Sunday, April 19, 2009

”ဖန်သားပြင်ပေါ်မှာ ရုံမတင်နိုင်တဲ့ဘဝတွေ”

အသက်တချောင်းကို
တန်ဘိုးထားရကောင်းမှန်း မသိတဲ့
သေနတ်ပစ်ကားတွေထဲမှာ
ခြေပြတ် မျက်စိလပ် အသက်သေ
အဲဒီ ရုပ်ရှင်ကားတွေကို
နှလုံးမခိုင့်တခိုင်မွေးလို့ ကြည့်ကြရင်း
ပစ်ကွင်းထဲ ကိုယ်တိုင်ဝင်မိ
ကျည်ကပ်ထဲမှာ ကျည်ဆန်တထောင့်မှမကျန်တဲ့ထိဆွဲပစ်
ဒုက္ခအတုကို ဒုက္ခအစစ်လိုမွေးဖွား
ကိုယ့်ကိုကိုယ်တောင် မသနားအားတဲ့သူတွေ…

လယ်ထွန် နွားကျောင်း
တောင်ယာလုပ်ပြီး
ချောင်းလျှောက် ငါးရှာ
အသပြာကို ခြစ်ကုပ်
နေညိုရင်ကြည့်ရတဲ့ ဘိုင်စကုပ်ထဲမှာ
အနူပညာပင်လယ်ထဲ စီးမျောရင်း
မင်းသား မင်းသမီးတွေရဲ့ကိုယ်စား
ကိုယ့်အညစ်တွေကို မေ့ထားရင်း
ရိုက်ကွင်းထဲက ဘဝတွေကိုသနားနေမိတဲ့သူတွေ….

ဒီလိုနဲ့..
နေ့ခင်းမှာပွေခဲ့သမျှ အမှုတွေကို
ညမှာ ဗွီဒီယိုရုပ်ရှင်တွေနဲ့ကုစားသလောက်
မျက်ရည်ပေါက်ပေါက်ကျပြီး
ကိုယ့်ဘဝမီးတောက်တွေအတွက်
ရေတစက်တောင် မဖြန်းပက်နို်င်သူတွေရဲ့ကိုယ်စား
ဘယ်သူသနားမလဲ!

9 comments:

ကိုရင်နော်ခင်လေးငယ် said...

ဒို့အစ်ကိုရေ..
နောက်ဆုံး အပိုဒ်လေး ကြိုက်တယ်..

ဟုတ်တယ်..
ဒါတွေဟာ..
“ဖန်သားပြင်ပေါ်မှာ ရုံမတင်နိုင်တဲ့ဘဝတွေ”

Nyein Chan Aung said...

ဖန်သားပြင်ပေါ်မှာ ရုံမတင်နိုင်တဲ့ ဘ၀တွေ.. ဖန်သားပြင်ပေါ်မှာ ရုံမတင်နိုင်တဲ့ ဘ၀တွေ..

မောင်မျိုး said...

ညီက ပျော်စရာ ဇတ်ကားပဲ ရွေးကြည့်တော့တယ် အစ်ကိုရေ့ ပိုက်ဆံပေးပြီး ကိုယ့်အပူ ကိုယ်ရှာရတာ မောလို့း)

အိန္ဒြာ said...

အကို..ခေါင်းစဉ်ချည်းတောင်တော်တော်မိုက်နေတယ်..

ဘ၀တွေ..
ဖန်သားပြင်ပေါ်မှာရုံမတင်နိုင်သလို..
ကိုယ့်သက်ပြင်းတောင် ကိုယ်ခိုးရှိုက်နေရတဲ့ ဘ၀တွေ...

အသက်အောင့်ပြီးဖတ်သွားပါတယ်..အကို

လင်းဒီပ said...

ဖန်သားပြင်မှာ ရုံမတင်ဖြစ်ပေမယ့် လောကဇာတ်ခုံမှာတော့ သူတို့ကဇာတ်လိုက်ကျော်တွေပါ အစ်ကို..။
လောလောဆယ်တော့ ဇော်ဝင်းထွဋ်သီချင်းတစ်ပုဒ်လို လူသားတွေ မျက်ရည်ဝဲနေရတုန်းပါ။

Anonymous said...

သူတို့တင်ဇာတ်လိုက်ကျော်လားနော့
ကိုယ်တွေလည်းဇာတ်လိုက်ကျော်တွေပဲ
မျက်ရည်တွေစီးကျလာလိုက်
ဇာတ်ညွှန်းတွေကိုဇဝေဇဝါဖတ်လိုက်
ကိုယ်နဲ့မကိုက်တဲ့ဇာတ်ရုပ်တွေကိုသရုပ်ဆောင်လိုက်
အနာတရာအော်စကာဆုတွေပွေ့ပိုက်နာကျင်လိုက်
ပြည်ဖုံးကားချမယ့်နေ့က အကောင်းဆုံးလို့
တွေးနေမိတဲ့ထိ.............
မနော်

mgngal said...

ကဗျာဖတ်သွားတယ်ဗျ ကိုဆောင်း ။ :)

မသက်ဇင် said...

လယ်ထွန် နွားကျောင်း
တောင်ယာလုပ်ပြီး
ချောင်းလျှောက် ငါးရှာ
အသပြာကို ခြစ်ကုပ်
နေညိုရင်ကြည့်ရတဲ့ ဘိုင်စကုပ်ထဲမှာ
အနူပညာပင်လယ်ထဲ စီးမျောရင်း
မင်းသား မင်းသမီးတွေရဲ့ကိုယ်စား
ကိုယ့်အညစ်တွေကို မေ့ထားရင်း
ရိုက်ကွင်းထဲက ဘဝတွေကိုသနားနေမိတဲ့သူတွေ….


”ဖန်သားပြင်ပေါ်မှာ ရုံမတင်နိုင်တဲ့ဘဝတွေ”
တကယ့် လူထု ဘဝ သရုပ်ဖေါ် ကဗျာတွေနဲ့
ကဗျာ ဆရာပါပဲလေ
အနုပညာ လက်နက်
ထက်လှပါတယ်

စိတ်စမ်းရေ said...

အစ်ကိုရေ...ကဗျာလေးကောင်းတယ်..။
ကျွန်တော်တို့ အကြောင်း စောင်းရေးထားသလားမှတ်ရ....