ တို့ ပြော နေ ကြ မယ့် အ ချိန် က ကြေကွဲမှု...

ဘ၀တွေဟာ..ဇာတ်နာအောင်ရေးထားတဲ့..
ဝတ္ထုတွေထက် ရက်စက်တတ်တာပါလား..ကိုဆောင်းယွန်းရယ်..။


အိန္ဒြာ

ယောနသံစင်ရော် said...

အကိုဆောင်းယွန်း .. ကဗျာလေးက အကို့ရဲ့ ဘဝ အကြောင်းကိုဖော်ပြထားတယ်... မြို့လေးနဲ့ အကိုပြန်လည်ဆုံတွေ့နိုင်ဖို့ဆုတောင်းပေးလိုက်ပါတယ်။ တကယ်တော့ ကျမတို့ အားလုံးဟာ အလွမ်းသင့်နေ့ရက်တွေကို ထမ်းပိုးထားရသူတွေပါ.။ ။

ခေါင်ခေါင် said...

ှုဦးဆောင်းရေ.. အတိတ်က ပုံပြင်အဟောင်းတွေ ရှိနေတဲ့ မြို့လေးဆီ တစ်ခေါက်ပြန်ပြီး ပုံပြင်အသစ်တွေနဲ့ ကြည်နူးနိုင်ပါစေ လို့ဆုတောင်းပေးခဲ့ပါတယ်နော်..
ဒီဇင်ဘာညနေခင်းတွေ ဆိုတော့ ပိုလွမ်းမှာပေါ့..
နားလည်ပါတယ်...

မေ့သမီး said...

မြို့ကိုအရမ်းလွမ်းတယ်အစ်ကို။ အစ်ကို့စာဖတ်တော့ ပိုလွမ်းသွားတယ်။ အစ်ကို့စာထဲမှာပါတဲ့ခုနှစ်သက္ကရာဇ်တွေမှာညီမကလမ်းတောင်မလျှောက်တတ်သေးဘူး။ ညီမက ၁၉၈၅ခုနှစ်ကမှမွေးတာ။ တချိန်ချိန်ကျရင်တော့ ညီမတို့တွေ မြို့ကလေးမှာဆုံနိုင်ကြမယ်လို့မျှော်လင့် ပါတယ်။