Saturday, May 2, 2009

”နေသာမယ့် နေ့တနေ့”
လူတချို့ရဲ့
ရှတတ ဝိုင်ချိုတခွက်က
ဗီသိုဗင်တေးတပုဒ်နဲ့
နေလုံးကိုရုပ်တဲ့ အချိန်မှာ
လူတချို့ရဲ့ အစာအိမ်နံရံပေါ်က
မီးတောက်အောင် လောင်ကျွမ်းနေတဲ့
ဟွန်းတီးသံတွေကတော့
ခေတ်ရဲ့နံရံကို ရိုက်ခတ်ပြီး
ပဲ့တင်ထပ် ထင်ဟပ်နေကြပေါ့…

မိုးနဲ့မြေပေါ်က အပ်နှစ်ချောင်း
ကံကောင်းစွာပေါင်းစပ်ကြတဲ့ ဖြစ်စဉ်တခုမှာ
ရုပ်ဝတ္ထုကွာဟမှုတွေက
အဓိပ္ပာယ်မလှတဲ့
နာတာရှည် မျိုးဆက်ဝေဒနာတခုပါပဲ…

အဲဒီ..ဝေဒနာမျိုးကို
ကံကြမ္မာဆိုးက စိုက်ပျိုးလိုက်တာပါလို့
ဆင်ခြေတွေနဲ့ လက်ပိုက်
ခါးထောက်ပြီး ရောင့်ရဲနေလိုက်ကြသူတွေကလည်း
ဒုနဲ့ဒေးမို့
ဆေးမတိုးတော့တဲ့ ဒဏ်ရာအမာရွတ်တွေပေါ်မှာ
စိတ်အနာတွေသာ တစတစကြီးပြင်းလို့
ကြေကွဲခြင်း မြစ်ရိုးမှာ
နာကျည်းခြင်း ဒီရေတိုးနေသူတွေဟာ
ငါတို့တတွေပါပဲ ကလေးရေ…

ခန္တီပါရမီတွေ ဘယ်လောက်ပဲအားကောင်းကောင်း
စာနာမှုတရား ဂူတွင်းအောင်းပြီး
သစ္စာတရားတွေ ခြောက်ခမ်း
မေတ္တာတရားတွေမပေါက်တဲ့ ရပ်ဝန်းမှာ
အင်အားတွေတောင် နေလောင်လို့ခြစား
အမှန်တရားတွေ တိမ်ကောသွားခဲ့တာလည်းကြာပြီ….

ချုပ်ရိုးမညီ တစစီပြေထွက်နေတဲ့
မစ္ဆရိယ အိတ်အပေါက်နဲ့
ညီညွတ်ရေးတွေကို လိုက်ကောက်နေကြလို့
ချို့တဲ့အနာဂတ်တွေသာ အိုမင်းလာခဲ့ရင်း
ဇာတ်တူသားချင်းစားနေကြတဲ့ ခေတ်ဟာ
အတောင်ပံကျိုးနေရှာတဲ့ ငှက်တကောင်လိုပဲပေါ့…

အသွားအပြန်နဲ့ အဝင်အထွက်
၂၄နာရီကြာတယ်ဆိုတဲ့ တရက်မှာ
တရားပျောက်နေတဲ့ နတ်ဆိုးတွေတောင်
သူတို့လမ်းကို သူတို့ကိုယ်တိုင်ဖောက်ပြီးမှ
သူတို့ညတွေကို
စည်းစိမ်ပေါ်မှာ ဗိုက်မှောက်ကြရင်း
သူတို့ရဲ့ အာဏာစက်ကို အသက်သွင်းနေကြတာပါ…..

သင်းကွဲညတွေရဲ့ လရောင်အောက်
မျှော်လင့်ချက် နှစ်ထပ်ကွမ်းခြုံထည်ကိုခြုံ
ရာဇဝင်ဟောင်းကို လွမ်းနေရုံမျှလောက်နဲ့တော့
ပြက္ခဒိန်တွေ ဆက်လက်ဆွံ့အနေကြဦးမှာ သေချာတယ်
လွတ်မြောက်လိုမှုတွေအတွက်
လွတ်မြောက်အောင်ဖန်တီးနိုင်မယ့် လက်တွေပဲလိုတယ်…

ဒီကနေ့ ပေါင်းစပ်ခြင်းရဲ့ ရလာဒ်ဟာ
မနေ့က ငါတို့ရှာဖွေတွက်ထုတ်နေတဲ့
ပုစ္ဆာတပုဒ်ရဲ့အဖြေပဲဖြစ်မှာ အကြွင်းမဲ့သေချာတယ်
ကဲ..
မင်းရဲ့ခြေထောက်နှစ်ဖက်ကို ဆန့်တန်း
ပြီးရင် ငါ့ရဲ့ပခုံးနှစ်ဖက်ပေါ်မှာ လမ်းလျှောက်လိုက်ပါ
မနက်ဖြန်ဟာ နေသာမယ့်နေ့တနေ့ပေါ့……။

အသက်ကြီးပြီး အချိန်မစီးသူများ တရားရနိုင်ကြပါစေလို့ မျှော်လင့်ရင်း ဒီကဗျာကိုခံစား
ရေးဖွဲ့ပါတယ်။

5 comments:

မယ်ကိုး said...

ရှတတ ဝိုင်ချိုတခွက်က
ဗီသိုဗင်တေးတပုဒ်နဲ့
နေလုံးကိုရုပ်တဲ့ အချိန်မှာ...

နေလုံးကိုရုပ်တဲ့ အချိန်မှာ...ဒီမြန်မာစာလေးကို ကိုယ့်ဘာသာကိုယ်နားလည်ပြီး သဘောကျနေမိပါတယ်။

အိန္ဒြာ said...

လူတချို့ရဲ့
ရှတတ ဝိုင်ချိုတခွက်က
ဗီသိုဗင်တေးတပုဒ်နဲ့
နေလုံးကိုရုပ်တဲ့ အချိန်မှာ
လူတချို့ရဲ့ အစာအိမ်နံရံပေါ်က
မီးတောက်အောင် လောင်ကျွမ်းနေတဲ့
ဟွန်းတီးသံတွေကတော့
ခေတ်ရဲ့နံရံကို ရိုက်ခတ်ပြီး
ပဲ့တင်ထပ် ထင်ဟပ်နေကြပေါ့…

မှန်လိုက်တာ..အကိုရယ်..

Nyein Chan Aung said...

ကိုဆောင်း စိတ်ဓါတ်သိပ်မကျပါနဲ့ဗျာ။ ကျနော်တို့ စိတ်ဓါတ်ကျနေရင် လူငယ်မျိုးဆက်သစ်တွေ ပိုဆိုးနေလိမ့်မယ်။

ကဲ..
မင်းရဲ့ခြေထောက်နှစ်ဖက်ကို ဆန့်တန်း
ပြီးရင် ငါ့ရဲ့ပခုံးနှစ်ဖက်ပေါ်မှာ လမ်းလျှောက်လိုက်ပါ
မနက်ဖြန်ဟာ နေသာမယ့်နေ့တနေ့ပေါ့……။

စိတ်စမ်းရေ said...

သင်းကွဲညတွေရဲ့ လရောင်အောက်
မျှော်လင့်ချက် နှစ်ထပ်ကွမ်းခြုံထည်ကိုခြုံ
ရာဇဝင်ဟောင်းကို လွမ်းနေရုံမျှလောက်နဲ့တော့
ပြက္ခဒိန်တွေ ဆက်လက်ဆွံ့အနေကြဦးမှာ သေချာတယ်
လွတ်မြောက်လိုမှုတွေအတွက်
လွတ်မြောက်အောင်ဖန်တီးနိုင်မယ့် လက်တွေပဲလိုတယ်…

ကျွန်တော်ကတော့ အဲဒီစာသားလေးတွေကို သဘောကျတယ်...။

mgngal said...

ကဗျာဖတ်သွားတယ်ဗျ ကိုဆောင်း ။ အဆင်ပြေပါစေဗျာ ။