Saturday, March 14, 2009

ရီဝေဝေမြို့ပေါ်က ကောင်မလေးဖတ်ဖို့ (၂)

ကောင်မလေးရေ
မင်းက…..
အမနာပ တံလျှပ်တွေကို ရေထင်
မစ္ဆရိယ ပင်လယ်ရဲ့ အောက်ဆုံးကြမ်းပြင်မှာ
တကိုယ်စာ အသက်ရှုပေါက်လေးကို ဖောက်ထုတ်
ကိုယ်ပိုင်မျက်လုံးတွေကို မုသာဝါဒတွေသုတ်ပြီး
မတည်မြဲတဲ့ ”စည်းစိမ်”ကို စိတ်ပေါ်မှာ တံဆိပ်ကပ်
ရက်စက်တတ်သူရယ်လို့ အမည်တပ်ထားသူမို့
”ဘို့” တလုံးတွက်လည်း ရုန်းထွက်ရက်ခဲ့တယ်နော်…

ကောင်မလေးရေ
မင်းက…
ကိုယ်ရောင်ကိုယ်ဝါတွေ အတွက်
တပါးသူတွေရဲ့ ”ရတက်”ကို
နိုက်ကလပ်တွေပေါ်မှာ ညစာအဖြစ်စားသုံး
ကိုယ့်ကိုယ်ကိုတော့ ကိုယ်လွတ်ရုန်းပြီး
အသုံးအနှုန်းခပ်လှလှ Method တွေနဲ့ ပရိုဂရမ်တွေတွက်ချ
မျက်ရည်တုတွေလည်း ကျပြတတ်ခဲ့တယ်နော်…

ကောင်မလေးရေ
မင်းက….
အကယ်ဒမီရလောက်တဲ့ အိုက်တင်မျိုးတွေလည်းတတ်
”မက်လုံး”လှလှတွေတွေ့ရင်
မျက်ရည်ပင်လယ်လောက်ကျပြပြီး ငါ့အသက်ကို ခြေထိုးခံ
နောက်ကျောကို ဓါးနဲ့ထိုးဖို့ရန်လည်း လက်မရွံ့
သိက္ခာကို အသပြာအတွက်လည်း စွန့်ဝံ့ခဲ့တယ်နော်….

ကောင်မလေးရေ
မင်းက..
မင်းရဲ့ အိပ်မက်လှလှတွေ အဓွန့်ရှည်ဖို့အတွက်
ငါ့ရဲ့ ပြက္ခဒိန်တွေကို တရွက်ချင်းဆွဲစုတ်
ပြီးတော့မှ…
မင်းရဲ့ မာယာတွေကို တရွက်ချင်းဆွဲထုတ်ပြီး နံရံပေါ်မှာကပ်
အဆိပ်တက်နေတဲ့ မင်းရဲ့လက်တွေနဲ့
ငါ့ရဲ့ မျှော်လင့်ခြင်းအသက်ကို တရက်ပြီး တရက်ဖြို
တလပြီး တလ သစ္စာဖောက်ပြီး ဝါးမြို
ငါ့အနာဂတ် အားလုံးကိုလည်း
တနှစ်ပြီး တနှစ် မီးသဂြိုလ်ရက်ခဲ့တယ်နော်….

ကောင်မလေးရေ
အခုတော့…ငါ
မင်းရဲ့ ရီဝေဝေမြို့ပေါ်မှာ.
ဒဏ်ရာတွေရ
ကိုလေးဖြူရဲ့ ”စာမျက်နှာတစ်ဆယ့်ငါး” သီချင်းစာသားတွေနဲ့
ရင့်ကျက်
ကိုယ်ငှက်ရဲ့ ”အမေ့အိမ်” သီချင်းစာသားတွေနဲ့
ရင့်ကျက်
မျှော်လင့်ခြင်း တဘက်ကမ်းမှာ
အသည်းတွေ လောင်ကျွမ်းဆို့နင့်
ရင့်ကျက်အောင် ကျင့်တတ်ခဲ့ပါပြီကွယ်…………..။

14 comments:

ကိုရင်နော်ခင်လေးငယ် said...

ဒို့အစ်ကိုရေ..
ကဗျာလေးကို နှစ်သက်စွာဖတ်သွားပါတယ်..

မျှော်လင့်ခြင်း တဘက်ကမ်းမှာ
အသည်းတွေ လောင်ကျွမ်းဆို့နင့်
ရင့်ကျက်အောင် ကျင့်တတ်ခဲ့ပါပြီကွယ်…………..။

ခင်မင်လေးစားချစ်ခြင်းအားဖြင့်

လင်းဒီပ said...

အဲဒီကောင်မလေးကို ကြားထဲက ဝင်မုန်းလိုက်တယ်ဗျာ..:P

Anonymous said...

ကောင်မလေးလို့..
အကိုက..ချစ်စနိုးခေါ်လိုက်တယ်ပေါ့.....

စာသားတွေ..အားပြည့်အင်ပြည့်...
လိုချင်တာ..ရောက်အောင်..
ခြေသံခပ်ပြင်းပြင်းနဲ့ချီတက်သွားတဲ့
စကားလုံးတွေပါ.....

မောင်မောင်ဇော်လတ်ရဲ့..စာမျက်နှာ၁၅ကို အကိုက..ညည်းတယ်ဆိုရင်..
ဟဲဟဲ....
ရဲစားဟောင်းကိုလဲ..လွမ်း..ထင်ရဲ့
(မခဲ့ပြီ...အချွန်နဲ့..)

ကောင်းကင်ပြာ said...

တခါတလေ တင်းကြပ်မှူများစွာ
တခါတလေ နုတ်ဆိတ်မှူများစွာ
တခါတလေ မွန်းကြပ်မှူများစွာ
ငါဟာ နာကျင်ခြင်းများစွာနဲ့ အဖြေတခုကိုရှာ
ဝင်မိတဲ့ ဒီအခန်းထဲ ပျော်အောင် အိပ်လိုက်...
Rဇာနည် သီချင်းလေးနဲ့ အကို့ကဗျာကို ခံစားပီး ဖတ်သွားတယ်နော်

Nyein Chan Aung said...

ကောင်မလေးရေ
အခုတော့…ငါ
မင်းရဲ့ ရီဝေဝေမြို့ပေါ်မှာ.
ဒဏ်ရာတွေရ
ကိုလေးဖြူရဲ့ ”စာမျက်နှာတစ်ဆယ့်ငါး” သီချင်းစာသားတွေနဲ့
ရင့်ကျက်
ကိုယ်ငှက်ရဲ့ ”အမေ့အိမ်” သီချင်းစာသားတွေနဲ့
ရင့်ကျက်
မျှော်လင့်ခြင်း တဘက်ကမ်းမှာ
အသည်းတွေ လောင်ကျွမ်းဆို့နင့်
ရင့်ကျက်အောင် ကျင့်တတ်ခဲ့ပါပြီကွယ်…

ခုတော့ ရင့်ကျက်သွားပြီပေါ့။ မရင့်ကျက်ခင်က ဒဏ်ရာဒဏ်ချက်တွေကို ပြန်လွမ်း တမ်းတ မင်းအတွက် ကဗျာလှလှလေး ၂ ပုဒ်ရေးလိုက်တယ်ပေါ့။ ဟုတ်လား ကိုဆောင်း။ အမှန်အတိုင်းဝန်ခံရရင် ကျနော်က အချစ်ကဗျာတွေကို ပိုကြိုက်တယ်ဗျ။

ကိုအောင် said...

ကိုဆောင်းရေ ကဗျာလေးကို နှစ်သက်စွာ ဖတ်ရူသွားပါ
တယ်၊ အားပေးလျက်ပါ။

MANORHARY said...

ရီဝေဝေမြို့ပေါ်ကကောင်မလေးဖတ်ဖို့တဲ့
မရပါဘူး ဝင်ဖတ်ခဲ့လိုက်တယ်
တစ်ခုခုတော့ တစ်ခုခုပဲနော်
း)

Moe Cho Thinn said...

အတော်ဆိုးတဲ့ ကောင်မလေးပဲ..:)

အိုင်လွယ်ပန် said...

ကောင်မလေးရေ ...

ကဗျာကောင်းတစ်ပုဒ် စီးဝင် ပူး ကပ် ပြီကော

ကွယ်..............

mgngal said...

ဘယ်ကောင်မလေးပါလိမ့် ။ စဉ်းစားစရာပဲ ။ :P
ကဗျာအရေးလေး ကြိုက်ဗျာ ။

ယောနသံစင်ရော် said...

အကိုဆောင်းယွန်းရေ.. ကဗျာရဲ့စာသားတွေကောင်းတော့ ကောင်မလေး အပေါ်တောင်မှ...အမျက်သင့်မိတယ်။

( အကိုဆောင်းယွန်း CBOX မှာရေးလိုက်ရင် အကိုမမြင်မှာစိုးလို့ .. ဒီမှာရေးလိုက်တယ်.. ဘလော့နားမဲ့အတွက် ကွန်မန့်ရေးပြီး အားပေးတာကျေးဇူးတင်ပါတယ်..

အကို့ရဲ့ “မောင်းနှင်မှုလောင်စာဖြင့်“ ကဗျာထဲက စာသားလိုပေါ့.. “ကိုယ်ဟာ ဘဝသုံးစင်းရဲ့ ခေါင်းတွဲ၊ ကံနည်းနည်းများများ ရှေ့ကိုခုတ်မောင်း “

ကျနော့်အတွက်ကတော့ ခေါင်းတွဲမဟုတ်ပေမဲ့ ဒီရထားတစီးလုံး ခုတ်မောင်းရာမှာ အဆင်ပြေချောမွေ့စေအောင် ကိုယ့်တာဝန်ကို ကိုယ်ထမ်းရတဲ့သဘောမို့.. ဝါသနာကို နည်းနည်းလျော့ပြီး ဘဝအတွက်အချိန်ပိုပေးလိုက်တာပါ... အကိုတို့စာတွေကိုတော့ မပြတ်အားပေးနေဦးမှာပါ

ခင်မင်လျှက် )

စိုးသင့်ဆွေ

မမသီရိ said...

အပေါ်က comment ရေးသူတွေ ကိုဆောင်ယွန်း ကို
အထင်တွေ စွတ်ကြီး ကုန်ပြီ...း )..
မဟေသီရော ..ရောယောင် နှာကောက်နေပြီလား..း)
ကဗျာဆရာက ..သူနေတဲ့ မြို့လေး.. သူအမြဲ မကျေမနပ်ဖြစ်နေတဲ့ မြို့လေး ကို ပြောချင်တာ ..
ဟုတ်တယ် ဟုတ်....း)

ကိုဆောင်ယွန်းရေ ..ပျော်စရာကြီး ..း).. အထင်ကြီးခံရ လဲ နဲဘူးနော်..း)

Moe Myint Tane said...

ရင့်ကျက်တတ်ချင်တယ်။ ဒါပေမယ့် မရင့်ကျက်ခဲ့ဘူး။
မုန်းတတ်ချင်တယ်။ ဒါပေမယ့် နှလုံးသားကျမ်းစာက အချစ်တွေဘဲ ပြဌာန်းပေးခဲ့တယ်။ အရာရာဟာ ကံစီမံရာအတိုင်းပါဆိုရင် အဲဒီ့ကံကို ပြန်စီမံနိုင်မယ့် နေ့တစ်နေ့ကို ကျွန်တော်တို့ ချီတက်ကြပါစို့။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

လေပြေ said...

Beginner ဘ၀မှာမို့ တွေ့သမျှကိုလေ့လာခဲ့ရသူပါ ဒီဘလော့လေးကို ရောက်လာတော့လဲ စိတ်ထဲမှာ ကြည်နူးပိတိတွေ ဖြစ်မိပါရဲ့........ပျော်ရွင်စရာတွေကို ဆောင်ယူပေးခဲ့လို့ ထာဝရမမေ့နိုင်ပါနော်.......