Monday, April 27, 2009

”တွေ့ချင်တဲ့ ၁၀ယောက်”

ကန့်သတ်ချက်တွေနဲ့ပါလား..... ! တွေ့ဖူးချင်တဲ့လူ၁၀ယောက်ဆိုတော့ သိပ်ပြီးနည်း
လွန်းနေသလားလို့။ ဘလော့ပေါ်မှာ ခင်မိတဲ့ညီမလေးတယောက် …….သူက
အပြာရောင်မိုးကောင်းကင်ကြီးကို ကိုယ်စားပြုထားတဲ့အနေနဲ့ ကောင်းကင်ပြာဆိုတဲ့
နာမည်လေးနဲ့ ဘလော့ရေးတယ်။ လွန်ခဲ့တဲ့နှစ်ရက်လောက်က ကျနော့်စီဘောက်စ်
ထဲမှာအသံပြုသွားတယ်.”အကိုရေ အကို့ကို Tag ထားတယ်.အားတဲ့အခါရေးပေးပါ
တဲ့”။ သူ့ဘလော့လေးမှာ ကိုယ့်ကိုဘာအကြောင်းရေးဖို့ Tag လုပ်ထားပါလိမ့်ဆိုပြီး
သွားဖတ်ကြည့်တော့ ”တွေ့ဖူးချင်တဲ့လူ၁၀ယောက်”ဆိုတာကိုတွေ့ရတယ်။

ညီမကောင်းကင်ပြာရဲ့ တွေ့ဖူးချင်တဲ့လူ၁၀ယောက်ထဲမှာ ကိုယ်ကတယောက်အပါ
အဝင်ဖြစ်နေတော့ ကိုယ်လည်းကိုယ်တွေ့ချင်တဲ့ လူ၁၀ယောက်က ဘယ်သူတွေ
ဆိုတာပြန်ရေးပေးဖို့ Tag အလုပ်ခံရတာပေါ့လေ။ ဒီအကြောင်းအရာလေးက ရေး
ကောင်းရင် ရေးလို့ကောင်းသလောက်ရှည်ရှည်ဝေးဝေး ရေးလို့ရနိုင်သလို သိပ်ပြီး
ရေးချင်စိတ်မရှိရင်တော့ လူနာမည်၁၀ခုလောက်တပ်လိုက်ပြီး အဆုံးသတ်ချင်ရင်
လည်း အဆုံးသတ်လို့ရတာပေါ့လေ။ ဒါနဲ့ ကိုယ်လည်း တိုတိုရေးရင်ကောင်းမလား
ရှည်ရှည်ဆွဲဆန့်ပြီးရေးရင်ကောင်းမလားလို့ စဉ်းစားရင်း တော်တော်ခေါင်းစားသွား
ခဲ့ပါတယ်။ အခုတော့ ကိုယ်ရေးလိုက်တဲ့စာက တိုသလား ရှည်သလား ကိုယ်တိုင်
ခန့်မှန်းလို့မရပဲ စိတ်ထဲရှိနေတာတွေကို အခုလိုလေးရေးဖြစ်သွားခဲ့ပါတယ်။

ကျနော်ငယ်ငယ်ကတည်းက လူတွေကိုသိပ်ပြီးခင်တတ်ခဲ့တယ်။ ဒါပေမယ့် လူတွေ
ကိုခင်ဖို့ ကိုယ်ကစပြီးအတင်းမိတ်ဖွဲ့တာမျိုးကိုတော့ စိတ်မပါရင် လုံးဝမလုပ်ခဲ့မိဘူး။
ဒါကြောင့် ကျနော့်ဘဝမှာ သိပ်မများသလို သိပ်ပြီးတော့လည်းမနည်းတဲ့ မိတ်ဆွေသူငယ်
ချင်းတွေရှိခဲ့ပါတယ်။ ခင်ပြီးသွားတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ဘယ်တော့မှမိတ်မ
ပျက်ချင်ခဲ့လို့ ဘဝမှာလူတော်တော်များများနဲ့ မိတ်မပျက်အောင်နေခဲ့ပြီး ကိုယ်ကခင်
မင်လိုစိတ်ရှိလို့ မိတ်ဖွဲ့တာတောင်မှ ကိုယ့်ကိုခင်မင်လိုစိတ်မရှိတဲ့လူတွေကိုတော့
သိပ်အပင်ပမ်းခံပြီး ခင်မင်အောင်မကြိုးစားခဲ့ပါဘူး။ ကျနော်က လူတယောက်ဖြစ်တဲ့
အတွက် လူတယောက်မွေးတဲ့စိတ်မျိုးပဲ မွေးခဲ့နိုင်ပြီး နယူတန်ရဲ့နိယာမသဘောကိုပဲ
ဘဝမှာလက်တွေ့ကျင့်သုံးခဲ့ပါတယ်။ ကျနော့်ဘဝမှာ ရန်သူနည်းနိုင်သမျှနည်းအောင်
ကြိုးစားခဲ့ပြီး မိတ်ဆွေတိုးအောင်ပဲကြိုးစားခဲ့ပါတယ်။

ငယ်ဘဝတုန်းကတော့ အပေါင်းအသင်းများနိုင်သမျှများအောင် ကြိုးစားခဲ့ပြီး အခု
အသက်၄၀အရွယ်လောက်ရောက်လာတဲ့အခါမှာ ခင်မင်ပြီးသားမိတ်ဆွေသူငယ်ချင်း
တွေနဲ့အတူ ခိုင်မြဲတဲ့ခင်မင်မှုတွေ တည်ဆောက်နိုင်ဖို့ကို ပိုပြီးကြိုးစားနေမိပါတယ်။
ဘလော့ပေါ်မှာခင်မင်ရတဲ့ ဘလော်ဂါညီအကိုမောင်နှမတွေထဲမှာ ဘယ်သူတွေကိုတွေ့ဖူး
ချင်ပါသလဲဆိုရင်တော့ ကိုယ်နဲ့ခင်မင်နေတဲ့ ညီအကိုမောင်နှမတွေအားလုံးကိုတွေ့ဖူးချင်
ပါတယ်လို့ပဲ ဖြေရမှာပါ။ ကျနော်တို့တတွေ ဘလော့ပေါ်မှာ ကိုယ်ဝါသနာပါတဲ့ စာတွေ
ကဗျာတွေ အကြောင်းအရာအချက်အလက်တွေကို တဦးနဲ့တဦး ပွင့်ပွင့်လင်းလင်း ဖလှယ်
ကြရင်း ရေးကြရင်း လူချင်းမတွေ့ဖူးကြပဲ ခင်မင်ရင်းနှီးလာခဲ့ကြတာပါ။ ဒီလိုခင်မင်ရင်းနှီး
လာကြတဲ့ ညီအကိုမောင်နှမတွေ အပြင်မှာတယောက်နဲ့တယောက်တွေ့ကြ ခင်ကြလို့
ရနိုင်မယ်ဆိုရင် ဒီလိုတွေ့ဆုံရင်းနှီးမှုတွေဟာ မင်္ဂလာတပါးပဲမဟုတ်လား။ ဒါကြောင့်
ကျနော့်အနေနဲ့ကတော့ ဘလော့ပေါ်မှာ ခင်မင်ရင်းနှီးခဲ့ရတဲ့သူအားလုံးကို မြင်ဖူးတွေ့ဖူး
ချင်ပါတယ်လို့ပဲ ပြောရမှာပါ။

ဘလော့ပေါ်မှာ ခင်တဲ့လူတွေမဟုတ်ပဲ တခြားမတွေ့ဖူးသေးတဲ့ လူတွေထဲမှာ ကျနော်

တွေ့ဖူးချင်တဲ့လူ ၁၀ယောက်ထက်မကပိုပါတယ်။ ဒါပေမယ့် ၁၀ယောက်ကိုပဲရွေးပြီး
ပြောရမယ်ဆိုရင်တော့….

၁။ ကျနော်ကိုယ်တိုင်ဆက်လက်ပြီး မလုပ်ဆောင်နိုင်တော့တဲ့ လက်နက်ကိုင်တော်လှန်
ရေးကို ဒီနေ့အထိ အနစ်နာခံပြီး စွန့်လွှတ်တဲ့စိတ်ထားတွေနဲ့ ဆက်လက်တိုက်ပွဲ
ဝင်နေတဲ့ ကျောင်းသားတပ်မတော်ထဲက အသက်အငယ်ဆုံး ရဲဘော်လေးတ
ယောက်

၂။ ကျောင်းသား ပြည်သူတွေရဲ့ သွေးချွေးတွေနဲ့စတေးခဲ့ရတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး
တိုက်ပွဲကို အလံမလှဲစတမ်း တိုက်ပွဲဝင်ရင်း စစ်အုပ်စုရဲ့မတရားဖမ်းဆီးချုပ်နှောင်
မှုကိုခံထားရတဲ့ ကျောင်းသားခေါင်းဆောင်တယောက်

၃။ စစ်အုပ်စုရဲ့ ဖိနှိပ်ချုပ်ချယ်မှုနဲ့မတရားတဲ့လုပ်ရပ်တွေကို တချိန်လုံးဟာသပြက်လုံးတွေ
နဲ့မီးမောင်းထိုးပြနိုင်ခဲ့တဲ့ အခုအချိန်မှာ စစ်အုပ်စုရဲ့ မတရားဖမ်းဆီးနှိပ်စက်မှုဒဏ်
ခံနေရတဲ့ ကိုဇာဂနာ

၎။ ဘယ်သူတွေကဘာပဲပြောပြော သူမလုပ်စရာရှိတာကိုလုပ်ရင်း ရဲရဲတောက်မိန့်ခွန်းတွေ
နဲ့အတူ အဖိနှိပ်ခံပြည်သူလူထုဖက်က အမြဲတမ်းမားမားမတ်မတ်ရပ်ပေးခဲ့တဲ့ အခု
အချိန်မှာ နေအိမ်မှာအကျယ်ချုပ်ကျခံနေရတဲ့ လူထုခေါင်းဆောင်

ဒေါ်အောင်ဆန်းစုကြည်

၅။ သူ့ကဗျာတွေကို ဘယ်အချိန်မှာပဲဖတ်ဖတ် ကျနော့်အတွက်စဉ်းစားစရာတွေ အများကြီး
ချန်ပေးတတ်တဲ့ လူငယ်ကဗျာဆရာစိုင်းဝင်းမြင့်

၆။ ဘယ်လိုနားထောင်ထောင် ကျနော့်အတွက်တော့ အမြဲတမ်းနားထောင်လို့ကောင်းနေပြီး
အားမာန်အပြည့်နဲ့ ပရိဿတ်အတွက် အမြဲတမ်းစေတနာအပြည့်နဲ့ သီချင်းတွေဆို
ပေးလေ့ရှိတဲ့ အဆိုတော်ကိုလေးဖြူ

၇။ နာရေးကူညီစောင့်ရှောက်မှု အသင်းကို ကိုယ့်ငွေနဲ့ကိုယ်တည်ထောင်ပြီး ဆင်းရဲလို့
ငွေကြေးမတတ်နိုင်သူတွေအတွက် အမြဲတမ်းတာဝန်ယူကူညီပေးတတ်တဲ့
အကယ်ဒမီမင်းသားကြီးကိုကျော်သူ

၈။ အခုနောက်ပိုင်း ဆုံဆည်းရာဘလော့မှာ ကဗျာတွေရေးရေးနေတဲ့ ကဗျာဆရာသုအိုင်စံ

၉။ သေသပ်ကောင်းမွန်တဲ့ ဇာတ်ညွှန်းတွေကိုရေးပြီး ဗွီဒီယိုရုပ်ရှင်တွေကိုရိုက်တတ်လေ့ရှိတဲ့
လူငယ်ဇာတ်ညွှန်းရေးဆရာ ဒါရိုက်တာညိုမင်းလွင်

၁၀။ အဓိပ္ပာယ်သိပ်ရှိပြီး အားကောင်းတဲ့ဒဿနသီချင်းတွေကို ရေးထုတ်ပေးနိုင်ခဲ့တဲ့ တေးရေး
ကဗျာဆရာမောင်သစ်မင်း

တွေ့ဖူးချင်တဲ့လူ၁၀ယောက်တော့ပြည့်သွားပါပြီ။ ညီမလေးကောင်းကင်ပြာ ကျေနပ်မယ်လို့
ထင်ပါတယ်။ ကျနော့်အနေနဲ့ Tag ထုံးစံအရထပ်ပြီး Tag မလုပ်တော့ပါဘူး။ ငြိမ်းချမ်းတဲ့

တနေ့ကျရင်တော့ ချစ်တဲ့ဘလော်ဂါညီအကိုမောင်နှမတွေနဲ့ ကိုယ့်ရေကိုယ့်မြေပေါ်မှာ
ပျော်ပျော်ပါးပါးကြီး တွေ့ဆုံချင်ပါသေးတယ်။

အားလုံးရွှင်လန်းချမ်းမြေ့နိုင်ကြပါစေ….

8 comments:

Anonymous said...

ညီရေ့ သုအိုင်စံပါ (စာလုံးပေါင်းမှားနေတယ်)
ဧကရာဇ်ရန်နိုင် ဆိုပြီးလည်း အင်္ဂလိပ်လို ကဗျာတွေ ရေးသေးတယ်
ATN

ဆောင်းယွန်းလ said...

ပြင်လိုက်ပြီအကိုရေ...ကျေးဇူးပါ

kaungkinpyar said...

အကိုရေ၊ အရမ်းကျေနပ်ပါတယ်၊ အကို တွေ့ချင်သူတွေကို ညီမလဲ တွေ့ချင်တယ်၊ ကျေးဇူးပါ ရှင်

လင်းဒီပ said...

“ငြိမ်းချမ်းတဲ့
တနေ့ကျရင်တော့ ချစ်တဲ့ဘလော်ဂါညီအကိုမောင်နှမတွေနဲ့ ကိုယ့်ရေကိုယ့်မြေပေါ်မှာ
ပျော်ပျော်ပါးပါးကြီး တွေ့ဆုံချင်ပါသေးတယ်။”

တောင်းတဲ့ဆုနဲ့ပြည့်ပါစေ အစ်ကို..။

emayarKhin said...

အကိုပြောသလိုပဲ....ဘလော့ရေးရင်းသိ
ကြတဲ့သူတွေအားလုံးကို...တခါလောက်တော့
ဆုံဖူးကြည့်ချင်လိုက်တာ.....။။။

Anonymous said...

ကိုဆောင်းယွန်း ကျနော်ဘာကောင်မှမဟုတ်ဘူး။ heavy metal တွေ ပေါင်းစုံနားထောင်တဲ့ လမ်းသရဲတစ်ကောင်ပါ။ အရင်က ဝေး အမည်နဲ့ ခင်ဗျားရေးတာတွေကို ဖတ်ကြည့်ဖူးတယ်။ အဲဒီတုန်းက ဒီလိပ်စာမဟုတ်ဘူးလေ။ ကျနော်က ခင်ဗျားကို စာရေးကောင်းတဲ့ ကျနော့်သူငယ်ချင်း ကောင်းမြတ်(ပေါင်းတည်) လို့ထင်ခဲ့သေးတယ်။ နောက် စုံစမ်းကြည့်တော့ ချိုတူး တဲ့။ ကျနော့်တို့ မဆုံဖူးခဲ့ဘူး။ နေဦးဗျာ...ကျနော်ဘလော့လုပ်တတ်တော့မှ ခင်ဗျားတီု့ ကိုအောင်သာငယ်တို့ ကိုသစ်ကောင်းအိမ်တို့ နဲ့စကားပြောကြမယ်။

Nge Naing said...

မင်္ဂလာပါ ကိုဆောင်းယွန်းလ နှင့် မိသားစု
ဆစ်ဒနီက မငယ် နှုတ်ခွန်းဆက်သပါတယ်။
ဘယ်သူများလဲလို့ အခုမှ မိတ်ဆွေရင်းကြီး ဖြစ်နေမှန်း အခုမှပဲ သိတော့တယ်။ ဓါတ်ပုံထဲမှာ ဆံပင်ပုံက ပြောင်းနေသလို ရှိတော့ ပုံကိုကြည့်ပြီး ရုတ်တရက်မမှတ်မိဘူး တူတယ်လို့တော့ ကျွန်မယောက်ျားက အမြဲပြောတယ်။ မိသားစုလို့သာ ပြောတယ် အကြီးမလေးတယောက်ပဲ သိတယ် နောက်ထပ် ဘယ်နှစ်ယောက် ရထားလဲဆိုတာ မသိဘူး။ ကိုအောင်သာငယ် နော်မန်၊ ဦးဂင်ကြီးတို့ သူများတပ်ရင်းက ရဲဘော်တွေ ဘလော့ဂ်တွေ ဖွင့်ထားတာတွေ့တော့ ငါတို့တပ်ရင်းကရဲဘော်တွေ ဘလော့ဂ် တယောက်မှ မဖွင့်ကြဘူးလားမသိဘူးလို့ စဉ်းစားနေတဲ့အချိန်မှာ အခုလို ဘလော့ဂါတယောက် အဖြစ်တွေ့ရတာ ၀မ်းသာပါတယ်။ ကျွန်မတို့ တပ်ရင်းက ဘလော့ဂ်ဖွင့်ထားတာ တခြားဘယ်သူတွေ ရှိသေးလဲ။ ကျွန်မ C-Box မှာ e-mail လိပ်စာထားပေးခဲ့မယ်နော့်။
မိသားစုတွေ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဆုတောင်းလျက်
မငယ်
ဆစ်ဒနီ

စိတ်စမ်းရေ said...

အကိုတွေ့ချင်တဲ့ သူတွေကို ကျွန်တော်လဲ တွေ့ဖူးချင်တယ်...။အကို ဆုတောင်းသလို ကျွန်တော်လဲ ဆုတောင်းပါတယ်...။ပျော်ပျော်
ပါးပါးကြီးပြန်ဆုံနိုင်အောင်....