Thursday, August 27, 2009

”ကဗျာ”

ကိုယ့်အကြိုက်နဲ့
တည့်တည့်တိုက်မိတဲ့အခါ
တကိုယ်လုံးကို
ပစ်ချခံရဲတယ်
နက်နက်
နဲနဲ..

ရေတွင်းထဲကျသွားရသလိုမျိုးပဲ
ပြန်တက်ဖို့တောင်
မိုးက
မှောင်သွားခဲ့ပြီ…

ဒါကြောင့်…….
ဒီတွင်းထဲမှာပဲ
တရေးတမော
အနားယူရင်
ကောင်းမလားလို့
ကောင်းမလားလို့
ကောင်းမလားလို့
ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ
စဉ်းစားမိရင်း…

အင်း………….
ချဉ်ခြင်းက
ပြန်တပ်လာမိ
တကျိုက်
ကျိုက်မိပြန်လေရဲ့
ကြိုက်မိပြန်လေရဲ့…

ဒီလိုနဲ့
တပိုဒ်ပြီး
တပိုဒ်
နှုတ်ကို
တည့်တည့်လာတိုက်တယ်….

ဒီလိုနဲ့..
တပုဒ်ပြီး

တပုဒ်
စိတ်ကို
တေ့ဖြုတ်ခံလိုက်ရတယ်.....။

မှတ်ချက်။ ။ မနော် (မနော်ဟရီ)ရဲ့ ကျမချစ်သောကဗျာများဘလော့ပေါ်မှာလောလောလတ်လတ်တင်ထားတဲ့
ကဗျာဆရာလူဇော်သစ်ရဲ့ ကဗျာတွေကိုဖတ်မိပြီးတဲ့နောက် ဒီကဗျာလေးကို
”ကဗျာ”ဆိုတဲ့ခေါင်းစဉ်နဲ့ရေးဖြစ်သွားခဲ့ပါတယ်။


14 comments:

Anonymous said...

ဟုတ်တယ်ဗျာ (ဟိုလွန်ခဲ့တဲ့ဆယ်စုနှစ်များကျော်ကျော်က သစ္စာနီရဲ့ စာပေအင်းတာဗျူး ကို မဂ္ဂဇင်းတခုမှာဖတ်မိပြီး ကဗျာအရသာကို တို့ထိ တို့ထိ မြီးစမ်းကြည့်မိတယ်။ သိပ်အထင်မကြီးနဲ့ပ ယခုထိလျှာထူးတုန်း) ဖတ်သူတယောက်အနေဖြင့်လည် တပိုဒ်ပြီး တပိုဒ်ပြီး စကားလုံးတလုံး ချင်တလုံးအရသာတွေ့တွေ့သွားရင်း မြိန်ရေယှက်ရေ စားသုံးမိတော့တာ ”ကျိုက်မိပြန်လေ ကျိုက်ပြန်လေ” ဆိုသလိုပါပဲ။
လေးစားစွာဖြင့်
ကန

လင်းဒီပ said...

ဟုတ်တယ်အစ်ကို
တချို့ကဗျာတွေက ဖတ်ရင်း ဖတ်ရင်း လှိုက်လှိုက်တက်လာတယ်...ဟိုတနေ့က မောင်ချောနွယ် ကဗျာဖတ်တုန်းကလည်း အဲလို ခံစားမိတယ်..။

မယ့်ကိုး said...

ဒီတစ်ပုဒ်ကို စစဖတ်တော့ အရင်ရေးဟန်နဲ့ ကွဲနေလို့ အစ်ကိုရေးတာ ဟုတ်မှဟုတ်ရဲ့လားတောင် ထင်မိပါတယ်။
ကဗျာလေး ကြိုက်ပါတယ်။

စိတ်ကို
တေ့ဖြုတ်ခံလိုက်ရတယ်.....။ =)

မြစ်ကျိုးအင်း said...

ကဗျာဆရာတယောက်ရဲ့ချဉ်ခြင်းကို တွေ့လိုက်ရတယ်။
တပုဒ်ပြီးတပုဒ် ဆက်ရေးသွားသလို မှတ်တိုင်တွေလည်း တတိုင်ပြီးတတိုင်
စိုက်သွားကြတာပေါ့...။

MANORHARY said...

စိတ်ကိုတေ့ဖြုတ်ခံလိုက်ရတယ်...တဲ့လား
ဒီလိုနဲ့ ကဗျာဆရာနဲ့အတူ ကိုယ်တိုင်လည်း
ကျိုးပဲ့ကြေကွဲ အနေရဲတတ်လာခဲ့တာပဲပေါ့

tin min htet said...

ခံစားချက်တူတဲ့ ကဗျာဖတ်ရရင်
ကိုယ်တိုင်ရေးထား သလိုမျိုး ခံစားရတယ် ..

အိုင်လွယ်ပန် said...

ပျော်မွေ့နေတတ်ရင်
ကဗျာ ဟာ
နေထိုင်စရာ ကမ္ဘာ တစ်ခုပါ အစ်ကို ...

မမသီရိ said...

အနားယူရင်
ကောင်းမလားလို့
ကောင်းမလားလို့
..တခါ မစဉ်းစား မိဘူး
တပြိုင်နက်တည်း မှာ ပဲ
ကိုယ့် ကိုကိုယ် ကဗျာ ဆရာ လို့
တခါ မှ မသတ်မှတ်ဖြစ်ဖူး..း)..
..
စိတ်ကို
တေ့ဖြုတ်ခံလိုက်ရတဲ့ အခိုက် ချ ချ ရေးထား လိုက်တာပဲ ကိုဆောင်းယွန်းရေ..

အနားတော့ မယူပါနဲ့..
တောင်းပန်ပါရစေ နော်..

ဖိုးမောင်(happycloud) said...

အကိုရေ... ကဗျာဆိုတာ အမြဲပျော်မွေ့နေမယ်ဆိုရင် ကျေနပ်စရာကောင်းမယ်ဗျာ...
ကဗျာဆိုတဲ့ ကဗျာလေးကို ဖတ်သွားပါတယ်အကို..

ကိုအောင် said...

ကဗျာလာဖတ်သွားပါတယ် အကို၊ အားပေးလျက်။

mgngal said...

ဒီကဗျာလည်း ကျနော့်စိတ်ကို တေ့ဖြုတ်သွားတာပါပဲဗျာ ။
ကဗျာအကြောင်းရေးတဲ့ ကဗျာတွေလောက် ရင်ထဲ ထဲထဲဝင်ဝင်ရောက် တာ မရှိဘူး ။ ဒီအပိုဒ်လေး ပိုကြိုက်မိတယ် ။

ချဉ်ခြင်းက
ပြန်တပ်လာမိ
တကျိုက်
ကျိုက်မိပြန်လေရဲ့
ကြိုက်မိပြန်လေရဲ့…

ကောင်းကင်ပြာ said...

အကို့ ကဗျာလေး ကြိုက်လိုက်တား)

ကိုရင်ညိန်း said...

အကိုရေ

'ကဗျာ' တဲ့
တစ်ကျိုက် ကျိုက်မိ ပြီး
ကြိုက် သွားတယ်ဗျို့ 
အဟေးဟေး...

Anonymous said...

အကိုရေ လာလည်ပါတယ် နေကောင်းလား