Monday, February 23, 2009

”ရင်အုံကွဲအက်လို့ ပွင့်အံထွက်လာတဲ့ကဗျာ”

ကျနော့်ရဲ့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး

(မကဒတ)မှ ရဲဘော်များအား ဂုဏ်ပြုသောအားဖြင့် ဒီကဗျာလေးကို ရေးဖွဲ့လိုက်ခြင်းဖြစ်ပါတယ်။
နားလည်စွာ သိမြင်ခံစားနိုင်ကြပါစေ။

တချို့….တချို့ဆိုသူတွေ
အပြစ်ဖွဲ့ စကားတွေကို
အလျှိုလျှို ခေါင်းချင်းတိုက်
တေးကဗျာ ချိုချိုလို
ရွေးကာ ဆိုခဲ့လိုက်ကြတာ
နေရောင်တွေတောင် မှောင်ပြာချုပ်
ပြက္ခဒိန်တွေလည်း
တစ်အုပ်ပြီး တစ်အုပ်အို….

လက်ပြတ်သွားတာပဲ အဖတ်တင်
ခြေပြတ်သွားတာပဲ အဖတ်တင်
မျက်စိလပ်သွားတာပဲ အဖတ်တင်
နှလုံးလေဟပ်သွားတာပဲ အဖတ်တင်
အသက်ထွက်သွားတာပဲ အဖတ်တင်
ရှင်သန်နေသူတို့ရဲ့ ဇာတ်လမ်း
တမလွန်မြန်းသွားသူတွေသာ မြင်နိုင်ရင်
စိတ်ကင်ဆာဝင်မှာ အသေအချာပေါ့…

မရေမရာလို့ ဆိုရင်း
တချို့က လေညာမှာ ဆင်းနေ
အတင်းအဖျင်းတွေကိုသာ ချဉ်ခြင်းတက်
ကိုယ့်ရမ္မက် ကိုယ်လတ်ဆတ်အောင်ပျိုး…..

တချို့ကတော့
နေ့အပျက် ညအကျိုးတွေအောက်
ဘယ်ကိုမှ မရောက်တဲ့ လှေကိုထိုး….

တချို့ကလည်း ကိုယ့်ခေါင်ကိုယ်မိုးရင်း
လူသတ်ကွင်းထဲက မျက်နှာတွေကိုမငဲ့
မိုင်းကွင်းထဲက မျက်နှာတွေကိုမထောက်
တစ်မိုးအောက် တစ်လံထူ
ကိုယ့်လမ်း ကိုယ်ယူနေကြလို့
ဗုဒ္ဒတောင် ကျစရာမျက်ရည်ခမ်း….

ကြမ်းခန်း ပြည့်လျှံ
ဗုံးသေနတ်သံ ညံနေတဲ့
မြို့ပြနဲ့ တောတွင်း
ဇာတ်လမ်း အခင်းအကျင်းမှာ
တချို့ကတော့
ဇာတ်ဆရာအလိုကျ
ငိုပြ ရယ်ပြ
တချို့ကတော့
ခြံစည်းရိုး ခွထိုင်ရင်း
လှေနံနှစ်ဖက် နင်းတယ်….

လူသူမသိတဲ့
စမ်းချောင်းလေးတွေမှာတော့
မျက်ရည်တိမ်ကော
အသက်ရှုသံတွေ ကြမ်းလျှမောလို့
နွမ်းလျအတိတ်တို့ကို သိမ်းထုတ်ရင်း
လေပြည်ညင်းတစ်ခုဆီကို ချီတက်
မလျှော့တဲ့ဇွဲနဲ့ တစ်ရက်ပြီးတစ်ရက်….။

19 comments:

ကောင်းကင်ကို said...

အစ်ကိုရေ ပွင့်အံထွက်လာတဲ့ ကဗျာလေး အရမ်းကောင်းတယ်ဗျာ။

မမသီရိ said...

မြို့ပြနဲ့ တောတွင်း
ဇာတ်လမ်း အခင်းအကျင်းမှာ
တချို့ကတော့
ဇာတ်ဆရာအလိုကျ
ငိုပြ ရယ်ပြ
တချို့ကတော့
ခြံစည်းရိုး ခွထိုင်ရင်း
လှေနံနှစ်ဖက် နင်းတယ်….
..............
ကြိုက်လိုက်တာ..ဒီအရေးအဖွဲ့ လေး..
....
မျက်ရည်တွေ တိမ်ကောနေပြီ ဆိုတဲ့
စမ်ချောင်းလေးရေ...........
ပျော်ရွှင်ခြင်း ရေကြည်တွေ နဲ့ ပြည့်လျှံလာမဲ့ နေ့လေးတွေ ကို..
အားမလျှော့ ပဲ ဆက် စောင့် ပါ....
...
ဟိုး.........တောင်ပြာပြာတွေ ဆီမှာ..
မိုးတွေ ညို့ နေသလိုပဲ.........။

လူလ said...

မင်္ဂလာပါ ကိုဆောင်း
လာရောက်ခံစားသွားသည်။
*****

ရွှေမိုးညိုယုံလေးပါ
ထက်ချုန်းအသံများနှင့်
ရွာမလိုလိုပေါ့

ဟုတ်တယ်ဟုတ် မမသီရီ . .း)

ရွှင်လန်းချမ်းမြေ့ပါစေ...

ကိုရင်နော်ခင်လေးငယ် said...

အကိုဆောင်းယွန်းရေ...

(((နွမ်းလျအတိတ်တို့ကို သိမ်းထုတ်ရင်း
လေပြည်ညင်းတစ်ခုဆီကို ချီတက်
မလျှော့တဲ့ဇွဲနဲ့ တစ်ရက်ပြီးတစ်ရက်….။)))

ဆက်လက်ချီတက်နိုင်စေဖို့......

(မကဒတ) ရဲဘော်များ အားလုံးအား
အကို့ ကဗျာလေးကို ဖတ်ရင်း ဦးညွှတ်ခဲ့မိပါတယ်...

ညီမ....
ဒေါ်အန်တီမမခင်လေးငယ်(စ်)

မောင်မျိုး said...

ဒါဆို ရဲဘော်တွေရဲ့ ဘ၀တွေက သနားစရာပါလား အောက်ဆုံးအပိုင်းလေးဖတ်ပြီး ခံစားမိတာကိုပြောတာပါ .။ အစ်ကိုကော လှော်တဲ့ လှေ ဘယ်အထိရောက်ပြီးလဲဗျ မြစ်ပြင်ရဲ့ အဆုံးပဲမှာတော့ ကုန်းဆိုတာ ရှိမှာပါလေ ဆက်လှော်ဗျို့ ။

Nyein Chan Aung said...

ကဗျာ ကြိုက်တယ်ဗျာ။ အားပေးလျှက်ပါ ကိုဆောင်းရေ။

Kay said...

ကဗျာ ကောင်းတယ် ကိုဆောင်းယွန်းလရေ-
ဟုတ်တယ်.. ဒါတွေသာမြင်ရင်..ကြားရင်.. သိဒ္ဓတ္တမင်းသား ဘယ်လို တောထွက်မလဲ လို့ စဉ်းစားမိတယ်။

အိုင်လွယ်ပန် said...

ရုပ်ရှင် တစ်ကားကြည့် လိုက်ရသလိုပါပဲဗျာ ...

ကဗျာကောင်းတယ် အစ်ကိုရေ ......

MyowinZaw said...

ကြမ်းခန်း ပြည့်လျှံ
ဗုံးသေနတ်သံ ညံနေတဲ့
မြို့ပြနဲ့ တောတွင်း
ဇာတ်လမ်း အခင်းအကျင်းမှာ
တချို့ကတော့
ဇာတ်ဆရာအလိုကျ
ငိုပြ ရယ်ပြ
တချို့ကတော့
ခြံစည်းရိုး ခွထိုင်ရင်း
လှေနံနှစ်ဖက် နင်းတယ်….

ကောင်းတယ်ဗျာ

ကောင်းကင်ပြာ said...

နားလည်မှု အပြည့်နဲ့ဖတ်သွားတယ်အကို၊ကောင်းလိုက်တဲ့ ကဗျာလေး

ဦးဂင်ကြီး said...

ညီရေ ရင်ဘတ်ထဲကို ညီရေးတဲ့ကဗျာလေးထည့်သွားပါတယ် များများရေးနိုင်ပါစေ

လင်းဒီပ said...

နားလည်စွာ ခံစားသွားပါတယ်အစ်ကို..

အိန္ဒြာ said...

လူသူမသိတဲ့
စမ်းချောင်းလေးတွေမှာတော့

ရေတွေခမ်း....
ကမ်းပါးတွေပြို
ရေစီးလမ်းပျောက်
တစ်ခါတစ်ခါ ပြောင်းပြန်ပဲစီးရတော့မလိုလို

စမ်းချောင်းလေးတွေ..မှာ..
သောကနဲ့ကျက်ကျက်ဆူနေခဲ့တာပေါ့ အစ်ကို..ရေ...

အစ်ကို ပေးလိုက်တာတွေ
တစ်ပွေ့တစ်ပိုက်နဲ့ပြန်သွားတယ်

ကိုအောင်(ပျူနိုင်ငံ) said...

အကို့ ကဗျာက တကယ့်ကိုပဲ အရမ်းကောင်းပါတယ်
ကိုဆောင်း၊ အားပေးလျက်ပါ။

အမရာ said...

အကိုရေအကိုပြောချင်တဲ့
အကြောင်းအရာတွေကိုသေသေချာချာ
ဖတ်သွားတယ်.......
အဓိပ္ပါယ်အပြည့်နဲ့ကဗျညပါပဲအကိုရေ......

စိတ်စမ်းရေ said...

စကားလုံးလေးတွေကောင်းတယ်အကိုရေ.......။
မြင်နိုင်ရင်စိတ်ကင်ဆာဝင်မှာ အသေအချာပေါ့...။
ခြံစည်းရိုးခွထိုင်ရင်း လှေနံနှစ်ဖက်နင်းတယ်...။
အဲဒီအသုံးအနှုန်းလေးတွေကို သဘောကျတယ်။
ကဗျာကတော့ပြောစရာမလိုအောင်ကောင်းပြီးသားပါ..။

လင်းထက် said...

မလျှော့တဲ့ဇွဲနဲ့ တစ်ရက်ပြီးတစ်ရက် ဆက်လှော် ကြရမှာပဲ ကိုဆောင်းယွန်းရေ

mgngal said...

ဂုဏ်ပြုကဗျာလေး ဖတ်သွားပါတယ် ။

ယောနသံစင်ရော် said...

အကိုရေ.. ကဗျာဖတ်သွားတယ်.. ရင်းလိုက်ရတဲ့ ဘဝတွေကိုစာနာမိတယ်။