Saturday, April 18, 2009

”ပြက္ခဒိန်တွေကို ဆွဲစုတ်ပစ်ချင်နေတဲ့စိတ်”
ဟော့ဒီမှာ….
မျှော်လင့်ချက်တွေ အခါခါပေါက်ဖူးတဲ့
ကျနော့်ရင်ဘတ်ကြီးလည်း ဖုန်းဆိုးမြေလိုခြောက်
ဘဝအပြင်းစား တခွက်ကို
ရေမရောပဲ မျှဉ်းသောက်နေရပေါ့…အမေ….

ဒါပေမယ့်
နတ်မလိုက်နိုင်တဲ့ လူ့အလိုတော်ကို
စိတ်ထဲမှာ မျိုးကျဲ
တဖက်လေးငါးရာသော
နတ်သမီးလေးတွေနဲ့လည်း
တကြိမ်တခါမှ မတွဲချင်ခဲ့မိတာ
ကျနော့်ကိုယ်ကျနော် သိပ်သေချာတယ်….အမေ…

ဘုရားပေးတဲ့ အားဆေးတစက်ကို
လျှာနဲ့ တို့ထိလျက်မြိုနိုင်ဖို့တွက်
ဘုရင့်နောင်လို ဖောင်ကိုဖျက်
”ပရ”ပင်လယ်နက်ထဲ
လက်ပစ်ကူးခဲ့ဖူးတဲ့
နာရီနဲ့ နေ့ရက်တွေက
ဟောဒီလူရဲ့ ကမ္ဘာမြေမှာ
”တချက်ချက်”မြည်လို့ကြွေရင်း…..

ဘိုးဘိုးအောင် ဆောင်ကြဉ်းမပေးနိုင်တဲ့ကံကို
စိတ်တို့ရဲ့ပုခုံးပေါ်မှာ ထမ်းပိုး
အနာဂတ်ကို
ထီတစောင်လို စမ်းထိုးကြည့်ခဲ့မိတာလည်း
အကြိမ်ကြိမ် အခါခါ……..

ကံကြမ္မာက ဂျောက်ချလို့
ပျောက်ရှခဲ့ရတဲ့ လမ်းမကို
လွမ်းဆွတ်ခြင်း အလိုတော်တွေနဲ့
လမ်းပြမြေပုံတချပ် ပြန်ဆွဲ
မကြာမကြာ အမေ့အိမ်ထဲ ပြန်ခွေလှဲတယ်…

ထပ်တူထပ်မျှ
စိတ်နဲ့ကိုယ် ပြိုင်တူအိုလာရတဲ့ ဘဝမှာ
ဒါလီရဲ့ နာရီတွေကို အရည်ကြိုချပြီး
အတိတ်မြင်းရိုင်းကို ပြန်ဒုန်းမစိုင်းလိုတော့ပါဘူး…အမေ…..

ပြင်ပဇီဝတွေက
ခန္ဒာဝန်ကို စိန်ခေါ်ထိုးခြေမွှသလောက်
ပြန်မရောက်နိုင်သေးတဲ့ နေရာမှာ
စံပင်ပင်တွေမပေါက်တာ အတော်ကြာပြီလို့
အမေပေးတဲ့နားတွေနဲ့ ကြားသိနေရတဲ့အခါ
ရှိသမျှစိတ်တွေ အကုန်နာတယ်…အမေ….

ဒီတခါ အိမ်ပြန်လာနိုင်ဖို့အတွက်
ရှိသမျှအားတွေနဲ့ လက်တွေဆန့်ထုတ်
ပြက္ခဒိန်တွေကို ဆွဲစုတ်ပစ်လိုက်ချင်တယ်…အမေ…။

10 comments:

Anonymous said...

ပြက္ခဒိန်တွေကူဆုတ်ပေးဖို့လာတာပါ.....
မနော်

Bino said...

Let be as you desire.

Bino

ကောင်းကင်ပြာ said...

ဘိုးဘိုးအောင် ဆောင်ကြဉ်းမပေးနိုင်တဲ့ကံကို
စိတ်တို့ရဲ့ပုခုံးပေါ်မှာ ထမ်းပိုး
အနာဂတ်ကို
ထီတစောင်လို စမ်းထိုးကြည့်ခဲ့မိတာလည်း
အကြိမ်ကြိမ် အခါခါ……..

စိတ်ကူးတွေနဲ့ဘဲ ပုံဖေါ်နေရတယ် အကို
ပြက္ခဒိန်တွေကို တူတူ ဆွဲဆုတ်ရအောင်

လင်းဒီပ said...

တကယ်သာဆို ပြက္ခဒိန်တွေ ဆွဲဆုတ်လိုက်တာ ကြာပေါ့ အစ်ကို..။

အိန္ဒြာ said...

ဘုရားပေးတဲ့ အားဆေးတစက်ကို
လျှာနဲ့ တို့ထိလျက်မြိုနိုင်ဖို့တွက်
ဘုရင့်နောင်လို ဖောင်ကိုဖျက်
”ပရ”ပင်လယ်နက်ထဲ
လက်ပစ်ကူးခဲ့ဖူးတဲ့
နာရီနဲ့ နေ့ရက်တွေက
ဟောဒီလူရဲ့ ကမ္ဘာမြေမှာ
”တချက်ချက်”မြည်လို့ကြွေရင်း….

ဘုရင့်နောင်လို ဖေါင်ဖျက်ခဲ့ကြတယ်...နော်.အကို..
နောက်ရိုးတိုက်ပွဲတော့ မဟုတ်ခဲ့ပါဘူး...

မောင်မျိုး said...

အစ်ကိုလည်း ဖြတ်သန်းခဲ့ရတဲ့ ပြက္ခဒိန်တွေ များတော့ အိမ်ပြန်ချင်လှပြီပေါ့ ။ အိမ်ပြန်ချိန်တွေ နီးပါစေတော့ အစ်ကိုရေ့ ။

Nyein Chan Aung said...

ကံကြမ္မာက ဂျောက်ချလို့
ပျောက်ရှခဲ့ရတဲ့ လမ်းမကို
လွမ်းဆွတ်ခြင်း အလိုတော်တွေနဲ့
လမ်းပြမြေပုံတချပ် ပြန်ဆွဲ
မကြာမကြာ အမေ့အိမ်ထဲ ပြန်ခွေလှဲတယ်…

ဒီတခါ အိမ်ပြန်လာနိုင်ဖို့အတွက်
ရှိသမျှအားတွေနဲ့ လက်တွေဆန့်ထုတ်
ပြက္ခဒိန်တွေကို ဆွဲစုတ်ပစ်လိုက်ချင်တယ်…အမေ…။

ဆန္ဒတွေပြည့်ဝပါစေဗျာ.....။ စကားလုံးတိုင်း အားမာန်တွေအပြည်ပါတဲ့ ကဗျာတစ်ပုဒ်ပါပဲ ကိုဆောင်းရေ..။

အားပေးလျှက်ပါ....

အမရာ said...

အကိုရေ....ကဗျာကတော့ကောင်းမြဲကောင်းလျက်
ပါဘဲ...........။စိတ်ထဲကမထွက်တဲ့စာသားလေးပါ....
ဒီတခါ အိမ်ပြန်လာနိုင်ဖို့အတွက်
ရှိသမျှအားတွေနဲ့ လက်တွေဆန့်ထုတ်
ပြက္ခဒိန်တွေကို ဆွဲစုတ်ပစ်လိုက်ချင်တယ်…အမေ…။

BLACK DREAM said...

ကော်မန့်ရေးရမှာ အားမရတဲ့အထဲမှာ အစ်ကိုလည်းပါ တယ်..။ တင်တိုင်းကောင်းနေလို့ " ကောင်းတယ်အစ်ကိုရာ" လိုပြောတော..။့ ကြာရင် ဒီငနဲလေး လာဖောနေတယ် အထင်ခံရတော့မယ်...။ အခြား ပြောစရာ စကားလုံးကလည်း မရှိတော့ဘူး...။

စကားလုံးတွေ ထုတ်တဲ့စက်များလုပ်ထားလားဟင်..။ ကဗျာတစ်ခုလုံးက ကြွယ်ဝတဲ့ဝေါဟာရ..။ တည်ငြိမ်တဲ့ နောက်ခံကျောရိုး...။ ထင်ရှားတဲ့ နိမိတ်ပြ ပုံရိပ်တွေနဲ့...။ တအား လက်နေတယ်...။

P.S- စကားမစပ် အစ်ကိုမို့ လမ်းပြမြေပုံကြီးကို အားကိုးတယ် :P

mgngal said...

အပြင်းစားတွေ အပြင်းစားတွေ ။ သိပ်ကြိုက် စာသားတွေ တကယ် ။
ရှိသမျှအားတွေနဲ့  လက်ကို ဆန့် ထုတ် ပြက္ခဒိန်တွေကို ဆွဲစုတ်ပစ်လိုက်ချင်တယ် ။
အပိတ်လေးက ခြုံမိတယ်ဗျ ။