”ဆန်းတော့မဆန်းပါဘူး”
မသောက်ပဲမူး
တယောက်တည်းရူးနေရတာလည်း ကြာပြီ
နှုတ်မရနိုင်အောင် ငြိတွယ်စူးနေတဲ့အမြစ်က
ရင်ကို တဆစ်ဆစ်နာအောင်ထိုးဆွ
ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်မရှိသေးတဲ့ ဘဝမှာ
သေသည်အထိအမျှမယူချင်သေးတာ ဆန်းတော့မဆန်းပါဘူး……
ကိုယ့်အတွက် ပန်းတိုင်မဟုတ်တဲ့
လမ်းခုလပ်တနေရာဟာ
တချို့အတွက်
ပန်းတိုင်ဖြစ်နေလေတာ ဆန်းတော့မဆန်းပါဘူး…
ကိုယ့်အတွက် ပွဲမပြီးသေးတဲ့ဇာတ်ဟာ
တချို့အတွက်
မီးသေနေခဲ့တာ ဆန်းတော့မဆန်းပါဘူး….
ကိုယ်ခပ်သောက်ဖူးတဲ့ ရေတခွက်ဟာ
တချို့ခပ်သောက်ဖူးတဲ့
ရေတစက်ဖြစ်နေတာလည်း ဆန်းတော့မဆန်းပါဘူး…
ကိုယ့်ရဲ့ဟိမဝန္တာဟာ တချို့ရဲ့ခြတောင်ပို့
ကိုယ့်ရဲ့ပစ္စိဖိတ်ဟာ တချို့ရဲ့ရေအိုင်တအိုင်
ကိုယ်မပိုင်တဲ့ ကိုယ့်ခြေထောက်တွေနဲ့လမ်းလျှောက်ရင်း
ကိုယ့်အတွက်တော့ လမ်းပျောက်
တချို့လူတွေရဲ့ပန်းတိုင်ကိုရောက်နေရတာာ ဆန်းတော့မဆန်းပါဘူး….
ကိုယ်က..ကမ္ဘာကိုပတ်ပြီးလျှောက်တာတောင်
ကိုယ့်တံစက်မြိတ်အောက်
ကိုယ်ပြန်ရောက်နေတဲ့ ခြေထောက်မဲ့နေတဲ့သူ
ကိုယ်လောက်ညံ့တဲ့လူတောင်
ကိုယ့်လောက်မညံ့တာ ဆန်းတော့မဆန်းပါဘူး…
သေချာတယ်
ကိုယ်အခုရောက်နေတဲ့ အခင်းအကျင်းပေါ်ကနေ
ကိုယ့်ခန္ဒာကိုယ်ပေါ်ကို စိတ်ရှိလက်ရှိပစ်ချနေတဲ့
ရနံ့မဲ့ရာသီဥတုဟာ ပူနွေးစေးပျစ်ထိုင်းမှိုင်းအေးစက်
ကိုယ့်ကိုအနေရခက်စေတာ သေချာတယ်
အင်းလေ..ဒါလည်းဆန်းတော့မဆန်းပါဘူး…
ကိုယ်က ကိုယ့်ကမ္ဘာငယ်ငယ်ကိုလွမ်းချိန်မှာ
တချို့ကတော့
ကိုယ့်ကိုကိုယ် ကာလာစုံရောပြီး
မီးတောက်အောင် ခရီးပေါက်
အတိတ်ကို ရေပေါ်မှာအရုပ်ထိုး
ရုပ်ဝတ္ထုတန်ခိုးနဲ့ ဖျောက်လိုက်ကြပေါ့
တကယ်တော့ ဒါလည်းဆန်းတော့မဆန်းပါဘူး…
ကိုယ့်အသားကိုယ်
လက်သည်းနဲ့ဆိတ်ကြည့်လို့ နာနေသေးချိန်ထိ
အရာအားလုံးက အဆွေးရုပ်ရှင်တကားကြည့်နေရသလိုမျိုး
လက်ရှိဖြစ်နေတဲ့ အကောင်းအဆိုးအားလုံးက
အိပ်မက်လောက်မလှတာ ဆန်းတော့မဆန်းပါဘူး…
ဘာမှမဆန်းကျယ်တဲ့ လောကမှာ
အိပ်မက်ထဲကို ခဏတဖြုတ်ခုန်ချ
တရေးလောက် အိပ်ပျော်သွားလိုက်မှ
အရာအားလုံးက ဆန်းကျယ်သွားကြတယ်
ဒီလိုပါပဲ
တခါတလေ ဆန်းကျယ်တာတွေက
ကိုယ့်အတွက် ဘာမှမဆန်းကျယ်တော့သလို
ဘာမှမဆန်းကျယ်တာတွေက
ကိုယ့်အတွက်ဆန်းကျယ်နေတတ်တာလည်း ဆန်းတော့မဆန်းပါဘူး
လက်တွေ့ဆန်မှုတွေကို အိပ်မက်ကပန်းတပွင့်လိုပန်ပန်သွားပြီး
အိပ်မက်ပန်းတွေက လက်တွေ့ပွင့်မလာတာလည်း ဆန်းတော့မဆန်းပါဘူး….။
Friday, July 3, 2009
Posted by ဆောင်းယွန်းလ at 8:00 AM
Subscribe to:
Post Comments (Atom)
10 comments:
ကိုယ့်အတွက် ပန်းတိုင်မဟုတ်တဲ့
လမ်းခုလပ်တနေရာဟာ
တချို့အတွက်
ပန်းတိုင်ဖြစ်နေလေတာ ဆန်းတော့မဆန်းပါဘူး…
ကိုယ့်အတွက် ပွဲမပြီးသေးတဲ့ဇာတ်ဟာ
တချို့အတွက်
မီးသေနေခဲ့တာ ဆန်းတော့မဆန်းပါဘူး….
လက်တွေ့ဆန်မှုတွေကို အိပ်မက်ကပန်းတပွင့်လိုပန်ပန်သွားပြီး
အိပ်မက်ပန်းတွေက လက်တွေ့ပွင့်မလာတာလည်း ဆန်းတော့မဆန်းပါဘူး….။
း) အင်း ကိုယ်တိုင်လက်တွေ့ ပဲ...။
ကိုယ့်အသားကိုယ်
လက်သည်းနဲ့ဆိတ်ကြည့်လို့ နာနေသေးချိန်ထိ
အရာအားလုံးက အဆွေးရုပ်ရှင်တကားကြည့်နေရသလိုမျိုး
လက်ရှိဖြစ်နေတဲ့ အကောင်းအဆိုးအားလုံးက
အိပ်မက်လောက်မလှတာ ဆန်းတော့မဆန်းပါဘူး…
သိပ်ကြိုက်မိတဲ့ အပိုဒ်လေးပဲ အစ်ကိုရေ
တစ်ပုဒ်လုံးကောင်းတယ်ဗျာ ...
"ဘာမှမဆန်းကျယ်တဲ့ လောကမှာ"
"ဆန်းတော့မဆန်းပါဘူး" ကိုမှတ်ထားမိတယ်..
အကိုရေ ကြိုက်လို့ ကူးသွားပရစေလို့
မသောက်ပဲမူး
တယောက်တည်းရူးနေရတာလည်း ကြာပြီ
မသောက်ပဲမူး
တယောက်တည်းရူးနေရတာလည်း ကြာပြီ
ဟုတ်တယ် ကိုဆောင်း၊ ဒီလိုပါပဲ ဆန်းတော့လည်း မဆန်းလှပါဘူးဗျာ။
အရာအားလုံးက အဆွေးရုပ်ရှင်တကားကြည့်နေရသလိုမျိုး
အရာအားလုံးက အဆွေးရုပ်ရှင်တကားကြည့်နေရသလိုမျိုးအရာအားလုံးက အဆွေးရုပ်ရှင်တကားကြည့်နေရသလိုမျိုး
တဲ့....။
မကြည့်ပဲမြင်နေရတာပါ အကိုရယ်....
ဘာမှ မဆန်းဘူး ဆိုတာကို ရေးထားတဲ့ အသုံးလေးတွေက ဆန်းပြီး လှနေတယ်။
ကိုဆောင်း
မသောက်ဘဲမူးတာက သောက်ပြီးမူးတာထက် ပိုမူးသလိုပါဘဲ၊ တနေ့တော့ အိမ်မက်ပန်းတွေက လှပတဲ့ကမ္ဘာမြေအောက် အစွမ်းကုန်ပွင့်လန်း လာတဲ့တနေ့ ရောက်လာအုံးမှာပါ၊ အဲဒီနေ့ကို စောင့်မျော်ရင်း ပန်းခင်းတွေရဲ့ အလယ်မှာ အိမ်မက်တွေကို အတူမက်ကြတာပေါ့။
အိပ်မက်ပန်းတွေ လက်တွေ့ပွင့်လာပါစေ လို့ ၀ိုင်းပြီး
ဆုတောင်းပါတယ် ကိုဆောင်းရေ။
အိပ်မက်ပန်းတွေ လက်တွေ့ပွင်မလာနိုင်ပေမဲ့
တခါတခါတော့လဲ.. အဲဒီအိပ်မက်ပန်းကိုပဲ
မြတ်နိုးနေမိတော့ တာ
Post a Comment