”နောင်တမြို့ရိုးကို စီးချင်းထိုးတဲ့ညနေ”
ဒီကဗျာကိုရေးတဲ့ ညနေမှာ
ကျနော်ဟာ
နောင်တတွေနဲ့ စီးချင်းထိုးနေခဲ့ပါတယ် မေမေ…
စားပွဲပေါ်မှာ
ဖွင့်မဖောက်ရဲတဲ့ စာအိတ်တွေက
အပြန့်ပြန့်အကျဲကျဲ
တော်တော်သူရဲဘောနည်းတဲ့ကောင်
မင်းဟာ…သွေးကြောင်တဲ့ကောင်ပဲပြောပြော…
အိပ်ယာဘေးမှာ
ဖွင့်နားမထောင်ရဲတဲ့ ရေဒီယိုတလုံးက
တုံးလုံးပက်လက်လဲ
တော်တော်သူရဲဘောနည်းတဲ့ကောင်
မင်းဟာ….သွေးကြောင်တဲ့ကောင်ပဲပြောပြော…
နံရံထက်မှာ
လှန်မကြည့်ရက်တဲ့ ပြက္ခဒိန်တချပ်က
ဖုံထူထူထပ်ထပ်
တော်တော်သွေးပျက်တဲ့ကောင်
မင်းဟာ..သူရဲဘောကြောင်တဲ့ကောင်ပဲပြောပြော…
ဒိုင်ယာရီဟောင်းထဲမှာ
ပြန်မဖတ်ချင်တဲ့ စာမျက်နှာတွေက
မင်နီနဲ့ရဲရဲ
တော်တော်သတ္တိနည်းတဲ့ကောင်
မင်းဟာ…သွေးပျက်နေတဲ့ကောင်ပဲပြောပြော….
ဘလော့စာမျက်နှာပေါ်မှာ
ရေးမချချင်တဲ့ ကဗျာတပုဒ်က
အခု.ငုတ်တုတ်ထထိုင်
မင်းသိပ်နေနိုင်တာပဲ..
မပြောချင်လို့ကြည့်နေတာကြည့်ပြီ…သိရဲ့လားတဲ့
ဒီလိုဆိုတော့လည်း
ကလေးမမွေးရဲတဲ့
ကိုယ်ဝန်ဆောင်မိခင်မရှိခဲ့ဖူးလို့
ကျနော်က ဟောဒီလောကကို
အခုလို တေးတပုဒ်ဆိုပြနိုင်တာပေါ့
တန်ဖိုးမဖြတ်နို်င်ခဲ့သော ကျေးဇူးပါမေမေ…
ဘာတခုမှမရခဲ့တာထက်စာရင်
ဘဝမှာ တစုံတခုထက်ပိုတဲ့
ရောင်စုံနောင်တတွေရခဲ့မယ်ဆိုရင်လည်း
ကျေနပ်တယ် ရဲရဲ
နေတတ်တယ် ရဲရဲ
အသေသတ်မယ်တကဲကဲလုပ်နေတဲ့
အချိန်တွေသိပ်မနည်းခင်
သုညကို အပေါက်ဖောက်
မရသေးတဲ့ နောင်တတွေအတွက်
လမ်းဆက်လျှောက်လိုက်တယ် မေမေ…။
Tuesday, June 30, 2009
Posted by ဆောင်းယွန်းလ at 7:57 PM
Subscribe to:
Post Comments (Atom)
13 comments:
ကျေနပ်တယ် ရဲရဲ
နေတတ်တယ် ရဲရဲ
အသေသတ်မယ်တကဲကဲလုပ်နေတဲ့
အချိန်တွေသိပ်မနည်းခင်
သုညကို အပေါက်ဖောက်
မရသေးတဲ့ နောင်တတွေအတွက်
လမ်းဆက်လျှောက်လိုက်တယ်
မေမေ့ ကို တမ်းတတဲ့ကဗျာလေးပေမဲ့
လူတိုင်း ခံစားလို့ ရပါတယ်
ကိုဆောင်းယွန်းရေ..
နောင်တတွေ မရကြေး..
အင်း...
ရဖူးမှပဲ... နောင်တဆိုတာ ဘာလဲ သိကြရတာလေ...
နောင်တရဖူးခဲ့တဲ့ လူတယောက်
လာမန့်သွားတယ် ညီရေ့...
အစစ အရာရာ အဆင်ပြေပါစေ...
လမ်းဆက်လျှောက်မှာပဲလေ အစ်ကို ရောင်စုံနောင်တတွေရလည်း....
အမှန်တရားအသစ်တွေရှာရင်း...
လမ်းတွေ ရဲရဲ ဆက်လျှောက်ရဦးမှာ...
ဖတ်ပြီးတော့ ရင်ထဲမှာ တစ်ခုခု ကျန်ခဲ့တယ် အကိုရ။ ဘာလဲတော့မသိဘူး။ ဒါပေမယ့် ဖတ်လို့ကောင်းတာတော့ အမှန်ပဲ။ =)
နောင်တဆိုတာမချိုပေမယ့်
ဘဝမှာတော့ မလိုလည်းသယ်သွားနေရတဲ့အရာတစ်ခု
ပါပဲ။
မရသေးတဲ့ နောင်တတွေအတွက်
လမ်းဆက်လျှောက်လိုက်တယ် တဲ့လား ။ အဲဒီလို ပြောင်းပြန်အတွေးမျိုး သိပ်ကြိုက်တယ်။
မရေးသေးတဲ့နောင်တတွေအတွက်
လမ်းဆက်လျှောက်ရင်း
ကျေနပ်တယ်ရဲရဲ ...
ကောင်းသောနေ့ပါအစ်ကိုရေ ...
အဲဒီနောင်တ တွေပဲ စီးချင်း ထထထိုးနေရတာ ။ဘယ်တော့မှ ကျေလည်မလဲ မသိ ။
တွေးတွေးပြီး ခံစားသွားတယ်ဗျ ကိုဆောင်း ။ ကောင်းသောနေပါ ။း)
စကားပြေကို အတည့်ရေးတာတောင် တ၀က်ရိပ်မမိသူဆိုတော့ ကဗျာဆိုတော့ ပိုဆိုးတာပေါ့။ ဒါပေယ့် ဒီကဗျာလေးကို ဖတ်ရတာ အမေကို တိုင်တည်ထားလို့လား မသိဘူး တမျိုးတော့ ခံစားရတယ်။ နောင်တဆိုတာ အချိန်လွန်မှရတဲ့ အသိတရားဆိုရင် မှန်းမှန်းသိမှ ရတာဖြစ်လို့ အမှန်ကို သိရတာကိုက အမှားထဲက ရတဲ့အမြတ်ပဲ မဟုတ်လား။ အမှန်ကို သိသွားသူတယောက်ဟာ အမှားထပ် လုပ်စရာ မရှိတော့တဲ့အတွက် မရသေးတဲ့ နောက်ထပ် နောင်တဆိုတာ ရှိသေးလို့လား။
ကဗျာကောင်းလေးဘဲ အကိုရေ...ဖတ်လို.
ကောင်းတယ်ဗျာ
နောင်တဆိုတာ...
နာကျင်စရာတွေ ပီပီပြင်ပြင်ရှိမယ်..
သင်ခန်းစာ အသစ်တွေ ပြဌာန်းထားလိမ့်မယ်...
မုန်းတီးခြင်းတစ်ချို့နဲ့ ခါးခါးသက်သက်နိုင်နေမယ်..
ဆုံးရှုံးခဲ့၇မှာလည်း အသေအချာပေါ့..အကိုရေ...
ဒါပေမယ့် ဘ၀က ပိုပြီးကျစ်လစ် သွားခဲ့တာ...
ဘ၀ က ကိုပြီးရင့်ကျက်သွားခဲ့တာ..
ဘ၀ ကပိုပြီး ခန့်ငြားသွားခဲ့တာ
စိတ်နဲ့ ရင်းပြီးဝယ်ယူလိုက်ရတာ လေတွေပေါ့ အကိုရယ်..
ဘာတခုမှမရခဲ့တာထက်စာရင်
ဘဝမှာ တစုံတခုထက်ပိုတဲ့
ရောင်စုံနောင်တတွေရခဲ့မယ်ဆိုရင်လည်း
ကျေနပ်တယ် ရဲရဲ
နေတတ်တယ် ရဲရဲ
ကျေနပ်နေတယ် နေတတ်နေပါတယ်
ကြိုက်တယ် အကိုရေ။ ကဗျာကို copy ကူးသွားပြီနော်။
Post a Comment