Saturday, December 13, 2008


ရီဝေဝေမြို့လေးပေါ်က ကောင်မလေးဖတ်ဖို့…
ငါက…..
အိပ်မက်တွေကိုရောင်းကုန်လိုထမ်းပိုးရင်း
ရေစီးသန်မြစ်ကျဉ်းကိုကူးခတ်
အဲဒီမိုင်တိုင်တွေကိုဖြတ်ခဲ့တာပါ
ကောင်မလေးရေ…
မင်းကတော့
ငါ့မနက်တွေကိုပေါ့ပေါ့ပါးပါးလှောင်ရယ်ပြု
င့ါညနေတစ်ခုကိုအပြီးတိုင်စုတ်ဖြဲသွား
ဈေးလျှော့ချမထားခဲ့တဲ့ င့ါရဲ့အိပ်မက်
ဝိုင်တခွက်လောက်တောင်တန်ဖိုးမရှိတော့ဘူးလား…

အရက်ခွက်ထဲမှာ မင်းထည့်သောက်တတ်တဲ့
ငါ့သူရဲကောင်းတွေရဲ့နီစွေးစွေးသွေးတွေနဲ့
ဇိမ်ခံအရာဝတ္ထုတွေမှာ ပျော်ဝင်သွားတဲ့
မင်းရဲ့ အတိတ်မေ့ရောဂါအတွက်
မင်းသိပ်ရက်စက်တာဘဲလို့ ငါမပြောချင်တော့ပါဘူးကွာ…

မင်းက…
အတ္တကိုမင်းရဲ့အတောင်ပံတွေမှာတပ်
ပြီးတော့.မင်းကိုမင်းချိုးဖြူငှက်လို့ပြောရက်သေးတယ်
ကိုယ့်ဖက်ကိုယ်သိပ်ယက်တတ်တဲ့မင်းအပြုအမူတွေကြောင့်
ငါ့မြေပုံတစ်ခုလုံးဆုံးရှုံးမှုတွေချည်နှောင်ခံနေရရင်း
ငါ့နေ့ခင်းနေ့လည်တွေတောင် မှောင်လို့မဲလို့…..

တလက်ကိုင် တပတ်ရစ်ကုန်သည်တွေက
သူတို့အတ္တတွေနဲ့ မင်းကိုချစ်ဟန်ဆောင်တော့
မင်းကခေါင်းလည်တမော့မော့နဲ့
သေနတ်ပြောင်းဝရှေ့တခါမျှ ခရီးမသွားဖူးတဲ့
မင်းရဲ့ရင်ကိုကော့ရင်း
တချိန်က ငါတို့ချစ်ခြင်းတွေကိုလွယ်လွယ်နဲ့မေ့လိုက်
တကယ်တော့ မင်းမမိုက်ပါဘူး ကောင်မလေးရေ
ငါသာမိုက်ခဲ့တာပါ
ငါ့ရဲ့..ကွဲကွဲရှရှ ရင်ကိုဖွင့်ရင်း….

တကယ်တော့..
မင်းချွတ်ချလိုက်တဲ့အဟောင်းထည်
ဒီအဟောင်းထည်မှာ ရောထွေးကာလာမရှိ
ပကတိအဖြူ
မင်းချစ်တဲ့အသစ်
အဲဒီမှာစုတ်ချက်ကြမ်းတွေနဲ့ညစ်ပတ်
ငါ့မှာသာစုပ်တသပ်သပ်
မင်းရဲ့လုပ်ဇာတ်တွေကြောင့်…

ပရော့ဂျက်ပေတံကိုသုံးရင်း
မင်းတိုင်းတာနေတဲ့ပန်းတခင်းရဲ့အလျားအနံဟာ
ငါတို့ရဲ့မနက်ဖြန်တွေကွ ကောင်မလေးရ
ဟိုယခင်မြက်ခင်းစိမ်းတွေက
ချိုမြနေခဲ့တာကိုရော မင်းသတိရသေးရဲ့လား…

ရီဝေဝေမြို့လေးပေါ်က ကောင်မလေးရေ
မင်းအပျင်းပြေဖို့အတွက်များ
ငှက်တွေက အတောင်မညောင်းစတမ်း
လမ်းလျှောက်ထွက်ပြနေကြရသလားမသိဘူးနော်..

တကယ်တမ်းကျတော့ ငါ့မှာသာကြေကွဲနေရတာပါ
ငါ့သူရဲကောင်းတွေအတွက် ရင်ကွဲနာတွေကျလို့
မင်းကတော့ အစာဝဖို့တွက်
ရင်ခုန်သံတွေကို စက်တပ်ရင်းခံစား
ကိုငှက်ရဲ့ အမေ့အိမ်သီချင်းတောင်
အနှစ် ၂၀ ဓာတ်ပြားဟောင်းဖြစ်သွားခဲ့..

နေ့ဖို့ညစာချန်ထားတတ်တဲ့
မင်းရဲ့ ၂၁ရာစု ခေတ်ရှေ့ပြေးအချစ်
အလုပ်လွန်လို့ ကျွန်မဖြစ်ပါဘူး ကောင်မလေးရယ်.
မင်းတရှိုက်မက်မက်မျှော်လင့်နေတတ်တဲ့
မင်းရဲ့ဖောက်သည် ကုန်သည်တွေဆိုတာက
အစ်ရှုးကျမှ မင်းအတွက်အမြတ်ချပေးတတ်တာပါ
မင်းအပါးခစားနေတဲ့
ကိုယ်ရံတော်တွေဆိုတာကလည်း
သွေးထဲမှာ ဖြူနီပြာ တကွက်စီ
ရဲရဲနီတာဆိုလို့ စကားလုံးတွေနဲ့
သူတို့ကိုယ်တိုင်ပြန်မဖတ်တော့တဲ့ နှစ်ချို့စာမျက်နှာ….

ငါ့စာရွက်ပြာပေါ်မှာတော့
ခုထိဗလာပေါ့ ကောင်မလေးရေ
လေးဖြူနဲ့ မျိုးကြီးရဲ့ ”အိမ်ကိုပြန်ခဲ့တော့သီချင်း”
နှလုံးသားထဲ စီးဆင်းတဲ့အခါ
နာတယ် ရင်ထဲ
ပြီးတော့ မျက်ရည်ဝဲ
မင်းကိုလည်းခံစားကြည့်စေချင်
ဒါ င့ါရင်ထဲက ဆန္ဒမှန်
”ပိုကောင်းမယ့် မနက်ဖြန်တွေ”အတွက်ပါကောင်မလေးရေ….။

5 comments:

ပျူနိုင်ငံ said...

အကို့ ကဗျာက ကောင်းလိုက်တာဗျာ။

Nyein Chan Aung said...

တကယ်တော့..
မင်းချွတ်ချလိုက်တဲ့အဟောင်းထည်
ဒီအဟောင်းထည်မှာ ရောထွေးကာလာမရှိ
ပကတိအဖြူ
မင်းချစ်တဲ့အသစ်
အဲဒီမှာစုတ်ချက်ကြမ်းတွေနဲ့ညစ်ပတ်
ငါ့မှာသာစုပ်တသပ်သပ်
မင်းရဲ့လုပ်ဇာတ်တွေကြောင့်…

နေ့ဖို့ညစာချန်ထားတတ်တဲ့
မင်းရဲ့ ၂၁ရာစု ခေတ်ရှေ့ပြေးအချစ်
အလုပ်လွန်လို့ ကျွန်မဖြစ်ပါဘူး ကောင်မလေးရယ်.
မင်းတရှိုက်မက်မက်မျှော်လင့်နေတတ်တဲ့
မင်းရဲ့ဖောက်သည် ကုန်သည်တွေဆိုတာက
အစ်ရှုးကျမှ မင်းအတွက်အမြတ်ချပေးတတ်တာပါ
မင်းအပါးခစားနေတဲ့
ကိုယ်ရံတော်တွေဆိုတာကလည်း
သွေးထဲမှာ ဖြူနီပြာ တကွက်စီ
ရဲရဲနီတာဆိုလို့ စကားလုံးတွေနဲ့
သူတို့ကိုယ်တိုင်ပြန်မဖတ်တော့တဲ့ နှစ်ချို့စာမျက်နှာ….

ငါ့စာရွက်ပြာပေါ်မှာတော့
ခုထိဗလာပေါ့ ကောင်မလေးရေ
လေးဖြူနဲ့ မျိုးကြီးရဲ့ ”အိမ်ကိုပြန်ခဲ့တော့သီချင်း”
နှလုံးသားထဲ စီးဆင်းတဲ့အခါ
နာတယ် ရင်ထဲ
ပြီးတော့ မျက်ရည်ဝဲ
မင်းကိုလည်းခံစားကြည့်စေချင်
ဒါ င့ါရင်ထဲက ဆန္ဒမှန်
”ပိုကောင်းမယ့် မနက်ဖြန်တွေ”အတွက်ပါကောင်မလေးရေ….။

ကိုဆောင်း ရီဝေေ၀ကောင်မလးအတွက် ဒုတိယ ကဗျာထင်တယ်။ ကိုယ်တိုင်ခံစားချက် ထင်ပ။ စာသားတွေ ထိမိတယ်ဗျာ။ အပေါ်က အဖွဲ့တွေအကြိုက်ဆုံးပဲ။

ခေါင်ခေါင် said...

ဦးဆောင်းရာ..ကောင်းလိုက်တဲ့ကဗျာ....
ရင်ထဲကို ထိညှိသွားတာပဲ...

မသက်ဇင် said...

ကိုဆောင်းယွန်းလ----
ရီဝေဝေမြို့လေးပေါ်က ကောင်မလေးဖတ်ဖို့…
ကဗျာတပုဒ်လုံးကောင်းတယ်--
ကဗျာဆရာရဲ့ ရင်တွင်းခံစားချက်တွေနဲ့--
ကဗျာအလှ ဖွဲ့စည်းမှုတွေဟာ--လှပ သေသပ်
လွန်းတယ်---

ယောနသံစင်ရော် said...

ပရော့ဂျက်ပေတံကိုသုံးရင်း
မင်းတိုင်းတာနေတဲ့ပန်းတခင်းရဲ့အလျားအနံဟာ
ငါတို့ရဲ့မနက်ဖြန်တွေကွ ကောင်မလေးရ
ဟိုယခင်မြက်ခင်းစိမ်းတွေက
ချိုမြနေခဲ့တာကိုရော မင်းသတိရသေးရဲ့လား…

အကိုဆောင်း... ဒီပါဒလေးကိုကြိုက်တယ်။