Monday, May 4, 2009


”ရေငတ်နေတဲ့ ကဗျာတပုဒ်”
ဘဝက
ဒီကနေ့ အိမ်ခေါင်မိုးပေါ်ကျလာတဲ့
နွေရဲ့ နေထက်ပူပြင်းတယ်
သေချာတယ်
ဘဝမှာ
ဆောင်းရာသီတွေ ခြောက်ခမ်း
မိုးစက်တွေလည်း မလန်းခဲ့တာကြာပြီ…

ပြင်ပ ဥတုသုံးပါးတောင်
အကြောင်းတရား မညီညွတ်ကြတာ
ကြာခဲ့ပြီ မဟုတ်လား
ဘဝမှာ အပူပင်တွေချည့်ပေါက်နေခဲ့တာ
ဘာဆန်းတာမှတ်လို့…

ကာရန်ပျောက်နေတဲ့
ဘဝရဲ့ ကဗျာတပုဒ်
နှလုံးသားမပါတဲ့
ဦးနှောက်နဲ့ ရောင်းထုတ်ခဲ့ရတဲ့အကြောင်း
ဘယ်သူကိုမှ မသိစေချင်ခဲ့ပါဘူး
နင်မသိရင်လည်း ကျေနပ်တယ်
နင်မရှိရင်လည်း နေတတ်တယ်…

ရင်ဘတ်ထဲပေါက်လေ့ရှိတဲ့
ခြောက်သွေ့ ကန္တာရတွေအကြောင်း
နဖူးနဲ့ လက်ဖမိုးပေါင်းရင်း
စဉ်းစားခန်းဝင်တဲ့ ညတွေဆိုရင်
ကိုယ့်ကိုကိုယ်မြင်နေမိတဲ့ အပြစ်တွေက
လျှော်ဖွပ်မရတဲ့ နောင်တတွေသာဖြစ်ခဲ့ပြီး
အမေပြောခဲ့တဲ့ဒုက္ခကို လှလှကြီး မြည်းစမ်းနေရပေါ့…

ဒီမှာ…
ရေငတ်နေတဲ့ ငါ့ကဗျာတပုဒ်
ဘယ်သူ ချွေးသုတ်ပေးမလဲ!....။

5 comments:

Minn said...

ဒီမှာလဲ ကဗျာတွေအများကြီးပါလား
ရေးတတ်လိုက်ကျတာ
တော်တယ်ဗျို့။

kaungkinpyar said...

နင်မသိရင်လည်း ကျေနပ်တယ်
နင်မရှိရင်လည်း နေတတ်တယ်…

အဲလိုတွေ နေတတ်နေပေမဲ့
အမေပြောခဲ့တဲ့ဒုက္ခကို လှလှကြီး မြည်းစမ်းနေရပေါ့…
မှန်လိုက်တာ အကိုရေ

Nyein Chan Aung said...

ကာရန်ပျောက်နေတဲ့
ဘဝရဲ့ ကဗျာတပုဒ်
နှလုံးသားမပါတဲ့
ဦးနှောက်နဲ့ ရောင်းထုတ်ခဲ့ရတဲ့အကြောင်း
ဘယ်သူကိုမှ မသိစေချင်ခဲ့ပါဘူး
နင်မသိရင်လည်း ကျေနပ်တယ်
နင်မရှိရင်လည်း နေတတ်တယ်…

နင်မသိရင်လည်း ကျေနပ်တယ်
နင်မရှိရင်လည်း နေတတ်တယ်

တစ်ခုခု သဘောပေါက်လိုက်မိသလိုပါဘဲ။ စာနာနားလည်စွာ ဖတ်သွားပါတယ် ကိုဆောင်း။

မောင်မျိုး said...

နွေရောက်ပေမယ့်..... ဆောင်းဆိုတဲ့ အေးမြခြင်း လ ဆိုတဲ့ တိမ်မူးစရာကောင်းတဲ့ အသုံးနှုန်းတွေကြားမှာ ကဗျာတွေကတော့ အေးမြတာ အမှန်ပါ ။ အစ်ကိုရေ့ တစ်နေ့တော့ ဘ၀ကလည်း ဒီဘလော့က ကလောင်နာမည်လေးလို အေးချမ်းလာမှာပါဗျာ ။

မေ့သမီး said...

ရေငတ်နေရင် ရေအရင်တိုက်မယ်လေ။ ချွေးကရေသောက်ပြီးမှ ထွက်ပေါ့။ (အခုတလော စိတ်ညစ်နေတာနော်။ အကိုကလည်း ညစ်နေတာလား)