Friday, April 24, 2009

”မျက်ရည်စက်လက်နဲ့ကဗျာ”

အချိန်တန်ရင်တော့
အားလုံး အိမ်ပြန်ကြရမယ်ဆိုတာ
ငြင်းချက်ထုတ်မရနိုင်တဲ့ ဓမ္မတာသဘော
ဒီလိုပဲ စောကြောမိခဲ့ပါတယ်လေ….

သစ်ရွက် ပန်းပွင့်တွေတောင်မှ
ဖူးငုံပွင့်ဝေပြီးကြရင် ကြွေကြစမြဲ
မိုးစက်တွေတောင်မှ
ဖြစ်တည်ပြီးရင် စီးဆင်းပျောက်ကွယ်ကြမြဲ
ဒီလို မမြဲခြင်းတရားတွေအကြောင်း
ဆင်ခြင်တုံခေါင်းနဲ့ သုံးသပ်နေခဲ့မိတာတောင်မှ
ဟောဒီရင်ဘတ်ပေါ်မှာ ရလာတဲ့အနာ
ဒီတခါ…ဖြေစရာဆေးမရှိသေးဘူး….

သမားအယောင်ဆောင်ပြီး
မြှားတထောင်ကို မြိုချထားတဲ့ကံကြမ္မာက
မျက်နှာလွှဲပြီး ခဲနဲ့ပစ်ခဲ့လေတော့
၅၂၈နဲ့ ဖွဲ့တည်ထားခဲ့တဲ့ နှလုံးသားပေါ်မှာ
နာနာကျင်ကျင် ဆူးနှစ်ချောင်းကစူးနစ်
အရာရာ အိပ်မက်ဖြစ်ခဲ့ရင်လည်း အကောင်းသား….

၇နှစ်ကြာပြီးမှ ညီမလေးကအကြောင်းကြားခဲ့လို့
သိခွင့်ရလိုက်တဲ့ ညီလေးရဲ့ နာရေးသတင်းနဲ့
ဒီသင်္ကြန်တွင်းမှာ ဆုံးပါးသွားတဲ့
နောက်ညီလေးတယောက်ရဲ့ နာရေးသတင်း
ဘယ်လိုမာန်နဲ့ တင်းပြီးခံခံ
ထိချက်တွေက နှလုံးသားတည့်တည့်ကိုမှန်လေတော့
အခုရေးနေတဲ့ ဟော့ဒီကဗျာပေါ်မှာ….
ကျနော့်မျက်ရည်စက်တွေပါတယ်….

ဒီလိုနေ့ရက်တွေမှာ
အဖေနဲ့အမေ့ နှလုံးသား
ဘယ်လောက် နာဖျားနေကြမလဲ
ကျနော်မစဉ်းစားရဲဘူး
ဟုတ်တယ်..ကျနော်မစဉ်းစားရဲဘူး…။

ကျနော့်ရင်ထဲမှာ နာကျင်စွာနဲ့မြည်နေတဲ့ အသံတွေကို ကဗျာတပုဒ်အဖြစ်
ဟစ်ထုတ်လိုက်တာပါ။ လွန်ခဲ့တဲ့ ၈နှစ်ကျော်လောက်က ကျနော့်ရဲ့ အောက်
တယောက်ကျော်က ညီတယောက်ဆုံးသွားခဲ့တာကို အဖေနဲ့အမေက ဖုံးဖိထား
ခဲ့ပြီး ကျနော့်ကိုမပြောခဲ့ကြလို့ တော်တော်နဲ့မသိခဲ့ရပါဘူး။
ညီလေးဆုံးပြီး ၇နှစ်ကျော်ကျော်လောက်ကြာမှ ညီမလေးက အီးမေးလ်ပို့ပြီး
အကြောင်းကြားခဲ့လို့ ကျနော့်ညီဆုံးတဲ့အကြောင်းကို သိခွင့်ရခဲ့ပါတယ်။
အခုလည်း ဒီသင်္ကြန်တွင်းမှာ ကျနော့်ညီအငယ်ဆုံးရဲ့ အထက်ကညီိတယောက်
ထပ်ပြီးဆုံးပါးသွားခဲ့ပြန်တယ်ဆိုတာကို စင်ကာပူမှာရှိနေတဲ့ ကျနော့်ညီဝမ်းကွဲက
ဖုန်းဆက်ပြီး အကြောင်းကြားခဲ့လို့ မနေ့ညကမှသိခဲ့ရပါတယ်။ ပိုပြီးဝမ်းနည်းတာက
ကျနော့်ညီမှာ ကျနော်ကိုယ်တိုင် တူလေးလားတူမလေးလားမသိရသေးတဲ့ သုံးလ
သားအရွယ်ကလေးလေးတယောက် သူ့အမေနဲ့အတူ လူ့လောကအလယ်မှာ
မျက်စိသူငယ် နားသူငယ်နဲ့ကျန်ခဲ့မယ်ဆိုတာကို တွေးနေမိလို့ပါ။

13 comments:

မယ်ကိုး said...

"သမားအယောင်ဆောင်ပြီး
မြှားတထောင်ကို မြိုချထားတဲ့ကံကြမ္မာက
မျက်နှာလွှဲပြီး ခဲနဲ့ပစ်ခဲ့လေတော့..."

နားလည်လွန်းစွာ မျှဝေခံစားမိပါတယ်။

Craton said...

ဦးဆောင်းယွန်း.. တကယ်စိတ်မကောင်းဘူး.. ကျနော့်မှာလည်း ညီလေးနဲ့ ညီမလေးရှိတော့ အဲ့လိုသာ အဝေးကလူက တော်တော်နဲ့မသိရဘဲ ရုတ်တရက်သူများဆီကကြားလိုက်ရရင် အဲ့ဒါငယ်ထိပ်ကိုမြွေဆယ်ကောင်ပေါက်တာ.. အပ်ဆယ်ချောင်းနဲ့နှလုံးသားကိုထိုးတာထက်နာမှာ.. တွေးကြည့်တာနဲ့တင် ရင်မောလှပြီ.. တကယ်စာနာမိပါတယ်ဗျာ..

အောင်သာငယ် said...

ညီရေ့ ဘယ်လို ခံစားနေရမလဲဆိုတာ ကိုယ်ချင်းစာ နားလည်ပါတယ်... ထပ်တူထပ်မျှ ကြေကွဲမိပါတယ်... တရားနဲ့ ဖြေပါလို့လည်း မပြောချင်ဘူး... ကဗျာတွေနဲ့ ဖြေနိုင်သလောက် ဖြေပါလို့ပဲ ပြောချင်တော့တယ်...

ကမာနီလာ said...

လူတွေက၀င်လာကြတယ်၊ ပြီးတော့လည်းပြန်ထွက်သွားကြရတယ်၊ ဘယ်အ၇ာမှာမမြဲတဲ့ သင်္ခါရတရားတွေဘဲမို့ ကျနော်တို့ လည်း တနေ့ ပြန်ထွက်သွားကြရအုံးမယ်၊ တခုဘဲရှိတယ် အရင်သွားနှင့်သူနဲ့ ကျန်ရစ်သူမှာ ကျန်ရစ်သူတွေက ပိုခံစားရစမြဲ .... ကိုဆောင်းရဲ့ နာကျဉ်နေတဲ့ နှလုံးသားက မျက်ရည်မြစ်တစင်း စီးဆင်းသွားတာကို နှလုံးသားနဲ့ ခံစားနားထောင်ရင်း ထပ်တူကြေကွဲဝမ်းနည်းမိပါတယ်။

လင်းဒီပ said...

နားလည်ခံစားမိပါတယ်အစ်ကို..
အကုန်လုံးကို ကိုယ် လုပ်လို့မှ မရတာအစ်ကို...
စိတ်သွားတိုင်း ကိုယ်မပါနိုင်တဲ့ ဘဝတွေမှာ သောကကို အတတ်နိုင်ဆုံးနည်းအောင် ဖြည်ဆည် ရှင်သန်နိုင်ပါစေ အစ်ကို..။

mirror said...

အစ်ကို့ခံစားမှုအတိမ်အနက်ကို ကဗျာမှာအထင်းသားမြင်ရပါတယ်..။ကိုယ်ချင်းစာနားလည်ပါတယ်..။
ကဗျာတွေအဖြစ်ဆက်လက်ဟစ်ထုတ်ပစ်လိုက်ပါ အစ်ကိုရေ....လို့ပဲပြောခဲ့နိုင်ပါတော့တယ်..။

Nyein Chan Aung said...

စိတ်မကောင်းပါဘူး ကိုဆောင်း။ ဘယ်လိုအားပေးရမယ်ဆိုတာကို မသိအောင်ပါပဲဗျာ။ တရားနဲ့ ဖြေပါဆိုတာကလွဲပြီး တခြားပြောစရာကလည်းမရှိတော့.. တရားနဲ့သာ ဖြေပါတော့ဗျာ..

ကိုရင်ညိန်း said...

စိတ်မကောင်းဘူး ။ ဒါပဲသိတယ်
မျက်ရည် တစ်ချို့ လာစိုတယ်
အဆင်ပြေပါစေဗျာ

ဖြိုးငယ် said...

အကိုရေ .. ကဗျာကို ဖတ်ပြီးတော့ရော အောက်ကစာတွေ ဖတ်ပြီးတော့ရော .. တကယ်ကို စိတ်မကောင်းပါဘူးဗျာ .. ခက်တယ်ဗျာ .. ဘာဆက်ပြောရမှန်းတောင် မသိတော့ပါဘူးဗျာ

မောင်မျိုး said...

အစ်ကိုရယ် ....အစ်ကိုအဖြစ်ကလည်းဗျာ မုဆိုးမသွားရာ မိုးလိုက်လို့ရွာတာထပ်ဆိုးနေပါကောလားး( ၅၂၈ တွေ ချစ်တတ်တဲ့ ညီအဖို့တော့ အစ်ကိုနေရာဝင်ခံစားရင် မျက်ရည် ရစ်ဝဲမိတယ် ။ ဘယ်လို စကားမျိုးနဲ့ နှစ်သိမ့်ရတော့မလဲ မစဉ်းစားတတ်တော့ပါဘူး။

စိတ်စမ်းရေ said...

စိတ်မကောင်းပါဘူးအကို...
အကိုနဲ့ ထပ်တူထပ်မျှခံစားသွားပါတယ်....

ကဗျာလှည်းလေး said...

စိတ်မကောင်းဘူးဗျာ...
ကဗျာက အဲဒီစိတ်ကို ပိုတူးဆွသွားတယ်ဗျာ... အဆင်ပြေပါစေ...။

Nyo Htet Nyo said...

အစ်ကိုရေ…ကျနော်ဆေးရုံက ဆင်းဆင်းချင်း ဒီကဗျာကို ဖတ်ရတာပါ။ ထပ်တူထပ်မျှလို့ မပြောသာပေမယ့် ခံစားဖတ်ရှုသွားပါတယ် အစ်ကိုရေ….