Sunday, January 25, 2009

”လျှော့ကြိုးကုန်လို့ ရင်မခုန်ရတော့တဲ့ကျနော့်မြို့”

သတိတရတိုက်လာတဲ့လေကို
အတိအကျရှိုက်သွင်း
မြက်ခင်းနူနူလေးတွေပေါ်ဖြတ်နင်းပြီး
၂၃နှစ်ပိုင်းတစ်ပိုင်းတိမ်းစောင်းနေတဲ့ကမ္ဘာကြီးတစ်နေရာဆီ
စိတ်တွေကိုချီတက် လက်ရှိမြို့နဲ့ဝေးရာကိုထွက်ခဲ့တယ်….

တကယ်တော့…
ဒီမြို့ဟာ
သာသာယာယာမရှိလှပါဘူး
လူတွေက တစ်ယောက်နဲ့တစ်ယောက်ကုတ်ဖဲ့
ကိုယ့်အတ္တကိုယ်သဲ့ယူနေကြရင်း
မြို့ကိုကျူးကျော်သက်ဆင်းလာတဲ့ လေတောင်
အနံ့တပြင်းပြင်းနဲ့ အရောင်မျိုးစုံလှ
အဖြူကလွဲရင် ဒီမြို့မှာအားလုံးလူရာဝင်ကြတယ်…..

ဆောင်းခိုငှက်တွေအတွက်
သစ်ပင်တွေပေါ်မှာ သစ်ရွက်တွေမရှိကြသလို
မြို့ကိုတွဲလွဲခို နေတဲ့လူတွေကလည်း
ကိုယ့်အတ္တနဲ့ကိုယ် မြို့ပေါ်မှာလဲပြိုနေကြ
စာအုပ်စာပေအပေါ်မှာ
ကဗျာနရီတေးသွားညီညီတွေပေါ်မှာ
ပန်းချီပန်းပု အနူသုခမတွေပေါ်မှာ
လူနဲ့လူတွေရဲ့အပေါ်မှာ
တန်ဖိုးထားမှုဆိုတာမရှိ အရာရာနတ္ထိ
အသိဥာဏ်သုညနဲ့ ရွှေအကြောင်းငွေအကြောင်းပြော
ဇရက်မင်းစည်းစိမ်တွေအကြောင်းပြော
ကာမသျှတ္တရကျမ်းအကြောင်းပြော
လောဘဇောတက် မောဟဖက်ရင်း
အကြွေးရှင်က အတိုးများများနဲ့လူကိုလူချင်းသတ်
သာပေါင်းညာစားတွေအတွက်တော့ ရမ္မက်ဖြေစရာမြို့
လူနည်းစုအတွက်တော့ ရတက်ပွေစရာ မြို့ဆိုလည်းဟုတ်တယ်….

ဒီမြို့ဟာငါ့အတွက်တော့
လူသာရပ်နေရပြီး
စိတ်တွေကိုခရီးရွက်လွှင့်ထားရတဲ့ မြို့ပြိုပျက်ဟောင်း
ဇာတ်ကြောင်းပြော စမြုံ့ပြန်စရာဘာမှမရှိ
ချစ်စရာသူငယ်ချင်းမိတ်ဆွေ စုစုပေါင်း
လက်ဆယ်ချောင်းမပြည့်တတ်ပြည့်တတ်စာရှိတာကလွဲရင်ပေါ့….

အဲဒီတော့
ဒီမြို့မှာ ငါခရီးမထွက်
ဘလော့သူငယ်ချင်းအိမ်တွေမှာဘဲ ငါ့ညတွေနက်တယ်…

တကယ်တော့..ငါက
မြို့ကိုဖုံးဖုံးဖိဖိနဲ့ အရှက်ရှိစေချင်ခဲ့သူပါ မြို့ရယ်
တကယ်တော့..ငါက
အဆုပ်လိုက်ပွင့်တဲ့ပန်းတွေကိုစိတ်နဲ့စိုက်
မြို့ကိုအိပ်မငိုက်စေခဲ့ချင်သူပါ မြို့ရယ်
တကယ်တော့..ငါက
တစ်ပွင့်စီလန်းတဲ့ပန်းတွေကိုအိပ်မက်နဲ့စိုက်
မြို့ကိုနမ်းရှိုက်စေခဲ့ချင်သူပါ မြို့ရယ်….

ဒါပေမယ့်…
နောက်ဆုံးမှာတော့…..ငါ
ဆောင်းမနက် ညတွေမှာ
သတိတရတိုက်လာတဲ့လေကိုသာ
အတိအကျရှိုက်သွင်း
မြက်ခင်းနူနူလေးတွေပေါ်ဖြတ်နင်းပြီး
၂၃နှစ်ပိုင်းတစ်ပိုင်းတိမ်းစောင်းနေတဲ့ကမ္ဘာကြီးတစ်နေရာဆီ
စိတ်တွေကိုချီတက် သင်နဲ့ဝေးရာကိုထွက်ခဲ့ပါတယ်..မြို့ရယ်..။

16 comments:

အောင်သာငယ် said...

ကိုယ့်ညီ ကဗျာတွေထဲမှာ ဒီကဗျာကို အကြိုက်ဆုံး ဖြစ်နေပြီ... ကောင်းလိုက်တာလို့ပဲ ပြောပါရစေ...

Nyein Chan Aung said...

ခုရက်ပိုင်းမှာ ရေးအား အရမ်းကောင်းနေပါလား။ ဒီကဗျာလည်း ကြိုက်တယ်ဗျာ။

ကိုရင်နော်ခင်လေးငယ် said...

ကိုဆောင်းယွန်းရေ....

ဘယ်လိုပြောရမလဲမသိ...!!

ရေးတဲ့လူက ကောင်းလွန်းနေတော့
ကွန်မန့်ပေးဖို့ မတတ်တော့ဖူး...

အရမ်းကို နှစ်သက်မိတယ်လို့ဘဲ
ပြောခဲ့ပါရစေ...

လေးစားလျှက်....

မမသီရိ said...

ကောင်းလိုက်တဲ့ ကဗျာလေး..

ခုတလော ဖတ်ရ တဲ့ ကဗျာတွေ ထဲ...ဒီကဗျာလေး အကြိုက်ဆုံးပဲ...

ဒီထက် စိတ်ပျက် စရာတွေ နဲ့ ပြည့်နှက်နေတဲ့..မြို့လေးတွေ..ဒီကမ္ဘာပေါ် အများ ကြီး ရှိနေသေး တာတော့ မမေ့ နဲ့..လေ..နော်...
..
ပြီးတော့.. တချို့ ဆို..စိတ်ပျက်ခြင်းတွေကိုပဲ..ဖက်တွယ်နေရပြီး..ရွေးချယ် စရာလမ်းမရှိ..ထွက်ပေါက်တွေ လဲ မရှိ...
.....
ဘာပြောပြော ..အဲဒီ မြို့လေးမှာ နေရပေမဲ့
ထွက်လည်စရာ..ဘလော့ဂါ ရွာလေး ရှိနေတော့
တော်သေးတာ ပေါ့ နော်..

မောင်မျိုး said...

အစ်ကိုရေ့ အပေါ်ကသူတွေပြောသလိုပဲ ခုရက်ပိုင်းကဗျာတွေက စာေ၇းသူရဲ့စိတ်ကိုမြင်လိုက်ရသလိုပဲ စိတ်ညစ်စရာတွေများရှိနေလားမသိ ကဗျာကဖတ်လို့ကောင်းတယ် ဒါမဲ့ အဲ့တာ အစ်ကို့စိတ်ကိုဖွင့်ထားတာဆိုရင်တော့ စိတ်မကောင်း ညီလည်းဖြစ်ပါတယ် ခဏခဏ ။


ဒီမြို့မှာ ငါခရီးမထွက်
ဘလော့သူငယ်ချင်းအိမ်တွေမှာဘဲ ငါ့ညတွေနက်တယ်

အဲ့တာ အကောင်းဆုံးပဲ အဲ့ဒီအိမ်တွေမှာ အဖြူရောင် သံယောဇဉ်တွေရှိတယ် အပေါ်ယံမဟုတ်တဲ့ ညီနောင်စိတ်ဓာတွေရှိတယ် ဖေးမမဲ့လက်တွေရှိတယ် ညိတော့ ပျော်တယ် ။ အစ်ကိုလည်းပျော်ပါစေ ။

pandora said...

အဲဒီတော့
ဒီမြို့မှာ ငါခရီးမထွက်
ဘလော့သူငယ်ချင်းအိမ်တွေမှာဘဲ ငါ့ညတွေနက်တယ်…

လာခဲ့ပါ ကိုဆောင်းရေ.. စာတွေနဲ့ပဲ ချခင်း ဧည့်ခံနေမှာပဲလေ..။
ခုတလော အရေးစိတ်သလောက် ရေးသမျှကလည်း ကြိုက်စရာတွေချည်း ဖြစ်နေပါလား ကိုဆောင်း။

အိန္ဒြာ said...

စိတ်နဲ့ချည်းထွက်ခဲ့တဲ့ ခရီးပေါ့ဟုတ်လား..အစ်ကို
အကိုချန်ရစ်တဲ့ မြို့ဟာ...ကျန်ရစ်ခဲ့တယ်ပေါ့...

ဒါပေမယ့်…
နောက်ဆုံးမှာတော့…..ငါ
ဆောင်းမနက် ညတွေမှာ
သတိတရတိုက်လာတဲ့လေကိုသာ
အတိအကျရှိုက်သွင်း
မြက်ခင်းနူနူလေးတွေပေါ်ဖြတ်နင်းပြီး
၂၃နှစ်ပိုင်းတစ်ပိုင်းတိမ်းစောင်းနေတဲ့ကမ္ဘာကြီးတစ်နေရာဆီ
စိတ်တွေကိုချီတက် သင်နဲ့ဝေးရာကိုထွက်ခဲ့ပါတယ်..မြို့ရယ်..။

မဟုတ်ဘူး...
အစ်ကို့ကျောပေါ်မှာ...
မြို့က ပိုးရက်သားပါလာခဲ့ပါတယ်..။

အိန္ဒြာ

ဦးဂင်ကြီး said...

ညီရေ ဒီကဗျာလေးက ထိမိတယ်ဟေ့ အရေးကောင်းသလို အတွေးကောင်းတာလေးတွေ တွေ့တော့ ဒါမှ ဆောင်းယွန်းလဟေ့လိုသာ ပြောခဲ့ပါရစေ။

စိတ်စမ်းရေ said...

ဒီကဗျာလေးကို ကြိုက်တယ်အကို

အိုင်လွယ်ပန် said...

စိတ်ခရီးရဲ့အတိမ်အနက်နဲ့
ထိရှစေတဲ့ကဗျာကောင်းလေးတစ်ပုဒ်ပါ
အစ်ကိုရေ ......

ဒူကဘာ said...

၎နှစ်တခါ ရက်တွေထပ်နေတာ ပိုက်သာဂိုရပ်(စ်)ကြောင့် မဟုတ်ပဲ ဒင်းက... သက္ကရာဇ် မျဉ်းတွေကို ထွန်ယက်နေလို့ ထပ်ကုန်တာကိုးးးးးးးးးးးးးးးးးးးးးးးး

မေ့သမီး said...

အစ်ကိုရေ အရမ်းကောင်းတာပဲ။ ညီမကို ပေးနော်။ အဲဒီကဗျာကို။ ညီမသိမ်းထားမယ်။

အမရာ said...

အကိုရဲ့ကဗျာတွေကိုဖတ်ပြီး
ကိုယ့်ကဗျာတွေကိုရီချင်တယ်.......
စာရေးတတ်စကလေးစာရေး
နေသလိုပဲလို့ကိုယ့်ကိုထင်မိတယ်
အကိုကဗျာတွေကတကယ့်ကိုကောင်း
နေတော့တာပဲ......အားကျတယ်။

အမရာ said...

အကိုရဲ့ကဗျာတွေကိုဖတ်ပြီး
ကိုယ့်ကဗျာတွေကိုရီချင်တယ်.......
စာရေးတတ်စကလေးစာရေး
နေသလိုပဲလို့ကိုယ့်ကိုထင်မိတယ်
အကိုကဗျာတွေကတကယ့်ကိုကောင်း
နေတော့တာပဲ......အားကျတယ်။

မိုးမောင်(happycloud) said...

ကဗျာဆရာတွေ ဘလောဂ့်စုံအောင်လျှောက်သွားမိလေ.. ကဗျာစမ်းရေးချင်စိတ်လေး.. ပျောက်သွားလေပဲ...
နောင်ကြီးလဲ ကဗျာမှာ ၀ိတ်ပါပဲလားဗျာ...ဟမ်း)။
ဒီကဗျာဖတ်ပြီး ကိုယ်ရေးမယ့်ကြံတဲ့ ကဗျာလေးတွေတောင် သိမ်ငယ်လိုက်တာဗျာ။

ခင်မင်လျက်...

ပျူနိုင်ငံ said...

ဒီကဗျာက အရမ်းဖတ်လို့ ကောင်းတယ် အကိုရေ။
တကယ်ပါ အားပေးလျက်ပါ။