Thursday, February 19, 2009

”မောင်းနှင်မှုလောင်စာဖြင့်..အားဖြည့်ယူခဲ့ရပုံ”
ရင်ထက်မက မှန်းခဲ့တာပါ
ခေါင်းထက်မကလည်း မြင့်ခဲ့တယ်
ဦးထိပ်မှာ သစ္စာတရားကို ပန်ဆင်
ဒူးလောက်တောင် မတင်ခဲ့တဲ့
မျှော်လင့်ချက်မဲ့ ဘဝ
တစ်ကပြန်စလို့တော့ မရနိုင်တာ အမှန်ပဲ
အကွဲအပြဲနဲ့ ဟောဒီလူရဲ့ ရင်ဘတ်
ကြက်ခြေခတ်တွေပဲ ရဲဗလောင်းခတ်
နေ့ ညတွေက လူကို တမြေ့မြေ့သတ်တယ်….

တကယ်ဆိုရင်
လိုချင်ခဲ့တာက မိဖုရား
ညားခဲ့တာ ဘုရင်မတစ်ပါးပေါ့
စကားနည်း ရန်စဲစေချင်ခဲ့လို့တော့
ကိုယ့်ကိုယ်ကို မင်နီရဲရဲတွေတို့
အပြစ်ကို ကိုယ့်တောင်ပေါ် ကိုယ်ဖို့ရင်း
ကိုယ့်ကိုယ်ကို ကြီးပြင်းစေခဲ့တဲ့ နွေပေါင်းများစွာမှာ
ကိုယ့်ကယ်တင်ရှင်ဟာ
ကိုယ်မှတပါး တခြားသူမရှိ
ကိုယ့်ကိုယ်ကိုထက်ကော ဘယ်သူပိုသိဦးမှာလဲ…..

ကံကောင်းခြင်းဆိုတဲ့ ဧည့်သည်က
ကိုယ့်အိမ်မှာပဲ အဝင်အထွက်နဲလေသလား
အဲဒီ ဧည့်သည်က
သူတပါးအိမ်တွေမှာ ချောင်းပေါက်
စူးအက်တူးမြောင်းလောက်
ကြီးကျယ် ခမ်းနားနေရင်လည်း
ကိုယ်က မုဒိတာနဲ့ ကျေနပ်နေရဲခဲ့သူပါ
သူ့ကို တခါတလေမှာ
ကိုယ့်ဆီ အလည်လာစေချင်ခဲ့တာတော့ အမှန်ပါပဲ….

ဘယ်လိုပဲဖြစ်ဖြစ်
ကိုယ် စိတ်မညစ်တတ်တော့ပါဘူး
ဘဝမလှလို့ စိတ်ကို အကျဉ်းချ
ပုလင်းဝက မထွက်ကြသူတွေထက်စာရင်
ကိုယ်က လောကဓံသင်ပုန်းကြီး ကျေညက်
မျှော်လင့်ချက်မြှားကိုတော့ ပစ်တတ်ပါသေးတယ်….

ခက်ခဲနက်နဲတဲ့ ရှုပ်ထွေးပွေလီမှုများ
ဘယ်အကြောင်းနဲ့မှ ခေါင်းမစားလေတော့ဘူး
မွန်းကြပ်စေချင်သလောက် မွန်းကြပ်စေဖို့တွက်
ရင်ဘတ်တစ်စုံနဲ့ ကိုယ့်အသက်ကိုယ်ငုံထားလေရဲ့…

ကြမ်းတမ်းရင့်ရော်မှု လေမုန်တိုင်းတွေ
ကိုယ့်ရင်ခွင်တံတိုင်းဆီကို တန်းတန်းမတ်မတ်
မိုးကြိုးလို ပစ်ခတ်သွားကြပါစေ
ကိုယ် မမှုလေတော့ပါဘူး
ရူးသွပ်ဖူးတဲ့ လတစ်စင်းအတွက်
အိပ်မက်တွေကိုတော့ အခါခါမက်နေဦးမယ်
အဲဒီ မက်ခွင့်ရှိနေသေးတဲ့ အိပ်မက်တွေအတွက်
ကိုယ့်မနက်ဖြန်တွေကို ခရီးဆက်မယ်….

ပစက္ခ အခြေအနေမှာ
ကိုယ်ဟာ ဘဝသုံးစင်းရဲ့ ခေါင်းတွဲ
ကံနဲနဲများများ ရှေ့ကိုခုတ်မောင်း
ကိုယ့်ပွဲမှာ ကိုယ့်အကြောင်းပဲ ကိုယ်တောင်းပြီး
ကိုယ့်ခရီးကိုယ်ဆက် ကိုယ့်နှာခေါင်းနဲ့ အသက်ဆက်တယ်…။

20 comments:

Nyein Chan Aung said...

နိမိတ်ပုံတွေအပြည့်နဲ့ လှပတဲ့ ကိုဆောင်းယွန်းလရဲ့ နောက်ထပ်ကဗျာတစ်ပုဒ်ပါဗျာ။

ကဗျာဖတ်ပြီး ကျနော် သဘောပေါက်ပါတယ်။

ပစက္ခ အခြေအနေမှာ
ကိုယ်ဟာ ဘဝသုံးစင်းရဲ့ ခေါင်းတွဲ
ကံနဲနဲများများ ရှေ့ကိုခုတ်မောင်း
ကိုယ့်ပွဲမှာ ကိုယ့်အကြောင်းပဲ ကိုယ်တောင်းပြီး
ကိုယ့်ခရီးကိုယ်ဆက် ကိုယ့်နှာခေါင်းနဲ့ အသက်ဆက်တယ်…။

မမသီရိ said...

ရေးလိုက်ရင်..ရဲရဲ ရင့်ရင့် ပဲ နော်..
တို့တွေ နဲ့ တော့ ကွာပါ့...း)...
တကယ်ကောင်းတဲ့ ကဗျာလေးပါ..
........
ရထား က နောက်တွဲ ၂ခု ထဲ ဆို နဲနဲ တိုသေးတယ်...း).
၃ တွဲ.. ၄ တွဲ လောက် ရနိုင် ကြိုး စားနော်...း)

စိတ်စမ်းရေ said...

နိမိတ်ပုံတွေအပြည့်နဲ့ ကဗျာကို ရင်ဘတ်ထဲထည့်သွားတယ် အကို ။ အစစအရာရာအဆင် ပြေပါစေဗျာ။

မောင်မျိုး said...

ကိုယ့်ပွဲမှာ ကိုယ့်အကြောင်းပဲ ကိုယ်တောင်းပြီး
ကိုယ့်ခရီးကိုယ်ဆက် ကိုယ့်နှာခေါင်းနဲ့ အသက်ဆက်တယ်…။

ကောင်းလိုက်တဲ့ အဆုံးသတ်.. အစ်ကို့ကဗျာတွေပိုပို လက်စောင်းထက်လာတယ် ဒါနဲ့ဒုတိယအပိုဒ်ဖတ်မိတော့ အစ်မနဲ့စိတ်ကောက်နေကြတာလားလို့ထင်မိလိုက်သေး
ဟုတ်ပါဘူးနော့် ကျနော်က အဲ့လိုပဲမဟုတ်တာတွေးတတ်လွန်းလို့း)

ကိုရင်နော်ခင်လေးငယ် said...

အနှစ်တွေ အနှစ်တွေ...
နောက်ဆုံးပိုဒ်လေးကြိုက်တယ်..း)

ကိုအောင်(ပျူနိုင်ငံ) said...

အပေါ်မှာ ကိုငြိမ်းချမ်းပြောသွားသလိုဘဲ အရမ်းကောင်းတဲ့
အကို့ ခံစားချက်တွေကို ဖတ်ခွင့်ရနေတာကိုက ကျေးဇူး
ကမ္ဘာပါ၊ ကိုဆောင်းရေ။

ကောင်းကင်ပြာ said...

ရင်ဘတ်နဲ့အပြည့်ခံစားသွားတယ်အစ်ကိုရေ

လင်းဒီပ said...

ဘဝသုံးစင်းရဲ့ခေါင်းတွဲခင်ဗျာ..
ကံကောင်းခြင်းဧည့်သည့်ကို လာလည်ဖို့ ပြောလိုက်ပါမယ်...:P

Mhu Darye said...

ကိုယ့်ကယ်တင်ရှင်ဟာ
ကိုယ်မှတပါး တခြားသူမရှိ
ကိုယ့်ကိုယ်ကိုထက်ကော ဘယ်သူပိုသိဦးမှာလဲ…..

ဟုတ်ကဲ့ လာဖတ်သွားတယ် အစ်ကို..။

အိုင်လွယ်ပန် said...

အောက်ဆုံးအပိုဒ်လေး
အကြိုက်ဆုံးပဲ ကိုဆောင်းယွန်းရေ

အိန္ဒြာ said...

အစ်ကိုရေ....

မိန်းမနဲ့ ရန်မဖြစ်ဘူးလား...ဟဲဟဲ...

ကဗျာလေးက ဆိုလိုရင်းကို ဒက်ကနဲ ဒက်ကနဲနေအောင်ပြောပြနေသလို
ထိထိမိမိနဲ့ အနုပညာမြောက်ပါပေတယ်..အစ်ကိုရေ..

မေ့သမီး said...

အစ်ကိုရေ မျှော်လင့်ချက်မျှားတွေပစ်ခဲ့ရတာလည်း ဘယ်နှစ်စင်းမှန်းကိုမသိတော့ပါဘူး။ ကိုယ့်ကယ်တင်ရှင်ဟာ ကိုယ်မှတပါး အခြားသူမရှိဆိုတာ သိပ်မှန်တာပဲ။ ညီမတို့တမျိုးသားလုံးအတွက်လည်း မှန်ကန်နေမယ့် တရားပါ။ အစ်ကိုပျော်ရွှင်ပါစေ။

pandora said...

ဘဝသုံးစင်းရဲ့ ခေါင်းတွဲ..
ခရီးသွားရာ ညကောင်းကင်မှာ လတစ်စင်း လိုက်သာ နေပါစေ

mgngal said...

ကဗျာအရေးအတွေးတွေ ကြိုက်တယ်ဗျာ ။
ကိုယ့်ပွဲမှာ ကိုယ့်အကြောင်းပဲ ကိုယ်တောင်းပြီး
ကိုယ့်ခရီးကိုယ်ဆက် ကိုယ့်နှာခေါင်းနဲ့ အသက်ဆက်တယ်…။

ကောင်းကင်ကို said...

အစ်ကိုရော ဘဝသုံးစင်းပါ အောင်မြင်မှုတွေ ရပါစေဗျာ။

Smilemay said...

ကံကောင်းခြင်းဆိုတဲ့ ဧည့်သည်က
ကိုယ့်အိမ်မှာပဲ အဝင်အထွက်နဲလေသလား
အဲဒီ ဧည့်သည်က
သူတပါးအိမ်တွေမှာ ချောင်းပေါက်
စူးအက်တူးမြောင်းလောက်
ကြီးကျယ် ခမ်းနားနေရင်လည်း
ကိုယ်က မုဒိတာနဲ့ ကျေနပ်နေရဲခဲ့သူပါ
သူ့ကို တခါတလေမှာ
ကိုယ့်ဆီ အလည်လာစေချင်ခဲ့တာတော့ အမှန်ပါပဲ….

ညီအကိုများ said...

ဘယ်လိုပဲဖြစ်ဖြစ်
ကိုယ် စိတ်မညစ်တတ်တော့ပါဘူး
ဘဝမလှလို့ စိတ်ကို အကျဉ်းချ
ပုလင်းဝက မထွက်ကြသူတွေထက်စာရင်
ကိုယ်က လောကဓံသင်ပုန်းကြီး ကျေညက်
မျှော်လင့်ချက်မြှားကိုတော့ ပစ်တတ်ပါသေးတယ်….

ကောင်းတယ်ဗျာ.. ထိသွားတယ်...

ခင်မင်လေးစားလျက်
မိုးကြယ်

ယောနသံစင်ရော် said...

နောက်ဆုံးအပိုဒ်လေးကို အကြိုက်ဆုံးပဲ အကိုဆောင်းယွန်း...။

အမရာ said...

အဲဒီလိုပြတ်သားနေသင့်တယ်အကိုရေ......

Moe Myint Tane said...

အိပ်မက်ဆိုတာ ရှိနေသမျှ ကျွန်တော်တို့မက်ခွင့်ရှိသေးတယ်အကို။ အကိုအပါအ၀င် ဘ၀သုံးစင်းလုံး ချမ်းမြေ့သာယာပါစေ အကို။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်