Thursday, December 25, 2008

”၃၉ သုံးပိုင်းနှစ်ပိုင်းပေါ်မှာကပ်ဆိုက်နေတဲ့ပုဂ္ဂလိကကမ္ဘာ”
နေ့အဟောင်းတွေနဲ့ဘဲပေါင်းဖော်
ညခါးခါးတွေကိုအရည်ဖျော်သောက်
ဒုက္ခကြိုးတန်းပေါ်လမ်းလျှောက်နေရ…

မဇ္ဈိမအထုတ်အပိုးကို
တောင်ပေါ်သူသားသည်အမိလို
နောက်ကျောမှာလွယ်ပိုးထားရင်း
ကန္တာရနေ့လည်ခင်းတွေကိုထုဆစ်ရဖန်များလို့
နှလုံးသားမှာသွေးခြည်ဥ
ကိုယ်ပိုင်နာရီတွေကိုကျွန်ပြုခံထားရတဲ့
တိုင်းပြည်အတုမှာ…

ဘတ်ဒေးတွေများလာတာနဲ့အမျှ
ရာသီမြစ်ဝတွေကတဖြည်းဖြည်းကျဉ်းမြောင်းလာ
ဒေါ်လာအကြောင်းအမေးအဖြေလုပ်သူတွေကြား
ရသကဗျာတစ်ပုဒ်ဟာနာဖျားနေ…

ဟန်ဆောင်ကောင်းသူတွေအနားမှာတော့
ကိုယ်ချင်းစာတရားဟာ
ပေါ့ပေါ့ပါးပါးသွားလာစားသောက်ကြတဲ့
ဖက်စ်ဖု(ထ်)စားသောက်ဆိုင်ပေါ်က
ဟန်ဘာဂါတစ်လုံးလောက်မျှတန်ဘိုးမရှိကြတော့ဘူးပေါ့…

မာယာကော့ဖ်စကီးမသိ.ဂေါ်ကီမရှိ
နီရူဒါနဲ့နီဗားဒါးသိပ်ပြီးမကွဲပြား
ချေဂွေဗားရားဟာ ဘဝမေ့သူတို့ကျက်စားတဲ့
ညဘက်သွားဘားတွေလောက်စိတ်ဝင်စားစရာမဟုတ်
အေးစက်စက်နှလုံးသားငုတ်တုတ်တွေပေါ်မှာ
တိုက်.ကား.ဒေါ်လာနဲ့ဇိမ်ခံပစ္စည်းတချို့အကြောင်း
ဘဝပြောင်းသွားတဲ့အမေရိကန်ရောက်ပေါချောင်ကောင်းတွေ
ဒီမိုးကရေစီးသန် ဒီမိုးကရေကြီးလျှံနေကြပြီမို့
မိုးရွာတုန်းရေခံကြတယ်ဆိုတဲ့စကားကိုတွင်တွင်သုံး
အရာအားလုံးဟာပေါ့ပေါ့ပါးပါးပြုံးပြုံးရွှင်ရွှင်ပါဘဲ
အကွဲအပြဲတွေသိပ်များလာတိုင်း (အိမ်ထောင်ရေး)
အမေရိကန်စံနဲ့ဘဲတိုင်းတာနေကြ…..

ကိုယ်ကိုယ်တိုင်ကတော့
အခါကြီးရက်ကြီးတွေတိုင်း
ခါးတွေပိုပိုကိုင်းလာတာကိုသတိထားမိ
တနေ့နှစ်ခါလောက်ကြည့်မိတဲ့ပြဒါးပြင်ပေါ်မှာ
အမှန်တရားဟာထင်သာမြင်သာရှိလှ
ဆံခြည်မျှင်တချို့တောင်ငွေရောင်သမ်းနေကြပြီ…

ရင်အနာကိုဖြေတွေးတွေးကြည့်တတ်တဲ့ခေါင်း
ကမ္ဘာ့အရှေ့ခြမ်းကိုစောင်းနေခဲ့တာလည်းကြာပေါ့
ရာသီအဟောင်းတွေနဲ့ပေါင်းဖက်ခဲ့ရတဲ့
နှလုံးသားထဲကဗျတ်စောင်းအိုတစ်လုံးထဲက
အဆွေးတေးသွားဟောင်းတွေဘဲရုန်းကန်ထွက်ကျ
ရေဒီယိုထဲကအပူလှိုင်းတွေကလည်း
လျော့ရဲရဲတယောကြိုးတွေလိုဘဲ
လွမ်းခန်းမှာထထမှုတ်တတ်တဲ့နှဲကြီးလိုဘဲ….

အဖော်မွန်စစ်ရှာဖို့ရှားပါးလွန်းလာတဲ့အခါ
ကဗျာတွေသာမိတ်ဆွေဖြစ်လာခဲ့
သက်မဲ့ရုပ်ဝတ္ထုတွေကိုလည်း
အသည်းစွဲမချစ်တတ်တာကြာပြီ….

ကိုယ့်ကမ္ဘာခိုင်တည်သမျှ
ကိုယ်လျှောက်ရမယ့်လမ်းမမှာ
အထီးကျန်ပန်းတွေဘဲပွင့်နေဦးမှာလား
ဒီလို.စဉ်းစားရင်းနဲ့ဘဲ
နှင်းတွေရေခဲဖြစ်ဖြစ်သွားရတဲ့နှစ်တွေကအလီလီ…

အလိုမကျခြင်းဦးထုပ်ကိုဆောင်း
ချိုကျိုးနားရွက်ပဲ့နေ့ရက်ဟောင်းတွေကို
ဆေးမြီးတိုနဲ့ကုစားနေရရင်း
ပြောက်ကျားစစ်ခင်းနေရတဲ့သက်ပြင်းတွေကလည်း
မနေ့တနေ့ကအိမ်ရှေ့မှာဖြန့်ကြဲသွားတဲ့နှင်းမုန်တိုင်းတွေလိုဘဲ…

အနက်ရှိုင်းဆုံးရင်ထဲကမုန်တိုင်းတစ်ခုကို
ဘယ်လိုတန်ခိုးရှင်မျိုးကရပ်ဆိုင်းပေးနိုင်ပါ့မလဲ
အရိမေတ္တယျကလည်းပွင့်တော်မူဖို့ဝေးနေသေးတော့
ဟောဒီ..ဒုက္ခလွင်တီးခေါင်မှာပြေးရင်းလွှားရင်း
၃၉ သုံးပိုင်းနှစ်ပိုင်းနဲ့ပက်ပင်းတိုး
ကိုယ့်ကမ္ဘာမှာဆိုက်တဲ့ကပ်ကဆိုးတယ်….။

11 comments:

ပျူနိုင်ငံ said...

အကိုကဗျာလေး အရမ်းကောင်းတယ် အကို။
ဖတ်ရတာရော၊ ရွတ်ကြည့်ရတာရော အားလုံး
ကောင်းတယ် အကို။

Craton said...

အင်း.. ဒီအရွယ်တောင်ရောက်ပြီလား ဦးဆောင်းက။း)
ကဗျာလေးကောင်းတယ်။

စကားမစပ် အရိမေတ္တယျပါ။

ဆောင်းယွန်းလ said...

အခုလိုပြင်ပေးသွားတဲ့အတွက်ကျေးဇူးပါညီရေ့..
အကိုလည်းစိတ်ထင်ရာကိုစာလုံးပေါင်းထည့်လိုက်တာ
ဘဲ..တော်တော့်ကိုလွဲသွားတာပါလား....
ကိုယ့်အခြေအနေကတော်တော်ဆိုးနေပြီညီရေ့...

ဆောင်းယွန်းလ said...

ပြင်လိုက်ပါပြီညီရေ့...

Nyein Chan Aung said...

ကဗျာကောင်းတယ်ကိုဆောင်းရာ။ ကပ်ဆိုက်နေတဲ့ ပုဂ္ဂလိကကမ္ဘာက အမြန်ဆုံးလွတ်မြောက်ပါစေဗျာ။ စိတ်ကူးတွေ အမြန်ဆုံးအကောင်အထည်ပေါ်လာပါစေ။ ပျော်ရွှင်ဖွယ်နှစ်သစ်ပါ။ ခင်မင်စွာဖြင့်....

MANORHARY said...

း)
ဘယ်လိုမှပြင်လို့မရတော့ဘူး
ခေါ်လက်စနဲ့ အမသာခေါ်ပေတော့ ...း)

အမရာ said...

အကိုရေ....၃၉ ဆိုတာ...အသက်ကိုပြောတာလားဟင်...

Kay said...

၃၉ ၂ပိုင်းတပိုင်းဆိုတော့..မွေးနေ့အတိအကျတော့ ဟုတ်ဟန်မတူ။ နီးပါပြီ.. milestone တခု ထပ်ေ၇ာက်ဖို့.. အဲဒီ မွေးနေ့ကျတော့မှ..အထူးရှယ်ကျင်းပ တော့ပေါ့။ ငြိမ်သက်ရွှင်လန်းခြင်း ရှိပါစေ ပေါ့။

ခေါင်ခေါင် said...

ဦးဆောင်း.. ၃၉ သုံးပိုင်းနှစ်ပိုင်းဆိုတာ တော်တော်များနေပြီနော်....

ခေါင်ခေါင် said...

အပိုဒ်တိုင်း အပိုဒ်တိုင်း
စကားလုံးတိုင်းစာသားတိုင်း အကုန်လုံးတစ်ခုမကျန် ကြိုက်တယ်..
ဦးဆောင်းက စကားလုံး တော်တော်ချမ်းသာတာပဲ.. ခဏငှားသုံးမှ ထင်တယ်.. ဟဲဟဲ

pandora said...

ကိုဆောင်းမွေးနေ့လားဟင်

ပျာ်ရွှင်စရာ ၂၀၀၉ ဖြစ်ပါစေ။