Monday, June 1, 2009

”စက်ရုပ်ဖြစ်ခဲ့တယ်”
မသိဆိုးဝါး နားမလည်လိုက်ပုံများ
ခပ်သိမ်းကုန်တို့က ဝေဝေဝါးဝါး
ကိုယ့်ရင်ခုန်သံတောင်
ကိုယ်ပြန်မကြားမိတော့ဘူး…

ငရဲမှာ ၁၀နှစ်
ခြေထောက်မဲ့ လမ်းပေါ်မှာ
စက်ရုပ်တရုပ်ဖြစ်ခဲ့တယ်…

နာရီသံပတ်နဲ့ နေထွက်
နှိုးစက်နဲ့ မျက်နှာသစ်
ဖောရိန်း အရင်းရှင်စံနစ်မှာ
နွံနစ်နေတဲ့ အသစ်ဆုံးကျွန်ဟာ
ဟမ္ဘာဂါတလံုးကို
ဘရိတ်ဖက်စ်အဖြစ် မနှစ်သက်ခဲ့သလို
သူရာရည်တခွက်ကိုလည်း
ဒင်နာအဖြစ် ဇိမ်ခံမချစ်ခဲ့မိပါဘူး….

တခါတလေ
အလွမ်းရှိရာကို
အလွမ်းနဲ့လမ်းလျှောက်
ပေါင်းနှုတ်မြှောက်စား
မသိကိန်းအားလုံးကိုတော့
ချိန်ကိုက်ဗုံးတလုံးထဲမှာ ချိတ်ဆွဲ
ဦးခေါင်းနဲ့အဝေးဆုံးတနေရာကို ဝဲလိုက်မိတယ်…

မနေ့က…
လဲပြိုနေခဲ့တဲ့ ဟောဒီခြေထောက်
ဒီကနေ့လည်း…
ချိုင်းထောက်ကိုအားပြုနေရဆဲ
မနက်ဖြန်တွေကရော….
သတ်ပုံမှားနေဦးမှာလား
အက္ခရာအခါးကို
အချိန်မှားပြီးစားသုံးမိသူရဲ့ ရင်ဘတ်ထဲ
လူမမြင်စေချင်တဲ့ အပူပင်တွေပြွတ်ခဲ
ငရဲမှာ ၁၀နှစ်….
ကျနော်…စက်ရုပ်ဖြစ်ခဲ့တယ်….။

7 comments:

မမသီရိ said...

စက်ရုပ် ဘ၀ က အမြန်ဆုံး လွတ်မြောက်ပါစေ
ကိုဆောင်ယွန်းရေ..
မရောက်ဖြစ်တာတောင်ကြာခဲ့ပေါ့
အားလုံး အဆင်ပြေပါစေ..
ဒါနဲ့..
ဦးခေါင်းနဲ့အဝေးဆုံးတနေရာကို ဝဲလိုက်မိတယ်…
ဝဲ... ဆိုတာ... မြန်မာ အသုံး မဟုတ်ဘူးနော်..
ကိုဆောင်းယွန်းက တိုင်းရင်းသား လား.

မယ်ကိုး said...

ကျွန်မကတော့ ဝဲတယ်ဆိုတာ ဗန်းစကားအနေနဲ့ သုံးတယ်ထင်မိပါတယ်။

ငရဲမှာ ၁၀နှစ်….
ကျနော်…စက်ရုပ်ဖြစ်ခဲ့တယ်….။

ဖြစ်ခဲ့တယ်...
ဖြစ်နေတယ် ဆိုတာထက် ဖြစ်ခဲ့တယ်ဆိုတာလေး ကြိုက်မိပါတယ်။ကျွန်မကတော ဖြစ်နေတာ...

Moe Myint Tane said...

လက်ရှိကြုံတွေ့ရင်ဆိုင်နေရတဲ့ ဘ၀ကို အတိကျဆုံး ပုံဖော်ပြသထားတဲ့ ကဗျာလေး။ ဘ၀ကို ရုန်းကန်လှုပ်ရှားရင်း ဖြစ်မှန်းမသိဖြစ်သွားတဲ့ အခြေအနေတွေမှာ နောက်ကြောင်းလှည့်ပြန်ဖို့ရာလည်း မစွမ်းသာတော့ ရှေ့ဆက်လျှောက်နေရတဲ့ အဖြစ်အပျက်။ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ဝေဖန်ကြည့်တဲ့ အခါမှာတော့...
ငရဲမှာ ၁၀နှစ်...
ကျနော်..စက်ရုပ်ဖြစ်ခဲ့တယ်...

ဓမဒိဌကျကျ ဖော်ကြူးသီဖွဲ့ထားတဲ့ ကဗျာလှလှလေးပါ။အားပါးတရ ခံစားသွားပါတယ်အကို။

စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

kaungkinpyar said...

အကိုရေ ထိမိလိုက်တာ ကဗျာလေးက၊ ရင်ထဲက ခံစားပီး ဖတ်သွားတယ်ရှင်

ဆည်းဆာသံစဉ် said...

ကဗျာလေးတွေ ဖတ်လိုက်ရတိုင်း ခံစားမှု့  တမျိုးရရှိခဲ့ပါတယ်..။ ဘ၀အကြောင်းကို မာန်ပါပါ ရေးထားတဲ့ စာသားတွေဟာ တော်တော်တန်ဖိုးရှိပါတယ်..အကို။ ကိုယ့်အိမ်မှာ အေးချမ်းသာယာမှု့  မရှိသေးသမျှတော့ ကျွန်တော်တို့ ဟာ စက်ရုပ်ဖြစ်နေရအုံးပါအကို။ ပျော်ရွှင်ပါစေ..အားပေးခင်မင်လျှက်...

အိန္ဒြာ said...

မနေ့က…
လဲပြိုနေခဲ့တဲ့ ဟောဒီခြေထောက်
ဒီကနေ့လည်း…
ချိုင်းထောက်ကိုအားပြုနေရဆဲ
မနက်ဖြန်တွေကရော….
သတ်ပုံမှားနေဦးမှာလား
အက္ခရာအခါးကို
အချိန်မှားပြီးစားသုံးမိသူရဲ့ ရင်ဘတ်ထဲ
လူမမြင်စေချင်တဲ့ အပူပင်တွေပြွတ်ခဲ
ငရဲမှာ ၁၀နှစ်….
ကျနော်…စက်ရုပ်ဖြစ်ခဲ့တယ်….။

ဖြစ်နေတဲ့ ခေတ်အခြေအနေနဲ့
ဖြစ်နေတဲ့ စိတ်အခြေအနေကို
ကွက်တိပြနိုင်တဲ့ စကားလုံးတွေပါအကို....

မနက်ဖန်တွေ..
သတ်ပုံတွေမှားပြီးရင်းမှားလို့ပေါ့ အကိုရယ်..

Banyarshein said...

ဟုတ်တယ် ဒီခေတ်မှာ လူးသားတွေက စက်ရုပ်တစ်ရုပ်လိုပဲ . . . . လုပ်နေရတာတွေက ဇယ်ဆက်နေသလိုပဲ . . . . ကောင်းလိုက်တဲ့ ကဗျာလေး အကိုရေ ကြိုက်မိတယ် ကဗျာလေးကို . .