Wednesday, April 29, 2009

”နတ်ကြီးတဲ့ စာမေးပွဲ”

မေ့နေပြီလားလို့!
မေးချင်တယ်
ချစ်သူအတွက် စပ်တဲ့ကဗျာမဟုတ်တော့
သိပ်တော့ မနူးညံ့ဘူး……..

ကျောပိုးအိတ်တလုံးထဲမှာထည့်ပြီး
သယ်ပိုးလာခဲ့တဲ့ အနာဂတ်တွေ
ဘယ်ညနေခင်းမှာ အရည်ပျော်နေသလဲ!.......

ဖူးချစ်ရဲ့ နောက်ဆုံးကျည်ဆံတတောင့်ဟာ
ဂါထာတထောင် မန်းမှုတ်မှုတွေအောက်
တွန့်ကြောက် ပျောက်ဆုံးသွားခဲ့ပြီလား!...........

မင်တအိုးလုံး မှောက်ကျခံခဲ့ရတဲ့ ”မုချ”
ဒိုင်ယာရီစာမျက်နှာဟောင်းတွေပေါ်မှာ
လှလှပပ ငိုချင်းချနေရတာ
ဘာကြောင့်လဲ!
ဘယ်သူ့မှာ အပြစ်ရှိသလဲ!..........

ကိုယ်တိုင်ဖြေဖို့အတွက်
ကိုယ်တိုင်ထုတ်လိုက်တဲ့
ကိုယ်ပိုင်မေးခွန်းများစွာကို
ချောင်ပိတ်မိနေတဲ့
စိတ်စစ်ဆင်ရေး စာမေးပွဲအခန်းကျဉ်းထဲမှာ
သွက်သွက်ခါအောင် ခေါင်းကုတ်အဖြေရှာရင်း
ဆံပင်ဖြူတွေသာ ကြီးပြင်းလာခဲ့တယ်…........။

10 comments:

မယ်ကိုး said...

မင်တအိုးလုံး မှောက်ကျခံခဲ့ရတဲ့ 'မုချ'....

ဆံပင်ဖြူတွေသာ ကြီးပြင်းလာခဲ့တယ်…........။

အကြောင်းအရာရော...စကားလုံးတွေပါ တိုက်ဆိုင်လွန်းစွာ...

ဒူကဘာ said...

တချို့တွေက တမလွန်ကို မျက်စေ့မှောက်အောင် ဆံနွယ်တွေ ဆေးဆိုး အပ်ချလောင်း! လုပ်တာလဲ ရှိသေးတယ်လေ ကဗျာဆရာရဲ့။

အမရာ said...

ကဗျာကမနူးညံ့ပေမယ့်
အဓိပ္ပါယ်တော့တော်တော်ရှိတယ်....အကို...

Nyein Chan Aung said...

ကဗျာ ကြိုက်တယ်။ အပေါ်သုံးပိုဒ်ကို ပိုကြိုက်တယ် ကဗျာဆရာ။

အိန္ဒြာ said...

ကိုယ်တိုင်ဖြေဖို့အတွက်
ကိုယ်တိုင်ထုတ်လိုက်တဲ့
ကိုယ်ပိုင်မေးခွန်းများစွာကို
ချောင်ပိတ်မိနေတဲ့
စိတ်စစ်ဆင်ရေး စာမေးပွဲအခန်းကျဉ်းထဲမှာ
သွက်သွက်ခါအောင် ခေါင်းကုတ်အဖြေရှာရင်း
ဆံပင်ဖြူတွေသာ ကြီးပြင်းလာခဲ့တယ်…........။

ဟုတ်လိုက်တာ..အကို..
ကို ကိုယ်တိုင်မဖြေနိုင်တဲ့ မေးခွန်းတွေသိပ်များနေခဲ့ပြီ..။

ကိုယ့်ဘာသာ အကြေလည်နိုင်တဲ့ ကိုယ့်အဖြေတွေလဲ
မရေတွက်နိုင်တော့ဘူး...

ဘ၀တွေ..............

kaungkinpyar said...

စိတ်မပူနဲ့ အကို ဆေးဆိုးဖို့ ဆေးအဆင်သင့် ရှိတယ်၊ ဖြေနိုင်အောင်သာဖြေ

လင်းဒီပ said...

ဆံပင်ဖြူတွေကတော့ ကြီးပြီးရင်း ကြီးပြင်းနေတော့တာပါပဲ ဗျာ..။

မေးခွန်းတွေနဲ့ ချောင်ပိတ် အရိုက်ခံနေရတာကိုက ဘဝပါပဲ အစ်ကို ရာ..။

MANORHARY said...

ကိုယ်တိုင်ဖြေဖို့အတွက်
ကိုယ်တိုင်ထုတ်လိုက်တဲ့
ကိုယ်ပိုင်မေးခွန်းများစွာကို
...........
...........
ကိုယ်ပိုင်အတတ်ပညာတွေနဲ့
ကိုယ့်ကိုယ်ကိုပြင်ဆင်ချက်ပြန်ပြန်ချပေးနေရတာ
စိတ်မသက်သာစရာ။။။။။။။။

ဆည်းဆာသံစဉ် said...

ကိုယ်တိုင်ဖြေဖို့ အတွက် ကိုယ်ပိုင်မေးခွန်းများစွာကို အပြုံးမျက်နှာ ငြီးငွေ့ နှလုံးသားနဲ့  တစ်မနက်ခင်းလင်းလာပြီး..ဇယာကခေါင်းပေါ် အလံဖြူလာစိုက်တော့မယ်..။ ရှင်သန်မူ ပုံစံကို ဘယ်လို အရိုးထုတ်ရမလဲ ဆိုတာ ယနေ့ ထိတော့ မတွေးမိသေးပါဘူး...။ တွေးတောင်မတွေးရသေးတော့ ဖြေဖို့ ဆိုတာဝေးနေတုန်းပါပဲအကိုရေ..။ အခုလို တန်ဖိုးရှိတဲ့ ကဗျာလေး ဖတ်ခွင့်ရတာ ကျေးဖူးအထူးတင်ပါတယ် အကို...။ ပျော်ရွှင်ပါစေချင်ဗျာ..။

Mhu Darye said...

ကဗျာဖတ်ရင်း စိတ်ရှုပ်ပေါက်ကွဲနေတဲ့ လူတယောက်ကို မြင်ယောင်လာစေတာ..ကဗျာဆရာတော်တယ်ပေါ့။

နှစ်သက်မိပါတယ်း)