Monday, July 6, 2009

”စိတ်အစာမကြေတဲ့ ကဗျာ”
ငှက်တအုပ်ပျံသန်းသွားမှုကိုတောင်
ယောင်ရမ်းပြီးတွေ့မြင်ခွင့်မရတဲ့ ညနေခင်းဟာ
ဇီဝလက်နက်နဲ့ အဖျက်ခံထားရတဲ့
စစ်ပွဲပြီးစ မြို့ပျက်လိုပါဘဲ…

တယောက်အပူကိုတယောက် ထိုးဖောက်မြင်နေရရက်
အားပေးဖို့နှုတ်ခမ်းတွေက ဆွံ့အခြောက်ကပ်
လမ်းမတခုထက်က မီးကျိုးမောင်းပျက်ညနေခင်းဟာ
စိတ်အဆာပြေတေးတပုဒ်ကိုတောင် နှုတ်ခမ်းမလှုပ်
မကြာခင်မှာ မိုးငုတ်တုတ်ချုပ်တော့မှာသေချာနေပြန်ပြီ…..

လွတ်မြောက်ရာလမ်းကို တလှမ်းချင်းလျှောက်ရင်း
ထွက်ပေါက်တွေကျပျောက်နေခဲ့ရတဲ့အခါ
ညနက်သန်းခေါင်ဆိုတာ
အရုဏ်ကိုမျက်ခြေဖျက်ထားတဲ့ တံခါးတချပ်ပေါ့…

နံရံကပ်ပန်းချီကားချပ်ပေါ်က
တောင်ကျချောင်းစီးသံလွင်လွင်ကိုတောင်
နားထောင်ခံစားခွင့်မရှိတဲ့အခါ
နာရီအသေတွေပေါ်မှာ အဆိပ်ထပ်သင့်
ဘယ်တရားပဲကျင့်ကျင့် ခန္တီပါရမီမရင့်တော့ဘူး….

အရင်းအနှီးကြီးကြီးပေးပြီး ဘဝနဲ့လဲယူထားခဲ့ရတဲ့
အပြုံးစစ်စစ်တွေနဲ့ လွဲနေတဲ့အခိုက်
တဆောင်းလုံးထုတ်ပိုးထားရတဲ့ အလွမ်းတွေကိုဖြည်ချဖို့
တိုးတိုးဖော် ရင်ခွင်တနေရာစာတောင်မရှိတဲ့အခါ
အပူရောင်လွှမ်းနွေငွေ့သမ်းနေတဲ့ လေကြမ်းတွေသာ
နှလုံးသားကို မုန်တိုင်းလိုတိုက်တာမို့်
တုံးတိုက်တိုက် ကျားကိုက်ကိုက်
လူမိုက်တယောက်ပဲဖြစ်ချင်လာမိတော့တယ်…..။

13 comments:

ATN said...

ရင်ခုန်သံတွေ တူညီနေပါပေါ့လား ကိုယ့်ညီ...

bingo said...

ဘဝထဲက ကဗျာတပုဒ်ကိုထပ်ဖတ်ရတဲ့အတွက်ကျေးဇူးပါ။ နိမိတ်
်ပုံတခို့ကိုကြိုက်တယ်၊ ခံတွင်းတွေ့လို့
မှတ်ထားလိုက်တယ်။

မယ့်ကိုး said...

တုံးတိုက်တိုက် ကျားကိုက်ကိုက်
လူမိုက်တယောက်ပဲဖြစ်ချင်လာမိတော့တယ်…..။

အဲဒီစာသားလေးက လူတော်တော်များများနဲ့ ဆင်နေတယ်။
နောက် မီးကျိုးမောင်းပျက်ဆိုတဲ့ ဝေါဟာရကို အစ်ကို့ ရဲ့  မူရင်းစာလုံး လို့  ပဲ စိတ်ထဲထင်ပြီး နှစ်သက်မိတယ်။

မိုးစက်အိမ် said...

ဘ၀ ခံစားချက် လေးတွေရဲ. တစိတ်တဒေသ
ဖွင်.ဟ ထားတဲ. ခံစားမူ ကဗျာလေးပါဘဲဗျာ

emayarKhin said...

လူမိုက်လုပ်ရင်အခွင့်အရေး
ပိုရတယ်တဲ့အကိုရေ...........(ဒီခေတ်ကြီးမှာ)
ကဗျာကောင်းလေးကိုခံစားသွားပါတယ်.........

မမသီရိ said...

အရင်းအနှီးကြီးကြီးပေးပြီး ဘဝနဲ့လဲယူထားခဲ့ရတဲ့
အပြုံးစစ်စစ်တွေနဲ့ လွဲနေတဲ့အခိုက်
တဆောင်းလုံးထုတ်ပိုးထားရတဲ့ အလွမ်းတွေကိုဖြည်ချဖို့
တိုးတိုးဖော် ရင်ခွင်တနေရာစာတောင်မရှိတဲ့အခါ
အပူရောင်လွှမ်းနွေငွေ့သမ်းနေတဲ့ လေကြမ်းတွေသာ
နှလုံးသားကို မုန်တိုင်းလိုတိုက်တာမို့်
တုံးတိုက်တိုက် ကျားကိုက်ကိုက်
လူမိုက်တယောက်ပဲဖြစ်ချင်လာမိတော့တယ်…..
......
အဖော်ရပြီ..
လူမိုက် လုပ် ချင်နေတယ်
အတူတူ ပဲ
ကိုယ်စား များ ရေးပေးသလားလို့
တွေးနေမိတယ်

ကိုအောင် said...

အပေါ်က မိတ်ဆွေများ ပြောသွားသလိုဘဲ ထပ်တူထပ်မျှ
ပါ။

Moe Cho Thinn said...

လူမိုက်စာရင်းထဲ ၁ ထည့်ပေါင်းလိုက်.. :)

အိုင်လွယ်ပန် said...

စိတ်အစာမကြေတဲ့ကဗျာ ...
ဖတ်သွားပါတယ်အစ်ကို ....

mgngal said...

တူတူမိုက်ကြတာပေါ့ဗျာ ။ ကဗျာဖတ်ပြီး ဓာတ်ကူးသွားတာ ။ :D

အိန္ဒြာ said...

အကိုရေ...

လူမိုက်နဲ့ လူယုတ်မာနဲ့ကတော့ ကွာတယ် နော်...

ကဗျာလေးကောင်းလိုက်တာ...

rose of sharon said...

ကဗျာလာဖတ်သွားပါတယ်

ကောင်းကင်ပြာ said...

အပြုးစစ်စစ်တွေနဲ့ အမြဲလွဲခဲ့ရလို့
တိုးတိုးဖေါ် ရင်ခွင်တနေစာ မရှိခဲ့လို့
တုံးတိုက်တိုက် ကျးကိုက်ကိုက်
အကိုရေ တနေရာလောက်ကျန်သေးရင် အကိုတို့နဲ့ အတူ လူမိုက်လုပ်ပရစေ