Monday, February 9, 2009

”အမြဲသစ်နေတဲ့ အဟောင်းဆုံး…ကဗျာတစ်ပုဒ်”
မနေ့က ငါနဲ့
ဒီကနေ့ ငါ
ငါနဲ့ ငါ့ရဲ့ တိုက်ပွဲ
ကျားနဲ့ဆင် လယ်ပြင်မှာနွှဲလို့ကောင်းဆဲ…

မနေ့တုန်းက ငါက
ငါ့ ယုတ္တိဗေဒထဲက
ငါ့ ဆင်ခြေကို
ငါ့ဖာသာ ပြန်ရှက်နေမိသလို
ဒီနေ့ ငါကလည်း
ငါ့ ဘာသာဗေဒထဲက
ငါ့ သတ်ပုံကို
ငါကိုယ်တိုင် မယုံနိုင်သေးဘူး…

လူဟာ..
မိမိရဲ့ ပေါ့ဆမှုကို
မိမိကိုယ်တိုင် ဖော့တွေးတတ်တဲ့
သတ္တဝါ တစ်ကောင်ပေပဲလား!
အဲဒီလို….
အခေါက်ခေါက် အခါခါ စဉ်းစားနေမိတဲ့.
အကြိမ်ကြိမ် အဖန်ဖန်ပေါင်းများစွာ
ပစက္ခ အခြေအနေမှာ
အနှစ်၄၀ကြာပြီ…

ဒီလိုနဲ့…
နံရံပေါ်က နေ့စွဲတွေ
ဒေါင့်တန်းဆွဲဆွဲပြီး
ပစ်စလက်ခက် ခုန်ဆင်းသွားနေကြ
အဲဒီအထဲမှာ
ဂုဏ်ယူလောက်စရာ
ပြောစမှတ်ပြုစရာ
တစ်ခုတစ်လေလောက် ပါသွားရင်ပဲ
သူရဲကောင်းလိုလို ဘာလိုလို….

တကယ်ဆို
ငါက ပိုက်တန်းလန်းနဲ့
ခွဲစိတ်ခန်းထဲက ထွက်လာခဲ့တဲ့
မေ့ဆေးရှိန်မပြယ် လူမမာတစ်ကောင်ရယ်ပါ…

ငါဘာကောင်လဲ
ငါနဲ့ငါ မသဲကွဲခင်တုန်းကတော့
ငါက မာနအကြီးသား
စားစရာ မရှိတာတောင်မှ
ကြံဖန်ပြီး လျော်စရာရှာခဲ့တဲ့ ကောင်ပေါ့…

ငါ့အထင်နဲ့ ငါတော့
လှတပတ ခေတ်ထဲမှာ
နေခဲ့ရဖူးသလိုပါဘဲ
ဒါကလည်း နေသာတုန်းခဏ
ခေတ်က ငါ့ကို ပြခဲ့တဲ့
မျက်လှည့်ပြကွက် တစ်ကွက်ပါပဲ….

တစ်နေ့ဆိုတဲ့ နေ့တစ်နေ့မှာ
ခေတ်ကို ငါက ရှာဖွေမတွေ့ခင်
ငါ့ကို ခေတ်က ရှာဖွေတွေ့ရှိခဲ့တယ်
ခေတ်က ငါ့ကို သင်ပေးခဲ့တဲ့ ပညာတွေနဲ့
ငါက အလှအပတွေကို
ရူးသွပ်ခဲ့ပေမယ့်
ခူးဆွတ်ခွင့်တော့ မရခဲ့ပါဘူး…

ဒါကြောင့် ငါက
အလှအပတွေကို ချစ်တတ်ခဲ့သလို
အဲဒီ အလှအပတွေကိုပဲ
မုန်းလည်း မုန်းတတ်ခဲ့ပါတယ်…

ဒါပေမယ့်.
သေချာတာ တစ်ခုကတော့
ငါက အရောင်ပြောင်းတတ်တဲ့
ပုတ်သင်ညိုတစ်ကောင် မဟုတ်ခဲ့သလို
မြွေတစ်ကောင်လိုလည်း
အရေခွံ မလဲတတ်ခဲ့ပါဘူး….

ငါ့ကမ်းနဖူးမှာ ကပ်တဲ့
လှေတစ်စင်းကိုတောင်မှ
သီချင်းဆိုပြရုံကလွဲလို့
လှော်ခတ်ဖို့ မကြိုးစားခဲ့မိတာလည်း ငါပဲ…

ငါက…
ကျားတစ်ကောင်မဟုတ်ခဲ့သလို
သိုးတစ်ကောင်လည်း မဟုတ်ခဲ့ပါဘူး
မြေခွေးတစ်ကောင် မဖြစ်ဖို့တော့
ငါ့ကိုယ်ငါ ကျင့်ကြံနေထိုင်ခဲ့ပါတယ်…

မနေ့ကထက် ပိုပြီးရှေးကျတဲ့
ငါ့ရဲ့ တောကြီးမျက်မည်းထဲက
နေ့ရက်တွေကို
ငါ့ရဲ့ အသက်ထက်ပိုပြီး
ခုံမင်နေမိတာဟာ
အတိတ်ကို လွမ်းဆွတ်နေတာပါလို့
ငါ့ကို ဘယ်သူပြောမလဲ
ငါ့ရဲ့..တသီးပုဂ္ဂလ ခံစားမှုကို
ငါ့ထက်ပိုပြီး ဘယ်သူသိနိုင်မှာမို့လဲ…

ငါက
ရိုင်းရိုင်းစိုင်းစိုင်း ယဉ်ကျေးနေရတာထက်
ယဉ်ယဉ်ကျေးကျေးနဲ့ ရိုင်းစိုင်းနေရတာကို
ပိုပြီးတန်ဖိုးထားတတ်ခဲ့သူ တစ်ယောက်ပါ
ယဉ်ယဉ်ကျေးကျေးနဲ့ ယဉ်ကျေးရမယ့်
အချိန်တွေ ရှိလာခဲ့ရင်တော့
အတိုင်းထက် အလွန်ပဲပေါ့…

ငါက
ငါ့အသက်လို ချစ်တဲ့
ငါ့ကိုယ်ငါထက် ပိုပြီးတန်ဖိုးထားတဲ့
တစ်ခုတည်းသော အမိုးအောက်မှာ
ငါ့အတ္တကို ခေါက်သိမ်းပြီး
ပရကို တန်ဖိုးအကြီးဆုံး အချိန်တွေနဲ့လဲယူ
အမြင့်မားဆုံး အလံတစ်ခုကိုလွှင့်ထူဖို့လည်း
ကြိုးစားခဲ့ဖူးပါတယ်….

ဘယ်သူ ဘယ်ဝါကြောင့်
ဘာကြောင့် ညာကြောင့်ဆိုတဲ့
ဆင်ခြေတွေနဲ့
ကိုယ့်ကိုယ်ကို လှည့်စားနေရတာဟာ
သိပ်ပြီး ပင်ပမ်းစရာကောင်းတဲ့
အပေါစား လေ့ကျင့်ခန်း တစ်ခုပါပဲ…

ဒါကြောင့်…ငါ
ငါရေးတဲ့ ကဗျာကို
ငါကိုယ်တိုင် ပြန်ဖတ်ကြည့်ဖို့
ငါကိုယ်တိုင် ပြန်ဖတ်ကြည့်ချင်လို့
ဒီနေ့..ဒီကဗျာကို ရေးတယ်….

ဒါပေမယ့်..ဒီကဗျာက
ငါ့အိပ်မက်ထဲက ကဗျာပဲဖြစ်တယ်
လက်တွေ့ ကဗျာတစ်ပုဒ်ကတော့
အဆုံးမသတ်ရသေးတဲ့ ကဗျာတစ်ပုဒ်ပါ
အဲဒီကဗျာအတွက်တော့
ငါ့လက်တွေ အနေတဲ့အတွက်
ငါ့ရင်ဘတ်ကြီး နာလို့မဆုံးတော့ဘူး
ဟုတ်တယ်…
ငါဖတ်ချင်တဲ့ ကဗျာကို
ငါကိုယ်တိုင် မရေးနိုင်တဲ့အတွက်သာ
ငါ..ရင်နာနေရတာပါ…။


20 comments:

ကိုရင်နော်ခင်လေးငယ် said...

အကိုကြီး...

ညီမတော်က အချဉ်ပေါက်တဲ့ ရူးကြောင်ကြောင်တွေရေးလို့....
အကိုတော်က...

((ဆင်ခြေတွေနဲ့
ကိုယ့်ကိုယ်ကို လှည့်စားနေရတာဟာ
သိပ်ပြီး ပင်ပမ်းစရာကောင်းတဲ့
အပေါစား လေ့ကျင့်ခန်း တစ်ခုပါပဲ…)) ..တဲ့လား..!!

မရေးနိုင်ပေလို့ဘဲနော်..
ရေးများရေးနိုင်ရင်တော့ ဖတ်သူရူးမှာ..

သြော်.. ကောင်းလေစွ.. :D

ခင်မင်တဲ့....

ဒူကဘာ said...

အေး ...ကချင်ကြီးလဲ မှော်မပြီးလို့ ကဗျာ မရေးတတ်ကာ ရင်နာနေတဲ့ ကောင် ...ဒါပေမဲ့ ကဗျာကို ရင်ချင်းထပ်လို့ ကောင်...အဲဒီလိုကောင်

အိုင်လွယ်ပန် said...

အစ်ကိုဖတ်ချင်နေတဲ့ကဗျာတစ်ပုဒ်ကို
လူတိုင်းလိုလိုကလည်း ဖတ်ချင်နေကြပါတယ်အစ်ကို ...

အိပ်မက်ထဲကကဗျာ
ဝေးကွာခြင်းတွေနီးစပ်လို့
အပြီးသတ်ရှင်သန်ပါစေသား.......။။။

ကောင်းသောနေ့ပါကိုဆောင်းယွန်းရေ ......

ကောင်းကင်ပြာ said...

အစ်ကို ကိုယ်တိုင်ဖတ်ချင်တဲ့ ကဗျာလေးကို အတူတူခံစားပီး ဖတ်သွားတယ်နော်၊ရင်ကို ထိမှန်သွားတဲ့ ကဗျာတစ်ပုဒ်ပါရှင်

ကောင်းကင်ကို said...

ငါ့ကမ်းနဖူးမှာ ကပ်တဲ့
လှေတစ်စင်းကိုတောင်မှ
သီချင်းဆိုပြရုံကလွဲလို့
လှော်ခတ်ဖို့ မကြိုးစားခဲ့မိတာလည်း ငါပဲ…

ကဗျာလေးကောင်းလိုက်တာဗျာ။ အပေါ်က အပိုဒ်လေး အကြိုက်ဆုံးပဲ အစ်ကိုရာ။

U.G.C said...

ကဗျာ လာဖတ်သွားပါတယ်ဗျာ :)

ကိုအောင်(ပျူနိုင်ငံ) said...

အကို့ကဗျာထဲမှာ သစ်လွင်မှုတွေ အများကြီးပါ ပါတယ်။
ထိမိတဲ့ ကဗျာတပုဒ်ပါ။ ကောင်းတယ် အကို။

လင်းထက် said...

ငါနဲ့ငါ တိုက်ပွဲ ဆင်နေတာ ဖတ်သွားပါ တယ် ကိုဆောင်းယွန်း တင်စားချက်လေး တွေကတော့ လက်ဖျားခါ တယ်..။

Craton said...

:)
ကောင်းလိုက်တာ.. ကိုယ်တိုင်ရဲ့ကဗျာလေးအပြီးသတ်နိုင်ပါစေ...

လင်းဒီပ said...

ကောင်းတယ်အစ်ကို...
တစ်ပုဒ်လုပ်လုံးကို ငါချင်းထပ်နေပြီး..
ကြေးခွံတက်နေတဲ့ အတ္တတွေအကြောင်း
ရေးချထားတာ..

အနှစ်၄၀ကြာပြီ…

လက်တွေ့ကဗျာကတော့ မပြီးသေး..

ကျွန်တော်ကတော့ အနှစ်သုံးဆယ်ကြာပြီ..
လက်တွေ့ကဗျာကို ရှာနေဆဲပဲ

ကောင်းသောကဗျာတွေ ဆက်ရေးနိုင်ပါစေဗျာ..

ခင်မင်စွာ..
လင်းဒီပ

ညီအကိုများ said...

အစ်ကိုရေ ကဗျာကောင်းတယ်လို့ပဲပြောပရစေဗျာ..

မိုးကြယ်

ညီအကိုများ said...

အစ်ကိုရေ ကဗျာကောင်းတယ်လို့ပဲပြောပရစေဗျာ..

မိုးကြယ်

Nyein Chan Aung said...

ကိုယ့်ကိုကိုယ် ပြန်ရှာဖွေထားတဲ့ ကဗျာရှည် ကောင်းတယ်ဗျာ။ ကိုဆောင် ရေးအားလည်း အရမ်းကောင်းတယ်။ ခံစားရတာတွေ များနေတယ်ထင်ပ။ အားပေးလျှက်ပါ။

Yaw Han Aung said...

ငါနဲ့ ငါ ရန်ဖြစ်ထားတဲ့ကဗျာပဲ
ပြန်လည်ရင်ကြားစေ့နိုင်ပါစေဗျာ... ကဗျာကောင်းတယ်..

မမသီရိ said...

တချို့ ကဗျာတွေ က ကိုယ်ရေးတဲ့ချင် အချိန် ကောက်ရေးဘို့ ..
ဖန်တီးလို့ မရဘူး..ကိုဆောင်းယွန်းရေ...
ကျမ အထင်..ကိုယ့်ကိုကိုယ် ဘာလဲ လို့ သိသူ တစ်ယောက် အတွက်တော့ ...........
......
ငါက
ငါ့အသက်လို ချစ်တဲ့
ငါ့ကိုယ်ငါထက် ပိုပြီးတန်ဖိုးထားတဲ့
တစ်ခုတည်းသော အမိုးအောက်မှာ
ငါ့အတ္တကို ခေါက်သိမ်းပြီး
ပရကို တန်ဖိုးအကြီးဆုံး အချိန်တွေနဲ့လဲယူ
အမြင့်မားဆုံး အလံတစ်ခုကိုလွှင့်ထူဖို့လည်း
ကြိုးစားခဲ့ဖူးပါတယ်….
.............
ဆက်ကြိုးစား ရင်း..
ရေးချင်တဲ့ ကဗျာ ကို ဆက်ရေးနိုင်အောင်..ဆုတောင်းပေးလိုက်ပါတယ်..

ခင်မင်လျက်..

ယောနသံစင်ရော် said...

အကိုဆောင်းယွန်း .. ကဗျာလေးခံစားသွားပါတယ်။

အမရာ said...

အကိုရေ..ကဗျာလေးတော်တော်ကောင်းတယ်...
တပုဒ်လုံးကိုကြိုက်တယ်.....အကိုရေးတဲ့ကဗျာတိုင်းကို
အချိန်မှီမဖတ်နိုင်လို့...အမရာတော့ကိုယ့်ကိုကိုယ်ရင်နာတယ်.....

အိန္ဒြာ said...

အစ်ကို...

ကိုယ်ဖတ်ချင်တဲ့ ကဗျာအတွက်..
ကိုယ့်အနုပညာတွေက ဘယ်တော့မှ "အ" နေမှမဟုတ်ပါဘူးအစ်ကို...
ရင်ထဲမှာ ကျီပေါင်းတက်လောက်အောင်
ထုထနေတဲ့ ဝေဒနာအဆိုင်အခဲတွေက..
အစ်ကို့ ကို..မှော်ဝင်နေတဲ့ ကဗျာမျိုးတွေ ဖန်တီးစေလိမ့်မှာ...

အိမ်မက်ထဲက ကဗျာလဲကောင်းတာပါပဲ..
ဒါကြောင့်…ငါ
ငါရေးတဲ့ ကဗျာကို
ငါကိုယ်တိုင် ပြန်ဖတ်ကြည့်ဖို့
ငါကိုယ်တိုင် ပြန်ဖတ်ကြည့်ချင်လို့
ဒီနေ့..ဒီကဗျာကို ရေးတယ်….

ဖတ်ကြည့်လိုက် အစ်ကို...
ကဗျာထဲမှာ..အစ်ကို အသံဟာ...
ပဲ့တင် ရိုက် တုန် ခါ နေ ပါ တယ်..။

Moe Myint Tane said...

အင်းးးးးးးးးးး ကဗျာက မပြီးသေးပေလို့....
ပြီးများပြီးသွားရင် ဖတ်ရင်းနဲ့ပစ်လဲသွားနိုင်တယ်...

ကောင်းတယ်ဆိုတာထက် ပိုပြီးလေးနက်တဲ့စကားလုံးရှိရင် အဲဒီ့စကားလုံးသုံးပြီးပြောချင်ပါသေးတယ်။ လောလောဆယ် စကားလုံးရှာမရလို့ ကောင်းတယ်လို့ဘဲ ပြောလိုက်တယ် အကို။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

mgngal said...

လက်ရာ ပြောင်မြောက်တဲ့ ကဗျာကောင်း တစ်ပုဒ်ပါ။

ဘယ်သူ ဘယ်ဝါကြောင့်
ဘာကြောင့် ညာကြောင့်ဆိုတဲ့
ဆင်ခြေတွေနဲ့
ကိုယ့်ကိုယ်ကို လှည့်စားနေရတာဟာ
သိပ်ပြီး ပင်ပမ်းစရာကောင်းတဲ့
အပေါစား လေ့ကျင့်ခန်း တစ်ခုပါပဲ…

း) အကြိုက်ဆုံးပဲ ။ ကိုဆောင်းကြောင့် ဒီကဗျာ မွေးလာတာ ။