Tuesday, January 20, 2009


”မျက်ရည်ယိုဗုံး”
ခင်ဗျားက
လူတွေရဲ့ မျက်ရည်ကိုသောက်တယ်
လူတွေရဲ့အသက်တွေကိုဖျောက်တယ်။

ခင်ဗျားက
လူတွေရဲ့မျက်ရည်နဲ့ အောင်ပွဲခံတယ်
လူတွေရဲ့ရတက်တွေနဲ့ အသက်ရှည်တယ်
လူတွေရဲ့အသက်တွေနဲ့ ရမ္မက်ဖြေတယ်။

ခင်ဗျားက
လူတွေရဲ့ကျိန်စာနဲ့ အသက်ရှင်ဆဲ
လူတွေရဲ့မေတ္တာနဲ့ အသက်ငင်ဆဲ
လူတွေရဲ့အကြိတ်အခဲနဲ့ အိပ်ရဲသလောက်
လူတွေရဲ့အရိပ်အကဲကိုကြည့်ပြီး ခံတပ်ကြီးကြီးဆောက်တယ်။

ခင်ဗျားက
လူတွေရဲ့ဒုက္ခကိုလမ်းဖောက်ပြီး တိုက်ဆောက်တယ်
လူတွေရဲ့သောကကိုခပ်မြည်းပြီး ရဟတ်စီးတယ်။

ခင်ဗျားက
လူတွေရဲ့သဘာဝဘေးကိုရင်းပြီး သူဌေးမင်းဖြစ်တယ်
လူတွေရဲ့ရှိုက်သံကြား လက်ပိုက်ဟန်လုပ်အားတယ်။

ခင်ဗျားက
လူတွေရဲ့ရုန်းကန်မှုနဲ့ မင်းပြုတယ်
ခင်ဗျားက
လူတွေရဲ့သီးခံခြင်းတရားကို စော်ကားတယ်
ခင်ဗျားက ခင်ဗျားအတွက်ဆို
တရားဓမ္မကိုသတ် ဘုရားခေါင်းကိုလည်းဖြတ်တယ်။

လူကြားထဲ ပစ်ရဲတာလည်းခင်ဗျား
လူကြားထဲ ပစ်ခွဲတာလည်းခင်ဗျား
လူကြားထဲ ဖောက်ခွဲတာလည်းခင်ဗျား
လူကြားထဲ ပေါက်ကွဲတာလည်းခင်ဗျား
တကယ်တော့
ခင်ဗျားဟာ လူတွေရဲ့မျက်ရည်ကိုဖြုန်းနေတဲ့
အတ္တကြိမ်မီးအုံး မျက်ရည်ယိုဗုံးတစ်လုံးပါဘဲ။ ။

10 comments:

Anonymous said...

ဗုံးဆိုတဲ့ သတ္တ၀ါကိုက ဘာအမျိုးစားပဲဖြစ်ဖြစ် ကောင်းကိုမကောင်းဘူး ။ ဟဲဟဲ တစ်လုံးလောက်တော့ လိုချင်တယ် ဖိုးဖိုးကြီးရဲ့ နန်းတော်ကို တစ်လုံးလောက်ပစ်ထည့်ကြည့်မလို့း)

Anonymous said...

ဟဲ့.. ပလုတ်တုတ်...
မောင်လေးမျိုး..ကြံကြီးစီရာ...တွေ.စိတ်ကူးနေတယ်...

ယူမဲ့ ယူ..မျက်ရည်ယို ဗုံး က..ဘာလုပ် မှာလဲ.ကွ..း)..
မမ အနုမြူ ဗုံး..သေးသေး..လေး..တစ်လုံး ပေးမယ်..
လာယူ နော်....း)...

ခေါင်ခေါင် said...

ကောင်းလိုက်တဲ့.. ကဗျာ...

ကွန်မန့်တွေကလဲ..ရယ်ရတယ်... ဗုံးကြဲမယ့်လူကြီးပဲ..

အိုင်လွယ်ပန် said...

စကားလုံးတွေအားကြီးခိုက်တယ်အစ်ကိုရေ...

ကိုအောင် said...

ကောင်းတယ် အကို။ ကဗျာက လှတယ်။

ကိုစွမ်း said...

အားပါးပါး ကဗျာလေးရေးထားတာ အ၇မ်းကောင်းတာပဲ

Myo Win Zaw said...

မျက်ရည်ယိုဗုံးကဗျာဖတ်သွားတယ်

Kaung Kin Ko said...

ဟုတ်ပ အစ်ကိုရာ။ မျက်ရည်ယိုဗုံးတွေ အများကြီး ရှိနေတာခက်တယ်။

ourstream said...

အတော်လေးကိုလှပတဲ့ ကဗျာလေးပါပဲ။အတော့်ကိုကြိုက်ပါတယ်။

ယောနသံစင်ရော် said...

အကိုဆောင်းယွန်း.. ကျနော်ကတော့မျက်စိထဲ
သန်းရွှေရဲ့ မျက်နှာကြီးကိုမြင်လာတယ်။