ဂုဏ်သရေရှိသည်ဆိုသော..လူကြီးမင်းအတွက်
ခင်ဗျားကိုယ်ခင်ဗျား
”ဂုဏ်သရေရှိသည်” လို့
ဆိုင်းဘုတ်ကပ်ထားတဲ့ လူကြီးမင်း
ခင်ဗျားရဲ့ ပုလင်းဖောက်သံတွေအောက်
ရိုးသားသူတွေ ဗိုက်မှောက် အစာအိမ်တွေခြောက်နေရ
ခင်ဗျားလက်ထဲက ဖဲကြိုးဖြတ်နေတဲ့ ကပ်ကြေးအောက်
ရိုးသားသူတွေ အမောဖောက်ပြီး အသက်ပျောက်နေရ
ခင်ဗျားရဲ့ ကြီးကျယ်ခမ်းနားမှု အရှိန်အဝါတွေအောက်
မိခင်တချို့ သားပျောက်ခဲ့ရပြီး
ဖခင်တချို့ မတရားပုဒ်မတွေနဲ့နစ်မွန်း
”မိသားစု” ဆိုတဲ့လမင်း ကောင်းကင်ကယွန်းခဲ့ရ…..
ခင်ဗျားကျတော့…
တရားကျဖို့ကောင်း
အဟောင်းတွေကျေ အသစ်ဝေစေဖို့တွက်
ယတြာနဲ့ ဗေဒင်တွေတွက်
ကောင်းပေ့ဆိုတဲ့ ဆေးရုံတွေတက်ပြီး ဘဝခရီးကိုဆက်…
လက်က ကားယားကားယား
ပါးစပ်က ဘုရားဘုရား အကြိမ်ကြိမ်အခါခါတ
တဘဝစံဘဝနဲ့ ပျော်မွေ့
ခင်ဗျားမှာ..
အတိတ်မေ့ရောဂါ စွဲကပ်နေတာကြာတော့
အကျိုးဆော့ အကန်းမော့်ဆိုသလိုမျိုး
သေနတ်မောင်းကွင်းထဲ လက်ညှိုးခဏခဏထိုးတိုင်း
ခံရသူတွေရင်ထဲမှာ မုန်တိုင်းတွေ ဆိုင်ကလုန်းလိုဖြစ်…
ကျုပ်တို့ရဲ့…
ဟောဒီ ရင်ဘတ်ကြီးတွေထဲက ဒဏ်ရာတွေနဲ့မြစ်
ဘယ်တော့မှ တိမ်ကောလို့မဖြစ်နိုင်ဘူးဆိုတာ အသေအချာပဲ…
ဒီမယ်
ဂုဏ်သရေရှိသည်ဆိုသော လူကြီးမင်း
ခင်ဗျားက
လူတွေကို ကြိုးနဲ့ အထပ်ထပ်တုပ်
ပြီးတော့
အမျိုးမျိုး မန်းမှုတ်
ကျုပ်တို့ ခေတ်အဆက်ဆက်ရဲ့ သမိုင်းစာအုပ်မှာ
ခင်ဗျားအတွက် နေရာမရှိစေရ…
ဒီမယ်
ဂုဏ်သရေရှိသည်ဆိုသော လူကြီးမင်း
ခင်ဗျားက
ကောင်းကင်ကြီးကို အုပ်မိုးပြီး အပိုင်စီး
မြေကြီးကို ဓါးပြတိုက်
ပြီးတော့
ရိုးသားသူတွေ စိတ်နဲ့စိုက်ပျိုးထားတဲ့
သစ်ပင်တွေကို ရိုက်ချိုးပြီး ဓါးနဲ့မိုးဖို့ကြိုးစား
အကောင်းဆုံး ကံတရားတွေကို ဝါးမြိုသိမ်းပိုက်
”အချောင်”လို့တံဆိပ်ကပ်ထားတဲ့ လက်တွေနဲ့
သဘာဝတရားကို နှိုက်
ကျုပ်တို့ခေတ် အဆက်ဆက်ရဲ့ ပိဋကတ်တိုက်မှာ
ခင်ဗျားနာမည်နဲ့ စာအုပ်မရှိစေရ…။
လမ်းကလေးရေ
2 days ago
15 comments:
အကိုရေ...
ပေါက်ကွဲနေတဲ့ နေတဲ့ ကဗျာလေး လာဖတ်ပြီး...
အဲ့ဒီ..လူကြီးမမင်း တမင်းကြီး ကို
ဘယ်လို ပုဒ်မ တပ်ရမယ်ဆိုတာ ရှာမတွေ့ဖြစ်နေတယ်း((
ကိုဆောင်းယွန်းရေ..
စာအုပ်မထားပေမဲ့ .. အဆိုးတကာ့ထိပ်ခေါင်
စာရင်းတော့ မှတ်ကြမယ်လေ..း)
ဟို.. ဟောလီးဝုဒ်မှာ အော်စကာ ဆန့်ကျင်ဖက်
ပေးသလိုမျိုးလေး...
.....
အမှန်တော့
အားလုံးသူ တွေ ဟာ
ကိုယ့်သမိုင်း ကိုယ်ရေးနေသူ တွေ ပါပဲ နော..
အစ်ကို ရွှံ့ပျော့ပျော့ထဲကို လောက်စလုံးပစ်ပစ်ထည့်နေသလို ဆိုတဲ့ တင်စားချက်မျိုးလို
တစ်လုံးချင်း တိတိကျကျ...
သေသပ်နေခဲ့တယ်..။
တချို့တွေရဲ့ တစ်ဘဝတွေကတော့ နည်းနည်းကြာတယ် အစ်ကို..
ကဗျာလေးကောင်းတယ် အစ်ကိုရာ။
သမိုင်းစာအုပ်ထဲမှာတော့ ဖက်ဆစ်လို ဆိုးတဲ့နေရာမျိုးက သူတို့ ကို ထည့်ရမယ်။
ကျုပ်တို့ခေတ် အဆက်ဆက်ရဲ့ ပိဋကတ်တိုက်မှာ
ခင်ဗျားနာမည်နဲ့ စာအုပ်မရှိစေရ
ကဗျာကို နှစ်ခြိုက်စွာ ခံစားသွားပါတယ်ဗျာ။
ကဗျာကို နှစ်ခြိုက်စွာ ခံစားဖတ်ရူသွားပါတယ် ကိုဆောင်း။
အစ်ကို ကမ္ဘာ့လူလိမ်ကြီးများစာအုပ်မှာထည့်မယ်။ ဟာ မဟုတ်ဘူး။ ကမ္ဘာ့လူယုတ်မာကြီးများစာအုပ်မှာ ထည့်မယ်။
အဆင်ပြေရဲ့လားအစ်ကိုရေ။ ပေါက်ကွဲသံစဉ်တွေရေးနေတော့။
ဒီမယ်
ဂုဏ်သရေရှိသည်ဆိုသော လူကြီးမင်း
ကဗျာဖတ်သွားပါတယ် ။ :P
ဒီကဇျာကို အရမ်းသဘောကျတယ်. မှန်တာတွေကို ရင်ထဲထိ မှန်အောင် ရေးပေးတာ ကျေးဇူးပါနော.
လာဖတ်သွားတယ်...။
ပေါက်ကွဲမှုက
လွင့်စဉ်ထွက်လာတဲ့ စကားလုံးတွေက
အားကောင်းမောင်းသန်
သေသပ်တိကျ ............
ကောင်းသောနေ့ ကိုဆောင်ယွန်းရေ :)
အပိုလိုမရှိ
အရှိကို အရှိအတိုင်း ရေးပြထားတဲ့ ဒီကဗျာကောင်းလေးအတွက် ပိုလေးစားမိတယ် စာမျက်နှာပေါ်တင်ဖို့တောင်မတန်ဘူးလေဗျာ. နော့် အစ်ကို ။
နာကျည်းသံနဲ့ အစ်ကို့ကဗျာကို...အားမာန်အပြည့်နဲ့ လာဖတ်သွားတယ် အစ်ကိုရေ့...
ဒီထက်ပိုပြီး ဘာမှမပြောတတ်ပါဘူး။
လေးစားခင်မင်စွာ
ညီမ
mirror
လက်ညှိုး ခဏခဏ ကွေးတတ်တဲ့ လူကြီးမင်းများ သင့်တို့ မော်ကွန်း ဤမြေလွှာဝသုန်မှာ မြူတမှုန်မျှ တည်တံ့ခြင်း မရှိစေရ.... မရှိစေရပါ။
Post a Comment