Wednesday, June 10, 2009

”ကြယ်တွေစုံတဲ့ည”
စိတ်အသိနဲ့
အိပ်ကြည့်ဖို့မဖြစ်နိုင်တဲ့အခါ
ဒဏ်ရာနဲ့ကဗျာတွေသာ
ညရဲ့ကမ္ဘာဖြစ်လာခဲ့ပေါ့..

လွတ်လပ်ခြင်းအစစ်ကို
တေးကဗျာတပုဒ်လို ခုံမင်နှစ်ခြိုက်
ဥယျာဉ်မှုးကောင်းတယောက်ရဲ့ စရိုက်နဲ့
ရိုးသားမှုပန်းကို ပျိုးလိုက်မိသူရဲ့
အရောင်မဲ့ နှလုံးသားထဲ
ချိန်ကိုက်ဗုံးများ မှားယွင်းစွာပေါက်ကွဲလို့
နာရီလက်တံတွေ လဲပြိုပိကျခံခဲ့ရ…

အလိုမကြီးခဲ့ပါပဲ
အရနဲခဲ့လေတဲ့ လူသား
ဘူတာမှားဆိုက်မိတဲ့
ဘဝရထားတစင်းပေါ်မှာ
သွေးစွန်းဒဏ်ရာတွေကို ပွေ့ဖက်
ဆန္ဒတစုံကို တပ်မက်စွာလိုက်ဖမ်းခဲ့ရင်း
ပြေးလမ်းတခုရဲ့ မြင်ကွင်းထဲ
ရေပေါ်မှာဆွဲတဲ့အရုပ်တွေသာ တံလျှပ်လိုထင်ဟပ်
အိပ်ရေးတွေပျက်ခဲ့ရ ၃၆၅ရက်တိုင်းရဲ့ညတွေမှာ….

ဒီလိုနဲ့ ဖြစ်ချင်တာတွေဖြစ်မလာခဲ့ပဲ
ဖြစ်ချင်သလိုဖြစ်နေတတ်တဲ့ ပြက္ခဒိန်ပေါ်မှာ
စိတ်အနာတွေကိုသာ အပင်စိုက်
ရာဇဝင်မှန်သမျှကို
အကောင်းဆုံးမြေသြဇာအဖြစ်
ဘဝပေါ်ကျဲချပစ်လိုက်တယ်…

ဘယ်တော့မှ မေ့မရနိုင်မယ့်
အတိတ်ရက်စွဲ အကျိုးအပဲ့
နာရီအကွဲအပျက်တွေရဲ့အောက်မှာ
ဘဝများစွာ ပျောက်ဆုံး
သောကနဲ့ဒုက္ခရောသမမွှေ
အကောင်းဆုံးအချိန်တွေ လုံးပါးပါးခဲ့ရပေမယ့်
စိတ်ဖိဆီးမှုတွေထဲက အလွတ်ရုန်းထ
ဒီကနေ့ …
ပစ္စုပ္ပန်ညမှာ...ကျနော်…
ရှိသမျှအားအင်နဲ့ အနာဂတ်ကိုမျှော်အကြည့်
ကြယ်တစုပြည့်နေတဲ့ ကောင်းကင်တခုကိုတွေ့လိုက်ရတယ်…

ကောင်းကင်ပေါ်က ကြယ်တစုမှာ
ခင်ဗျားဟာ ကြယ်ကလေးတလုံးဖြစ်ရင်
ကျနော်လည်း ကြယ်ကလေးတလုံးပေါ့
ကြယ်ကလေးတွေပေါင်းစုနေတဲ့ ကောင်းကင်မှာ
မျိုးဆက်သစ်တခုရဲ့ လတစင်း
ကြယ်ကလေးတွေရဲ့ဝိုင်းရံမှုအားမာန်နဲ့ လင်းလက်နေမှာပေါ့
ကြယ်တွေစုံတဲ့ညမှာ လတစင်းသာမှာသေချာပါတယ်…။

9 comments:

kaungkinpyar said...

ကောင်းကင်ရဲ့ ကြယ်တွေ စုံတဲ့ညမှာ လ တစင်းအမြဲသာမှာပါ အကို

မယ့်ကိုး said...

လတစင်းသာမှာသေချာပါတယ်…။
ဒီလိုပဲ အချင်းချင်း အားပေးနေရတော့တာ...

mirror said...

စိတ်အသိနဲ့
အိပ်ကြည့်ဖို့မဖြစ်နိုင်တဲ့အခါ
ဒဏ်ရာနဲ့ကဗျာတွေသာ
ညရဲ့ကမ္ဘာဖြစ်လာခဲ့ပေါ့..

အဲ့ဒိအပေါ်ဆုံးတစ်ပိုဒ်နဲ့တင် အသည်းခိုက်မိတယ်..။
ဘလော့မှာ တင်ထားပါရစေ..ခွင့်ပြုမယ်မဟုတ်လား အစ်ကိုကြီးရေ...

မမသီရိ said...

ကြယ်တွေဆိုတာ အမြဲလင်းလက်နေသလို
လမင်းကြီးကလဲ ပကတိ အမြဲ သာနေတတ်တာပါ
တိမ်ညိုတွေ ကင်းမဲ့နေ့..
အဲဒီနေ့ကျရင်..
သာနေတဲ့လမင်းကြီးကို မော့ကြည့်ကြရင်း
သီချင်းသံပြိုင်ဟစ်ကြွေးကြတာပေါ့ ကိုဆောင်းယွန်းရေ..

စိတ်စမ်းရေ said...

ကြယ်တွေစုံတဲ့ည
လတစင်းကိုလဲ လွမ်းတယ်...။
အဝေးက အမေ့အိမ်ကိုလဲ လွမ်းတယ်..။
အိမ်ပြန်ချိန်ကိုလဲ လွမ်းမိတယ် အကိုရေ့....။

ကိုရင်နော်ခင်လေးငယ် said...

ဒို့အစ်ကိုရေ..
မရောက်ဖြစ်တာ ကြာနေပေါ့..
ကြယ်တွေစုံတဲ့ည ကို လာရောက် ရှုစားသွားပါတယ်..း)

မိုးစက်အိမ် said...

အကိုကဗျာလေး ဖတ်ပြီး ကြယ်တွေစုံတဲ.
ည သီချင်းလေးတောင် ညည်းမိတယ်ဗျာ

ဆည်းဆာသံစဉ် said...

ဒီကနေ့ …
ပစ္စုပ္ပန်ညမှာ...ကျနော်…
ရှိသမျှအားအင်နဲ့ အနာဂတ်ကိုမျှော်အကြည့်
ကြယ်တစုပြည့်နေတဲ့ ကောင်းကင်တခုကိုတွေ့လိုက်ရတယ်…။
တကယ်မိုက်တဲ့ စာသားလေးပဲကိုကြီးရာ..ဒီကဗျာလေးတော့ တော်တော်ကြိုက်တယ်။ အားပေးခင်မင်လျှက်..

kyalkalay said...

ကောင်းကင်ပေါ်က ကြယ်တစုမှာ
ခင်ဗျားဟာ ကြယ်ကလေးတလုံးဖြစ်ရင်
ကျနော်လည်း ကြယ်ကလေးတလုံးပေါ့
ကြယ်ကလေးတွေပေါင်းစုနေတဲ့ ကောင်းကင်မှာ
မျိုးဆက်သစ်တခုရဲ့ လတစင်း
ကြယ်ကလေးတွေရဲ့ဝိုင်းရံမှုအားမာန်နဲ့ လင်းလက်နေမှာပေါ့
ကြယ်တွေစုံတဲ့ညမှာ လတစင်းသာမှာသေချာပါတယ်…။


ဒီစာသားလေးယူသွားပရစေ

ညီ ဆီကိုလာလည်ဖို့ဖိတ်ခေါ်ပါတယ်