Saturday, June 13, 2009

”တိုက်ပွဲထဲကလူ”
ဟိုလူ..ဒီလူ..
”လ”ကိုနှစ်ချောင်းငင်ထားတော့.လူ
ကျုပ်ကလည်း
”လ”ကိုနှစ်ချောင်းငင်ထားတဲ့..လူ
”လ”ရေးနှစ်ချောင်းငင် လူချင်းအတူတူ
အသံထွက်ပုံချင်းတူပေမယ့်
လူတဦးချင်းစီရဲ့ ရှင်သန်မှုသတ်ပုံကွဲ
ကျုပ်ရဲ့ရပ်ဝန်းမှာတော့ အောက်ဆီဂျင်ကနည်း
ဒီတော့..
တယောက်နဲ့တယောက်
ရင်ခုန်သံရစ်သမ်လွဲတာ ဘာဆန်းလို့လဲ…

တချို့”လ”နှစ်ချောင်းငင်တွေက
သဝေထိုး”င”ဝဆွဲ အပင်ပေါ်ခွထိုင်ကြ
သူတို့ခြေလှမ်းတွေကို ငွေနဲ့ကြွပြီး
၃၁ဘုံမှာ ညကိုငွေနဲ့မီးမှတ်
အခန့်ညားဆုံးသော အိပ်မက်တွေပေါ်တက်အိပ်လို့
ကျုပ်ကသာ
ချို့တဲ့အစာအိမ်ဟောင်းလောင်းထဲကို ရေလောင်း
ရက်သတ္တနှစ်ပတ်မှာ တခါ
ကြာသာပတေးညနေစောင်းတွေကို
သောကြာမနက်ပြောင်းအောင်
ဆုတောင်းနေရတဲ့ ငနဲဖြစ်တယ်…..

ကျုပ်ရဲ့
မဖြစ်စလောက် စက္ကူခပ်ပါးပါး
ကျစ်ကျစ်ပါအောင်ဆုပ်မထားနိုင်တော့
ကျုပ်လက်ဖျားက ထွက်သွားပြီးရင်
အရင်းရှင်တွေရဲ့မြေမှာ အပင်ပေါက်
ဟိုရောက် ဒီရောက်
ဆီလိုအပေါက်ရှာပြီး ထွက်သွားလိုက်ပုံများ
ကျုပ်လိုလူအနား ယောင်လို့တောင်မနားဘူး
ဒါကြောင့်…
”လူမိုက်နဲ့ငွေ အတူမနေ”ဆိုတဲ့စကား
ကျုပ်ယုံမှတ်ထားလိုက်တယ်
တကယ်တော့.ကျုပ်ဟာလူမိုက်
သည်းခြေကြိုက်နဲ့ အမြဲတိုက်ပွဲဖြစ်နေတဲ့လူ
တခါမှတော့ အောင်လံမထူနိုင်သေးဘူး……။ ၊

10 comments:

အိုင်လွယ်ပန် said...

လာမယ်ကြာမယ်ပေါ့အစ်ကိုရာ ....
လောကမှာ ငွေပေးဝယ်မရတာတွေအများကြီးပါ ...
ကဗျာလေးကောင်းတယ်ဗျ...
လိုရင်းရောက်တယ် ....

မိုးစက်အိမ် said...

ကဗျာလေးကောင်းတာ က ရေးတဲ.လူ
ကိုက စိတ်ကူးစိတ်သန်းကောင်လို.ပါ...အကို
ရေ ကဗျာ အဓိပာယ်လေး သဘောကျမိပါတယ်

Moe Myint Tane said...

အချိန်တန်ရင် သူ့အလိုလိုဖြစ်လာပါလိမ့်မယ်အကို။

အကြိမ်ကြိမ်ဆုံးရှုံးပြီးမှ အောင်လံထူတာက တစ်ကြိမ်မှ မဆုံးရှုံးဘဲ အောင်လံထူတာထက် ပိုတန်ဖိုးရှိတာပေါ့အကို။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ATN said...

ဘ၀တူတွေပါပဲ ကိုယ့်ညီရာ...

မယ့်ကိုး said...

ကဗျာလေးက ကောင်းလိုက်တာ...

စကားလုံး တစ်လုံးချင်း ရင်ထဲကို တည့်တည့်ထိပါတယ်။

မမသီရိ said...

ကုန်စရာရှိရင် ကုန်ရမှာပဲပေါ့ ကိုဆောင်းယွန်းရ
စိတ်မပျက်ပါနဲ့..
ငွေထက်အရေးကြီးတာနဲ့ တန်ဖိုးရှိတာတွေ
ကိုဆောင်ယွန်းဆီ အများကြီး ရှိနေတာပဲ

Anonymous said...

”လူမိုက်နဲ့ငွေ အတူမနေ”ဆိုတဲ့စကား
ကျုပ်ယုံမှတ်ထားလိုက်တယ်
တကယ်တော့.ကျုပ်ဟာလူမိုက်
သည်းခြေကြိုက်နဲ့ အမြဲတိုက်ပွဲဖြစ်နေတဲ့လူ
တခါမှတော့ အောင်လံမထူနိုင်သေးဘူး……။ ၊

ဟားဟားဟား မှန်လိုက်တာ အကိုရေ ကျွန်တော်ကိုပြောသလားအောက်မေ့တယ်

စိတ်စမ်းရေ said...

ကျုပ်ဟာလူမိုက်
သည်းခြေကြိုက်နဲ့ အမြဲတိုက်ပွဲဖြစ်နေတဲ့လူ
တခါမှတော့ အောင်လံမထူနိုင်သေးဘူး……။ ၊
အဖြစ်တွေကတော့ တူနေပြန်ပြီ အကိုရေ...။

Mhu Darye said...

ထိထိမိမိ ရှိလွန်းတယ် အကို...

mgngal said...

ကဗျာကောင်းတပုဒ်အတွက် ကျေးဇူးဗျ ကိုဆောင်း ။ ရင်ခုန်သံ ရစ်သမ်တွေကတော့ လွဲနေကြတာပဲဗျိုး ။