Friday, January 23, 2009

”အချိန်ဇယားထဲကကဗျာလေးတစ်ပုဒ် ရင်ကထုတ်တယ်”

ကျနော်ဒီကဗျာလေးကို ရင်ထဲမှာနင့်နင့်သီးသီးခံစားပြီးရေးထားတာပါ။ လူတွေရဲ့အကြောင်းကို
စာအုပ်ထဲမှာဘဲဖတ်နေလို့ ဘယ်တော့မှပြည့်စုံမှာမဟုတ်ပါဘူး။ လူတွေရဲ့အကြောင်းကိုသေ
သေချာချာသိချင်ရင် ပြင်ပလောကမှာနေပြီး လူတွေကြားထဲမှာဘဲရှာရပါတယ်။

လောကကြီးမှာ လူတွေရဲ့အကြောင်းကို အပေါ်ယံကြည့်ပြီးနားလည်သိရှိတယ်လို့ယူဆတဲ့
လူတွေအများကြီးရှိကြပါတယ်။ လူတစ်ယောက်ရဲ့အကြောင်းကို သေသေချာချာသိရှိနားလည်
နိုင်ဖို့အတွက် စာအုပ်တစ်အုပ်ကိုသေသေချာချာအချိန်ယူပြီးဖတ်သလိုဖတ်ရပါတယ်။

စာအုပ်တစ်အုပ်ကိုဖတ်တဲ့အခါမှာ စာရေးသူရဲ့အမှာစာ.မာတိကာ.နိဒါန်း.စာကိုယ်.နိဂုံးအစရှိ
တာတွေအားလုံးကိုပြည့်စုံအောင်ဖတ်မှ စာတစ်ပုဒ်လုံးရဲ့ဆိုလိုရင်းကိုသိရှိနားလည်နိုင်သလို
လူတစ်ယောက်ကိုသုံးသပ်တဲ့နေရာမှာလည်း စ.လယ်.ဆုံး နားလည်အောင်လေ့လာပြီးမှ ဝေ
ဖန်သုံးသပ်ရတာဖြစ်ပါတယ်။ လောကမှာလူအများစုက အပေါစားစာတွေကိုပိုပြီးဖတ်ကြသလို
လူတွေကိုသုံးသပ်တဲ့အခါမှာလည်းအပေါ်ယံလေးကြည့်ပြီး သုံးသပ်ကြတာများပါတယ်။
အပေါ်ယံရှပ်ပြီး မာတိကာကိုဖတ်ပြီးစာတစ်ပုဒ်လုံးကိုကိုယ့်အတွေးနဲ့ကိုယ်နားလည်မှုပြုလိုက်
ကြတဲ့လူတွေနိဒါန်းကိုမဖတ် စာကိုယ်ကိုမဖတ်ဘဲ နိဂုံးကိုဘဲဖတ်တဲ့သူတွေ နိဒါန်းမကောင်း
တာနဲ့ စာကိုယ်နဲ့နိဂုံးကိုမဖတ်တော့ဘဲချောင်ထိုးထားလိုက်ကြတဲ့လူတွေ အစရှိတဲ့လူတွေကို
လက်တွေ့ဘဝမှာ ကျနော့်ရဲ့အချိန်တွေနဲ့ရင်းပြီးတွေ့ရှိဖတ်ရှုလေ့လာခဲ့ရဖူးပါတယ်။ ကျနော်
လက်ရှိလုပ်နေတဲ့အလုပ်ဆိုရင် လူအများကြီးနဲ့နေ့စဉ်ဆက်ဆံပြီး တချိန်လုံးလူတွေနဲ့စကား
ပြော လူတွေရဲ့အဓိကလိုအပ်ချက်ပြဿနာတွေကို ပြေလည်အောင်ဖြေ့ရှင်းပေးနေရတဲ့အလုပ်
ပါ။ ဒါပေမယ့် ကျနော်ဒီအလုပ်ကိုစိတ်ပါလက်ပါနဲ့ ပျော်ပျော်ရွှင်ရွှင်ကို လက်ခံပြီးလုပ်ခဲ့တာပါ။
တကယ်ဆိုရင်ကျနော်က လူတွေနဲ့အလုပ်လုပ်နေရတာကိုပျော်နေတဲ့လူတစ်ယောက်ပါ။

ကျနော် Business Management Specialty နဲ့ကျောင်းပြီးပြီးဘွဲ့ရခဲ့တာပါ။ ဒါပေမယ့်ကျနော်က
လက်တွေ့မှာ ဒီဘာသာရပ်နဲ့အသက်မွေးဝမ်းကြောင်းပြုဖို့စိတ်မဝင်စားသလို အမေရိကားမှာ
အလုပ်ရှင်တွေက ကျနော့်လို အသက်၃၀လောက်မှ ရောက်လာပြီး အင်္ဂလိပ်စကားပြောကို
ခွေးအကြီးလှည်းနင်းသလိုပြောနေရတဲ့လူတစ်ယောက်ထက်စာရင် သူ့နိုင်ငံမှာမွေးတဲ့ အဖြူ
အမဲ ပြီးရင် Spanish, Asian နဲ့အခြားသူ့နိုင်ငံပေါက်တွေကိုအလုပ်ပေးဖို့အရင်စဉ်းစားလေ့ရှိကြ
တာမဆန်းပါဘူး။ ဒီတော့ကျနော့်အတွက် ကျနော်ရတဲ့ဘွဲ့နဲ့အလုပ်ရနိုင်ဖို့အခွင့်မသာနိုင်ပါဘူး။
အခုလောလောဆယ် ကျနော်လုပ်နေတဲ့အလုပ်ကတော့ ဒုက္ခသည်တွေကိုကူညီရတဲ့
အလုပ်ဖြစ်ပြီး ၂၀၀၆ခုနှစ်လောက်ကနေစပြီး အမေရိကားကို မြန်မာဒုက္ခသည်တွေစုပြုံပြီး
ရောက်လာကြတာဆိုတော့ ဒီအလုပ်က ကျနော်နဲ့အကိုက်ညီဆုံး အံဝင်ခွင်ကျတဲ့အလုပ်ဖြစ်နေ
တာပေါ့။ကျနော် ဒီအလုပ်ကို ၂၀၀၇ခုနှစ်နိုဝင်ဘာလလောက်ကစပြီး လုပ်ခဲ့တာဆိုတော့
အခုဆိုရင်တစ်နှစ်ကျော်လောက်ရှိပါပြီ။ မနှစ်က ၂၀၀၈ခုနှစ်မှာ ကျနော်ကိုင်ရတဲ့ကေ့စ်က
၆၀နဲ့၇၀နဲ့ကြားထဲလောက်မှာရှိပြီး လူဦးရေကတော့စုစုပေါင်း၂၀၀နီးပါးလောက်ရှိပါတယ်။
အခုလို ကမ္ဘာကြီးတစ်ခုလုံးစီးပွားရေးချွတ်ခြုံကျနေတဲ့အချိန် အမေရိကန်နိုင်ငံရဲ့စီးပွားရေး
အခြေအနေကမောက်ကမယိမ်းထိုးနေတဲ့အချိန်မှာ ဒီလူ ၂၀၀ကျော်လောက်ရဲ့ နေမှုစားမှု
ကျန်းမာရေး အလုပ်အကိုင်ရရှိရေးအစရှိတာတွေကိုဖြေ့ရှင်းရတာဟာ လက်တွေ့မှာထင်သ
လောက်မလွယ်ကူလှပါဘူး။ တခါတခါကိုယ်က ဘယ်လောက်ဘဲစေတနာထားပြီးလုပ်လုပ်
စေတနာကဝေဒနာဖြစ်သွားရတာတွေလည်းကြုံရတတ်ပါတယ်။

ကျနော်ကိုယ်ပိုင်ဆဲလ်ဖုန်းကိုင်နိုင်လောက်အောင်တောင် ကျနော့်မိသားစုရဲ့စီးပွားရေးက
မပြေလည်လှပါဘူး။ ကျနော့်အတွက် အလုပ်ကအလုပ်အကိုင်အဆင်ပြေဖို့ အလုပ်ကတခြား
ဝန်ထမ်းတွေနဲ့ဆက်သွယ်မှုလွယ်ကူစေရအောင် ဆဲလ်ဖုန်းထုတ်ထားပေးပါတယ်။
ကျနော်ကလည်း ကိုယ့်မြန်မာဒုက္ခသည်တွေအဆင်ပြေရအောင်ဆိုပြီး ကျနော့်ဆဲလ်နံပတ်ကို
ပေးထားမိပါတယ် တခါတခါညသန်းခေါင်လောက်ကျမှ သူတို့ကိစ္စတွေအတွက်ဖုန်းဆက်
တဲ့လူတွေရှိသလို ရုံးပိတ်ရက်လည်းမရှောင်ပါဘူး ကိုယ်အဆင်ပြေတဲ့အချိန်ဟုတ်မဟုတ်
ကိုမစဉ်းစားပါဘူး.သူတို့လိုရင်လိုသလိုသူတို့အဆင်ပြေတဲ့အချိန်ကိုဖုန်းတွေဆက်တတ်ကြပါ
တယ်။ ကျန်တဲ့အမေရိကန်ကေ့စ်မန်နေဂျာတွေကတော့ သူတို့ရဲ့ဆဲလ်နံပတ်တွေကိုသူတို့ရဲ့
Client တွေကိုမပေးထားကြပါဘူး။ ပေးထားရင်လည်း အလုပ်ချိန်ပြီးရင်အလုပ်ကသူတို့ကိုပေး
ထားတဲ့ဆဲလ်ဖုန်းတွေကိုပိတ်ထားလေ့ရှိကြပါတယ်။ အမှန်အတိုင်းဝန်ခံရမယ်ဆိုရင် ကျနော်
လည်း ကျနော့်ကိုယ်ပိုင်အချိန်တွေမှာ ကျနော့်ဒုက္ခနဲ့ကျနော်လုံးချာလည်နေတာဆိုတော့
လာတဲ့ဖုန်းမှန်သမျှကို စိတ်ရှည်လက်ရှည်နဲ့သီးခံပြီးပြန်မပြောနိုင်ပါဘူး။
ဒီလိုဆိုတော့လည်း ဂျေမောင်မောင်ရဲ့သီချင်းထဲကလိုဆိုရင် ”ကျနော်မကောင်းဘူး” ပေါ့ဗျာ။

တကယ်တော့ကျနော်က စိတ်ထဲမှာရှိတာကို ရှိတဲ့အတိုင်းဘဲပြောတတ်တယ်။ ကွေ့ဝိုက်ပြီး
စကားလှအောင်ပြော တကယ်တမ်းကျတော့ဘာမှထိထိရောက်ရောက်မလုပ်ပေးတာထက်
စာရင် လူတွေကိုတည့်တည့်ပြောပြီး တည့်တည့်ဘဲကူညီပေးချင်ပါတယ်။ ပြောရရင်လည်း
ကိုယ့်ပေါင်ကိုယ်လှန်ပြီးထောင်းနေရသလိုပါဘဲ။ ဒုက္ခသည်စခန်းကထွက်လာကြတဲ့မြန်မာ
ပြည်သားအများစုက ဒုက္ခသည်စခန်းမှာ နှစ်တွေအကြာကြီးနေလာကြပြီး အလုပ်အကိုင်
မယ်မယ်ရရမလုပ်ခဲ့ဖူးကြတော့ အမေရိကားကိုရောက်လာကြတဲ့အချိန်မှာ အလုပ်လုပ်ပြီး
ကိုယ့်ဘဝကိုယ်မြှင့်တင်ဖို့ထက် အခမဲ့နေချင်စားချင်ကြတယ်ဆိုတာကို ကျနော်ကလက်တွေ့
အလုပ်လုပ်ပြီးသိခဲ့မြင်ခဲ့လေ့လာခဲ့ရတာပါ။ ဒီနေရာမှာ ကျနော်ကဒုက္ခသည်အားလုံးကိုမဆို
လိုပါဘူး။ ဒါပေမယ့်ဒီကိုရောက်လာကြတဲ့လူဦးရေရဲ့ ၇၅ရာခိုင်နှုန်းလောက်ကတော့အချောင်
ခိုလိုတဲ့စိတ်ဓာတ်တွေနဲ့မွေးဖွားကြီးပြင်းလာခဲ့ကြတာများပါတယ်။ အဲဒီအတွက် သူတို့ကိုလည်း
အပြစ်မဆိုချင်ပါဘူး.ဘာဖြစ်လို့လဲဆိုတော့ တစ်သက်လုံးအလုပ်မလုပ်ရဘဲနှစ်တွေအကြာကြီး
ထိုင်စားလာရတဲ့လူတစ်ယောက်ဟာ
ဗုန်းစားကြီးကောက်ခါငင်ခါအလုပ်လုပ်ရမယ်ဆိုတဲ့
အချိန်မှာ သူတို့အတွက်ဘာမှအဆင်သင့်ဖြစ်မနေတာမဆန်းပါဘူး။
စိတ်ဓာတ်ရေးရာအရအဆင်သင့်မဖြစ်နိုင်သလို ရုပ်ပိုင်းဆိုင်ရာအရလည်းအဆင်သင့်မဖြစ်
နိုင်ပါဘူး။
အရင်းစစ်ရင်တော့အမြစ်ဖြစ်တဲ့မြန်မာနိုင်ငံကိုလက်ရှိအုပ်ချုပ်မင်းလုပ်နေတဲ့စစ်အာဏာရှင်တွေ
ကဘဲနံပါတ်တစ်တရားခံဖြစ်ပါတယ်လို့ပြောရမှာပါ။ သူတို့သာကိုယ့်နိုင်ငံအကျိုးကိုရှေ့ရှုမယ်
ကိုယ့်နိုင်ငံသားတွေအကျိုးကိုပံ့ပိုးမယ်ဆိုရင် ဒီလိုဒုက္ခသည်တွေရှိလာကြမှာမဟုတ်သလို
ကျနော်တို့မြန်မာနိုင်ငံသားတွေလည်းကမ္ဘာအနှံ့မှာ အနှိမ်ခံလူသားဘဝနဲ့နေကြရမှာမဟုတ်ပါ
ဘူး။

ကျနော့်အနေနဲ့ကတော့ ရောက်လာတဲ့ဒုက္ခသည်တွေကို ရေရှည်ကိုယ့်မိသားစုရပ်တည်နိုင်ဖို့
ကိုယ့်ကိုယ်ပိုင်ခြေထောက်နဲ့လမ်းလျှောက်နိုင်ဖို့အတွက် လူမှုဖူလုံရေးအထောက်အပံ့တွေကို
အမြဲတမ်းအားကိုးမနေဘဲ အလုပ်ရအောင်ကြိုးစားပြီးရှာဖို့ အလုပ်မရခင်မှာလည်း အားနေတဲ့
အချိန်တွေမှာ အင်္ဂလိပ်စာနဲ့စကားပြောကိုသေသေချာချာဂရုစိုက်သင်ဖို့ အမြဲတိုက်တွန်းပါ
တယ်။ သူတို့က အိမ်တကာရွာရိုးကိုးပေါက်လျှောက်လည်ပြီး အားရင်ဗွီဒီယိုကြည့်ပြီး အတင်း
ပြောသန်းတုတ်နေရင်တော့ ကျနော်လည်းသူတို့ကိုစကားချိုချိုသာသာမပြောနိုင်တော့ဘူးပေါ့
ဗျာ။ အဲဒီအတွက် ကျနော်မှားတယ်ဆိုရင်လည်း အမှားအတိုင်းဘဲရှိပါစေတော့ဆိုပြီး
ကဗျာလေးတစ်ပုဒ်စပ်လိုက်ပါတယ်။
အဆင်ပြေရင်ဖတ်သွားကြပါဦး………


အပြောလှတော့
သဘောကျ
ဘာပြောပြောအမှတ်ရတယ်
မှန်မှန်မှားမှား
လူ့ပါးစပ်ဖျားရေပန်းစားတယ်….

အပြောမတတ်တော့
လူ့အမျက်ရယ်ရှ
ပြောသမျှအရာမဝင်
အဆင်မသင့်ရင်
လူ့ချဉ်ပတ်ဖြစ်..

အပြောထန်တော့
သဘောမမှန်ဘူးလို့စွပ်စွဲ
ဆက်ဆံရေးကျဲတယ်လို့ဆိုသူဆို
ဒီလိုပါဘဲ..လောက
သြောချဖို့ကောင်းလေစွ…

လုပ်ပေးတာ
မလုပ်ပေးတာအသာထား
သဘောထားမလှလည်း
အပြောစကားများသူကစားတယ်…

သဘောသေးသော်လည်း
အပြောလေးကြွယ်နေရင်ဖြင့်
လူလယ်မှာပွဲတင့်လို့
မာန်ဝင့်ဟန်ထည်….

ကွယ်..
ဘယ်လိုဘဲဖြစ်ဖြစ်
သဘောစစ်မှ
မနောပျိုမြစ်သစ်လွင်ပြီး
သဘောကြီးမှလည်း
မနောလေဟုန်စီးနိုင်မှာလေ…

တကယ်တမ်း
ရေရှည်ခရီးမှာက
အပြောကြီးနေဖို့မလို
သဘောချိုဖို့အတွက်
အဇ္ဈတစိုပြည်ဖို့ဘဲလိုတယ်…။

10 comments:

ပျူနိုင်ငံ said...

လူတွေအကြောင်းစပ်ထားတဲ့ အကို့ကဗျာကို
အားပေးလျက်ပါ ကိုဆောင်းရေ။

အောင်သာငယ် said...

ညီရေ့ ဘ၀တူတွေပါပဲ
အကိုလည်း အဲလို အလုပ်တွေ လုပ်ခဲ့ဖူးတာပေါ့
လူတွေကတော့ အချောင်သမားတွေပဲ များပါတယ်
ကိုယ့်စေတနာက ကိုယ့်အကျိုးပေးမှာပါကွာ
စိတ်ဓါတ်မကျပါနဲ့

ဒါနဲ့ စကားမစပ် ကိုယ့်ညီ အီးမေးလ် လိုချင်ပါတယ် အကို့ မေးလ် augustine1703@gmail.com ထဲ ဖြစ်နိုင်ရင် ထည့်ထားပေးပါ...

ကိုရင်နော်ခင်လေးငယ် said...

အစ်ကိုရေ..
ကဗျာလေး လာဖတ်ပါတယ်..

သဘောချိုဖို့အတွက်
အဇ္ဈတစိုပြည်ဖို့ဘဲလိုတယ်…

လူသားအားလုံး အဇ္ဈတစိုပြည်နိုင်ကြပါစေ..

အစ်ကို့ အကြောင်းလေး သိခွင့်ရလို့ ကျေးဇူးပါ..

လေးစားဂုဏ်ယူမိပါတယ်..

ခင်မင်စွာဖြင့်

ဟန်လင်းထွန်း said...

ကျနော်လည်း အဲ့ဒီလို အလုပ်မျိုးလုပ်မလားလို့ စဉ်းစားနေတာအကိုရ ။ ကဗျာကတော့ အမှန်တရားကို ရေးထားတာပဲ

မောင်မျိုး said...

အစ်ကိုေ၇့ ဒီပို့စ်လေးဖတ်ပြီး လေးစားမိတယ် တစ်ခါခါ လူတွေကဒီလိုပါပဲ စေတနာက ဝေဒနာဖြစ်သွားကော ။ ညီလည်းကြားဖူးတယ် ဒုက္ခသည်စခန်းက လူတွေက ပေါ့ပေါ့နေကြတော့ အလုပ်ကိုမလုပ်ချင်တာတွေ တစ်ချို့ဆို မိန်းမ ရပြီး ခလေးတွေရတာတောင် အပြင်မှာမလုပ်စားတက်လို့ အဲ့မှာပဲဆက်နေတဲ့သူကရှိသေး ။

ရေရှည်ခရီးမှာက
အပြောကြီးနေဖို့မလို
သဘောချိုဖို့အတွက်
အဇ္ဈတစိုပြည်ဖို့ဘဲလိုတယ်

အဆုံးသတ်လေး သေချာဖတ်သွားပါတယ် ။

တောရိုင်းနှင်းဆီ said...

အကိုရေ .... ကြည့်ရတာ စိတ်ထဲမှာအလိုမကျဖြစ်နေသလိုဘဲ ....
ကိုယ်ချင်းစာပါတယ်ဗျာ လူအများနဲ့ထိတွေ့ ဆက်ဆံရတာဆိုတော့ အဆင်မပြေတာတွေလဲ ဖြစ်တတ်ပါတယ် ........
ကဗျာဆရာဆိုတော့ အဆင်မပြေမှုတွေ ကဗျာအဖြစ်ဖန်တီးသွားတာကို
ဖတ်ရှူခံစားသွားပါတယ်

မေ့သမီး said...

အစ်ကိုရေ
လူတွေဟာ တကယ်ပဲ အပေါ်ယံကြည့်ကြတာများ ပါတယ်။ သူများနိုင်ငံရောက်လာတဲ့အခါ အဲဒီလိုလူတွေ ပိုများလာတာကိုတွေ့ရတယ်။ ပါးစပ်ကလေးချိုနေရင် လူတွေက အဲလိုလူမျိုးကိုကောင်းလှပြီထင်တယ်။ ညီမတော့ ကိုယ်တတ်နိုင်သလောက်ကူညီနိုင်တာ ကူညီပေးလိုက်တယ်။ မကူညီနိုင်ရင် ငြင်းလိုက်တယ်။ ကျန်တာကိုခေါင်းထဲမထည့် တော့ဘူး။ စိတ်ကုန်လွန်းလို့။ အစ်ကိုလည်း ဒီလိုလူတွေကြောင့် စိတ်ညစ်မခံနဲ့။ အစ်ကိုအလုပ်အကိုင်အဆင် ပြေပြီး လူကောင်းတွေနဲ့တွေ့ရပါစေလို့ ဆုတောင်းပေးပါတယ်။

လူလ said...

မင်္ဂလာပါ ကိုဆောင်း

အတွေ့အကြုံကို လာဖတ်သွားတယ်။
ပေးသူနှင့် ယူသူဟာ အံဝင်ဂွင်မကျ ဖြစ်တဲ့အခါ လူ့အသိုင်းအ၀ိုင်းက သဟဇတ မကျတကျ ပေါ့၊

စကားမစပ် အားလုံး နေကောင်းတယ် ဟုတ်၊

ရွှင်လန်းချမ်းမြေ့ပါစေ...

Kay said...

နောက်ဆုံး ပို့စ် ၂ခုလုံးဖတ်ပြီး.. အင်းးးးးးးးးးအရှည်ကြီး နောက်တခါ ထပ်ဆွဲသွားတယ်။း)

တကယ်တော့ တချို့ လူတွေရဲ့ လာရာ နဲ့ လားရာ ကိုပြန်ကြည့်ရင်..ဒီလိုပဲ အများစုဖြစ်နေတာ မဆန်းပါဘူး။ ဒီမှာလည်း မြင်ဘူးတယ်။ ထထပ်တည်းပဲ။

အိုင်လွယ်ပန် said...

လောကရဲ့အမှန်တရားတွေပဲ
ကောင်းတယ်အစ်ကိုရာ....