Saturday, July 11, 2009

”နေ့ယောင်ဆောင်ထားတဲ့ည”
ဘုရားသခင်ရဲ့ လက်တဖက်ကို
သူ့ရဲ့လက်တဖက်နဲ့ ကြောက်လန့်တကြားဖက်တွယ်ထားတဲ့ညဟာ
အားလပ်နေတဲ့ သူ့ရဲ့ကျန်လက်တဖက်နဲ့
လမ်းကြားအရက်ပုန်းဆိုင်မှာ တခွက်တဖလားမော့သောက်ပြီးတော့မှ
လိုင်စင်ရလူသတ်ကောင်ကို မွေးထုတ်ဖို့အတွက်
အင်္ဂုလိမာလသုတ်ကို အားပါးတရရွတ်ထုတ်လိုက်တယ်
ကဲ.ကောင်းကြသေးရဲ့လား..အရပ်ကတို့ရယ်…

တရားတွေမူးနေတဲ့ ညဟာ
မတရားရူးသွပ်သွားတဲ့ ရွဲကုန်သည်တယောက်ရဲ့အဖြစ်လိုမျိုး
တစ္ဆေအပူးခံထားရတဲ့ သရဲသဘက်တကောင်လိုမျိုး
ကိုယ့်အရိပ်ကိုယ်ပြန်ပြီး စိုးရွံ့ထိတ်လန့်
ခြုံထည်အောက်မှာ ပုန်းလျှိုးဝှက်လျှိုးလက်သိပ်ထိုးထားတဲ့
ယားယံနေတဲ့သူ့ရဲ့အရေပြားကို အသန်စွမ်းဆုံးအားအင်နဲ့ကုတ်ဖဲ့
သူ့ကိုယ်သူ သူသေတွင်းထဲပစ်မှန်းမသိပစ်ထည့်နေတဲ့အခိုက်မှာ
6 feet under လို့အင်္ဂလိပ်လိုခေါ်ဝေါ်သမုတ်တဲ့စကားဟာ
အပြစ်မဲ့သူတွေရဲ့အနား အချိန်မတိုင်ခင်မှာခေါင်းတလားတလုံးအဖြစ်ရောက်သွားတယ်
ကဲ.ကောင်းကြသေးရဲ့လား…အရပ်ကတို့ရယ်…

ညဟာ သူ့ဝန်းကျင်တခိုရဲ့ အေးစက်ခြောက်ကပ်နေမှုတွေကို
သူ့ရဲ့ပါးစပ်တခြမ်းက ရွေှ့ပြည်အေးတရားတပုဒ်နဲ့ ချွေးစိုဖို့ကြိုးစားသလို
သူ့ရဲ့ကျန်တဲ့ပါးစပ်တခြမ်းကတော့ မြွေဟောက်တကောင်လိုတွန်
မိုးလယ်ခေါင်မှာ လွန်ဆွဲနေရတဲ့သူရဲ့မြေကြီးဟာ
အဆိပ်အတောက်တွေသာ ကွဲအက်လို့သီးပွင့်
အိမ်ကွင်းမှာစစ်တိုက်တမ်းကျင့်နေတဲ့ ညနက်ဆိုးအမှောင်
သမားယောင်ဆောင်ရင်း မြှားအစင်းတထောင်ကိုမြိုချထားတဲ့ကောင်
သူ့ရဲ့အမိုက်နဲ့မှောင်နေတဲ့ညကို နေ့မျက်နှာဖုံးစွပ်
မကျွတ်နိုင်မယ့်အဓမ္မကိုကျင့်ရင်း အသူရကာယ်ထဲဆင်းမယ့်ကောင်
ညထက်ပိုပြီးမှောင်တဲ့ညနဲ့ နေ့ယောင်ဆောင်ပြီးဟန်လုပ်နေရတဲ့ကောင်ပေါ့….။

8 comments:

အိုင်လွယ်ပန် said...

စကားလုံးတွေရဲ့ အား .......
....................................
...................................
................................

အသုံးအနှုံးတွေ ဂရုတစ်စိုက် ဖတ်သွားတယ်အစ်ကို ...

သိပ်ကောင်းတယ် ။

Unknown said...

ကိုဆောင်းရေ...

ထပ်တူခံစားသွားပါတယ်..

ညထက်ပိုပြီးမှောင်တဲ့ညနဲ့ နေ့ယောင်ဆောင်ပြီးဟန်လုပ်နေရတဲ့ကောင်ပေါ့….။

အမြဲရောက်ဖြစ်ပါတယ် ကိုဆောင်းရေ....

ဘာမှမရေးဖြစ်ခဲ့တာပါ....

ခင်တဲ့
ပြည့်စုံ

မယ့်ကိုး said...

သမားယောင်ဆောင်ရင်း မြှားအစင်းတထောင်ကိုမြိုချထားတဲ့ကောင်

စကားလုံးအတွဲအစပ် အသုံးအနှုန်းကို အမြဲသဘောကျပါတယ်။
အယောင်ဆောင်တွေ ..... ခါးပေမယ့် ကဗျာလေးက လှတယ်...

Nyein Chan Aung said...

ဘုရားသခင်ရဲ့ လက်တဖက်ကို
သူ့ရဲ့လက်တဖက်နဲ့ ကြောက်လန့်တကြားဖက်တွယ်ထားတဲ့ညဟာ
အားလပ်နေတဲ့ သူ့ရဲ့ကျန်လက်တဖက်နဲ့
လမ်းကြားအရက်ပုန်းဆိုင်မှာ တခွက်တဖလားမော့သောက်ပြီးတော့မှ
လိုင်စင်ရလူသတ်ကောင်ကို မွေးထုတ်ဖို့အတွက်
အင်္ဂုလိမာလသုတ်ကို အားပါးတရရွတ်ထုတ်လိုက်တယ်
ကဲ.ကောင်းကြသေးရဲ့လား..အရပ်ကတို့ရယ်…

စိတ်စမ်းရေ said...

တရားတွေမူးနေတဲ့ ညဟာ
မတရားရူးသွပ်သွားတဲ့ ရွဲကုန်သည်တယောက်ရဲ့အဖြစ်လိုမျိုး
ဟုတ်တယ်ဗျို့ တရားတွေ မူးနေတယ်နဲ့
တူပါတယ်....။

အိန္ဒြာ said...

ညထက်ပိုပြီးမှောင်တဲ့ညနဲ့ နေ့ယောင်ဆောင်ပြီးဟန်လုပ်နေရတဲ့ကောင်ပေါ့….။

အတုတွေက အစစ်ထက် ပြိုးပျက်လင်းလက်ပြချင်ကြတာ အကို..

ထောက်ခံတယ်..

Anonymous said...

မကျွတ်နိုင်မယ့်အဓမ္မကိုကျင့်ရင်း အသူရကာယ်ထဲဆင်းမယ့်ကောင်

ခံစားသွားတယ်အကို

hanlinhtun

mgngal said...

ညထက်ပိုပြီးမှောင်တဲ့ညနဲ့ နေ့ယောင်ဆောင်ပြီးဟန်လုပ်နေရတဲ့ကောင် ... တအားလှတယ်ဗျာ အဲဒီအရေးလေး ။