Wednesday, February 11, 2009

မန္တလေး

ဒီနေ့မှာ ဒီကဗျာလေးကို မျှဝေပေးချင်လို့ပါ။ ခံစား ကြည့်လိုက်ပါဦး။ ကဗျာဆရာပိုင်စိုးဝေရဲ့ အစိမ်းရောင်မြစ်သို့တမ်းချင်း ကဗျာရှည်စုစည်းမှုစာအုပ်ထဲက ”မန္တလေး”ဆိုတဲ့ ကဗျာလေး
တစ်ပုဒ်ပေါ့…..။


(၁)
အရှေ့ဘက်မှာ
တောင်တန်းပြာပြာကြီးတွေ ရှိလေရဲ့။
ငြိမ်လည်း ငြိမ်သက်
တိတ်လည်း တိတ်ဆိတ်
ခန့်ညားပြီး ဣနြေ္ဒလည်း ကြီးမားလှတဲ့
အဲဒီတောင်တန်းတွေဆီ ငေးမောရင်း
နာရီစင်ဟာ
သူရှိနေတယ်ဆိုတာကို သူမေ့နေတတ်ရဲ့။

တစ်ခါတလေ
ရပ်တန့်နေတဲ့ နာရီလက်တံတွေကိုကြည့်ပြီး
မင်းရပ်နေပေါ့တဲ့
မန္တလေးဟာ ရပ်နေပေါ့တဲ့
လူတချို့ ထိတ်လန့်တတ်ကြရဲ့။

မန္တလေးရဲ့ သမိုင်းဆိုတာ
မြက်ရိုင်းပင်တွေကြားက
ခြင်္သေ့တစ်ကောင်ရဲ့ ကပ်ပယ်အိတ်တဲ့လား
နန်းမတော်မယ်နူတောင်မှ
အဲဒီဝါကို အသေအချာ ငြင်းဆိုလိမ့်မယ်။

ဧရာဝတီမြစ်ရေဟာ
မန္တလေးကို မရစ်ခွေပါဘူး
နေရစ်ခဲ့
နေရစ်ခဲ့လို့ဆိုပြီး
တိတ်တဆိတ် စီးဆင်းသွားလေရဲ့။
သူစိမ်းတွေကြား
အစွန့်ပစ်ခံ နှလုံးသားတစ်ခုကို
မိုးတွေရဲ့ ညည်းတွားသံကို နာခံရင်း
ကျန်ရစ်ခဲ့ရပေါ့။

မန်ကျည်းပင်အိုတွေက
တဖြည်းဖြည်း စိမ်းစိုညို့မှိုင်း
ခြင်္သေ့တွေရဲ့ ကျောပြင်ဟာ
အပိုင်းပိုင်း ကွာကျ
ရွှေတစ်ချောင်းဟာလည်း
အမှိုက်ပုံတွေထဲ မောမောပန်းပန်းတိုးဝှေ့လို့။
ဘုရားကျောင်းကန်
စေတီပုထိုးတွေနဲ့
ကျုံးမြို့ရိုးကြီးကတော့
ရာသီတွေရဲ့ ကုတ်ခြစ်မှုတွေကို ကြံ့ကြံ့ခံရင်း
မန္တလေးသီချင်းကို ဆိုဆဲပါ။

၂၆ ဘီလမ်း
၈၄ လမ်းနဲ့
မြို့ပြရဲ့ အသည်းနှလုံးရပ်ကွက်တွေ
မော်တော်ကားဂိတ်တွေ
တည်းခိုခန်းမကြီးတွေ
အကြီးစားလုပ်ငန်းစက်ရုံတွေ
ဆိတ်ငြိမ်ရပ်ကွက် ဝင်းခြံကြီးတွေ
နောက်ဆုံး
ဘုန်းတော်ကြီးတွေရဲ့ ဘုရားကျောင်းကန် အုတ်တံတိုင်းပေါ်က
အလှု့ရှင်စာတန်းတွေဆီ
တအိအိ
တရိရိနဲ့
မြောက်ဘက်တောင်ကုန်းတွေဆီက
ဆီးနှင်းဖြူဖြူတွေ ပြိုကျခဲ့ပေါ့။

(၂)
မန္တလေးရဲ့ သမိုင်း
မုန်တိုင်းတွေထန်ခဲ့
ဆယ်စုနှစ် အထပ်ထပ်
မြင့်မြတ်ခဲ့ ဂုဏ်သိက္ခာမဲ့ခဲ့
ပေးဆပ်ခဲ့ ကျွန်ဖြစ်ခဲ့ အသိဥာဏ်မဲ့ခဲ့
စည်းလုံးညီညွတ်ခဲ့ တိုက်ပွဲဝင်ခဲ့
အောင်ပွဲခံခဲ့ ပြိုကွဲခဲ့
”ငါ့နှလုံးသွေး
မရပ်သေးသမျှ
ငါ့မန္တလေးကို ငါပိုင်ဆိုင်ရမယ်“
ရာဇဝင် စာမျက်နှာများပေါ်က
ငါတို့အဘိုးအဘွားတွေရဲ့ စိတ်ဓာတ်
ဖတ်ရတဲ့အခါ
ဝမ်းလည်းဝမ်းသာ
ပီတိလည်းဖြစ်
ကျေးဇူးလည်းတင် ဂုဏ်လည်းယူ
အားလည်း အားတက်ပြီး ငိုလည်းငိုကြွေးမိရဲ့။
ပြင်းထန်တဲ့ စိတ်နှလုံးပေါက်ကွဲမှုနဲ့
ယူကျုံးမရ ဒေါသဖြစ်မိရဲ့
တကယ်တော့
ငါ့မန္တလေးဆိုတာ
သူ့အရှင်သခင်ပိုင်တဲ့ မန္တလေးပါ
အရှင်သခင်ရဲ့ မန္တလေးဟာ
ကျေးကျွန်တစ်ယောက်ရဲ့ မန္တလေးပါပဲ
သူတို့အားလုံးရဲ့ မန္တလေးဆိုတာ
သူတို့ချစ်တဲ့ မြန်မာပြည်ပဲပေါ့။

ဒါတို့ပြည်
ဒါတို့မြေ
တို့ဘိုးဘွားအမွေစစ်မို့
ချစ်မြတ်နိုးခဲ့ပေ…တဲ့။

မန္တလေးဟာ
ရာဇဝင်ထဲက သင်္ချိုင်း
မန္တလေးဟာ
မြန်မာပြည်ရဲ့ အစိတ်အပိုင်း
မန္တလေးဟာ
ရိုးရာအမွေအနှစ်တွေနဲ့
ကြွယ်ဝတဲ့ တို့ခေတ်သမိုင်း။

(၃)
ဟော…
နာရီသံတွေ ကြားရပေါ့
မန္တလေးတဲ့
မန္တလေး မန္တလေး မန္တလေး
မန္တလေး မန္တလေး မန္တလေး မန္တလေး…တဲ့
လူတွေစည်ကား
ခန့်ညားတဲ့တိုက်ကြီးတွေ တစ်ထပ်ပြီးတစ်ထပ်
မြင့်တက်
မော်တော်ကားအသစ်တွေ
တဝီဝီပြေး
စက်ဘီးလှလှလေးတွေနဲ့
မော်တော်ဆိုင်ကယ်လှလှတွေနဲ့
အဆင်းလှလှ အင်္ကျီဒီဇိုင်းတွေနဲ့
မန္တလေး…တဲ့။

အို … မန္တလေး
မန္တလေးရဲ့။

(၄)
အဲဒီလို
မြောက်ဘက်တောင်ကုန်းတွေဆီက
ဆီးနှင်းဖြူဖြူတွေ ပြိုကျခဲ့လို့
ငြိမ်သက်တဲ့ တိတ်ဆိတ်တဲ့
ခန့်ညားတဲ့ ဣနြေ္ဒကြီးမားတဲ့
တောင်တန်းပြာပြာကြီးတွေအနီး
လယ်ကွင်းတွေကြားက
ရွာကလေးတစ်ရွာဆီ ဆုတ်ခွာခဲ့ပေါ့။
”မန္တလေးအတွက်
တို့ အသက်စွန့်တိုက်ခိုက်ခဲ့ကြ
မန္တလေးကို ငါတို့ပိုင်ဆိုင်ခဲ့”
သူ့ဘိုးဘွားတွေ လက်ထက်က
ဇာတိမာန် တက်ကြွဖွယ်ရာ
သီချင်းတစ်ပုဒ်ကို သီဆိုရင်း
ရွာကလေးတစ်ရွာဆီ သူထွက်သွားခဲ့ပေါ့။

သည်အချိန်မှာ
နာရီထိုးသံတွေကတော့
ခါတိုင်းလို ပုံမှန်ပါပဲ။

မန္တလေးဟာ
တစ်စုံတရာ ဘာမှမဖြစ်သလို
မန္တလေးဟာ
တစ်စုံတရာ ဘာမှနာကျင်မှုမရှိသလို
ချိုလွင်တဲ့ အသံတွေကိုပေးရင်း
နာရီဟာ ထိုးဆဲပေါ့။ ။
ပိုင်စိုးဝေ(အစိမ်းရောင်မြစ်သို့တမ်းချင်းမှ)

10 comments:

ကိုအောင်(ပျူနိုင်ငံ) said...

ကဗျာကောင်းလေး ဝေမျှပေးတာ ကျေးဇူး ကိုဆောင်းရေ။

Anonymous said...

မန္တလေးဟာ
တစ်စုံတရာ ဘာမှမဖြစ်သလို
မန္တလေးဟာ
တစ်စုံတရာ ဘာမှနာကျင်မှုမရှိသလို
ချိုလွင်တဲ့ အသံတွေကိုပေးရင်း
နာရီဟာ ထိုးဆဲပေါ့။ ။
............
...........
................
ဟင့်အင်း..
အဲဒါ မမှန်ဘူး...
သူဟန်ဆောင်နေတာ...
သူ့ အပြုံးတွေ က ခု..အသက်မဲ့နေပြီ...
သူ့ရင်ခွင် ထဲ ကသားသမီး အရင်းတွေ..တစ်စ
တစ်စ..သူ့အဝေး ကို..လွင့်ပါးသွား ပြီး...
သူ့ သား သမီး မဟုတ်သူတွေ ကြီးစိုးလာနေတဲ့
သူ့ ရင်ခွင် အတွက်...
သူ တိတ်တိတ် လေး ငို နေခဲ့ တာ ..ကြာ ပေါ့....

မမသီရိ

Kay said...

၉၀ လွန် နှစ်တွေတုန်းက.. မန္တလေး သား စာပေ ကဗျာသမားတွေရဲ့ အဲဒီလို မန္တလေးသမြောတမ်းချင်းတွေ အများကြီး ဖတ်ခဲ့ရတာမှတ်မိနေတယ်..ညီပုလေး ရဲ့ မြွေတို့ဘာတို့..
ခုနောက်တော့..ရိုးသွားပြီလားမသိ။ အထဲကစာပေတွေနဲ့ အဆက်ပြတ်နေတော့လည်း မသိတာဖြစ်မယ်။

mirror said...

ကဗျာလေးကိုလာဖတ်သွားပါတယ် အစ်ကိုရေ့.။

လင်းဒီပ said...

ကျွန်တော်လည်း မန္တလေးကိုချစ်တယ်...

တရိရိယဉ်ကျေးမှု အငွေ့အသက်တွေ အငွေ့ ပျံသွားပေမယ့် ခုထိ ချစ်စရာကောင်းဆဲ...

U.G.C said...

ကဗျာ လာဖတ်ပါတယ်ဗျာ :)
( ပြန်ဖတ်တိုင်း အသစ်ဖြစ်နေတုန်းပါပဲ )

လင်းထက် said...

မန္တလေး ကို အလည်တစ်ခေါက် ရောက်သွားတယ် ကဗျာထဲကနေ..။

mgngal said...

ကဗျာကောင်းတွေ မျှဝေပေးတာ ကျေးဇူးပါ ။ မန္တလေးကတော့ ဖြတ်သွားဖြတ်လာ ပဲဗျ ။
ပြန်ရောက်မှပဲ မမြင်တတ်ခဲ့ တာတွေ မြင်အောင် ကြည့်ဦးမယ် ။ ကဗျာထဲက အလှတွေ ကိုပေါ့။း)

မေ့သမီး said...

သိပ်ကောင်းတဲ့ကဗျာလေးပါ။ အစ်ကိုရေ ဖတ်ခွင့်ရလို့ကျေးဇူးပါ။ အစ်ကို email လိပ်စာပေးထားဦး။ ညီမတို့အားတဲ့အခါ စကားပြောကြတာပေါ့။ မခင်မင်းဇော်နဲ့တောင် ဒီနေ့ပြောဖြစ်တယ်။

လုလင်ငယ်သွေး said...

အစ်ကိုရေ မန္တလေး ကဗျာတွေ့ တော့ ကျွန်တော့် ကဗျာလည်း ဝေမျှချင်တာနဲ့ ရေးပေးလိုက်တယ်။ ကျွန်တော့်ဆီမှာလည်း တင်ထားပါတယ်။ ဆရာပိုင်စိုးဝေလောက်တော့ မကောင်းဘူး။ ခံစားရလိုရငြားပေါ့။

မန္တလေး

အုတ်ကျစ်ကျော်အေးရေ
သမိုင်းမရလို့ ငါ့ကို အတယ်ပဲဆိုချင်ဆို
ငါ့အကြောင်းကို
မဟာမြတ်မုနိဘုရားကြီး ကောင်းကောင်းသိတယ်
၈၄ လမ်းမကြီး ကောင်းကောင်းသိတယ်
၇၃ လမ်းမကြီး ကောင်းကောင်းသိတယ်
ကုန်ကုန်ပြောရရင်
အမည်ပေါက်ဝင်းတွေကအစ င့ါကိုသိတယ်
မျက်ခွံပေါ်က ဆိုင်ကယ်ဖုန်မှုန့်တွေဟာ
ကျူံးရေဆေးချလို့တောင် မပြောင်ဘူး
ဒီလိုလမ်းသလားခဲ့တဲ့ကောင်ပါ
မြွေကြီးနှစ်ကောင်ဆီရောက်တဲ့အခါ
င့ါစိတ်က
မြနန်းစံကျော်မှာ ဘုရင်လုပ်တယ်
ကုသိုလ်တော်မှာ ကျောက်စာရေးတယ်
ဧရာဝတီမှာ စီးဆင်းတယ်
ဈေးချိုမှာ ရောင်းဝယ်ဖောက်ကားတယ်
ဒါပေမယ့်
မောလို့ဆင်းလာတဲ့လမ်းမှာ
ဦးခန္တီကောင်းမှုကို
ငါက မမေ့ဘူး။

လုလင်ငယ်သွေး