Monday, September 21, 2009


”ငါးအတုတကောင် မှန်လှောင်ကန်တခုထဲမှာ”

ကိုယ်ပိုင်သတ်ပုံလွဲခဲ့တဲ့
နာရီမျက်မည်းထဲ
ကိုယ်တိုင်တိုးဝင်မိချိန်ကတည်းကစပြီး
ငါ့လောကကြီး ဘာဖြစ်သွားမှန်း
ငါကိုယ်တိုင် မသိခဲ့ရ
လောကကြီးကိုယ်တိုင်ကလည်း
ငါ့ကို စာပြန်မချနိုင်ခဲ့တော့သလိုလို
အဲဒီအချိန်တွေကစလို့ ဆိုပါတော့
ငါဟာ..
ရေရှင်မှာ မကူးခတ်နိုင်တော့တဲ့
ငါးအတုတကောင်ဖြစ်ခဲ့ရ
ရေတိမ်မှာနစ်ခဲ့ရပါတယ် ကောင်မလေးရေ…

ဝစ်စနှလုံးပေါက်တစုံ
ငါ့အပေါ်ကို ရင်ခုန်လမ်းမှားလျှောက်လိုက်ရုံနဲ့တင်
ငါ့ဘဝတခုလုံး စုံလုံးကန်းစုတ်ပြတ်သတ်
ပါးဟပ်အတုနဲ့ အသက်လုနေခဲ့ရတဲ့
ငါးအတုတကောင်ဘဝကိုလည်း
ရောက်ခြင်းမလှ ရောက်ခဲ့ရ
ငါးပင်စင်ရခဲ့ပါတယ် ကောင်မလေးရေ…

အခုတော့…
တနေ့လုံး မောပမ်းစွာရပ်တန့်နေရမှုတွေနဲ့
ငုတ်တုတ်နာရီတွေရဲ့ တိုင်တခုမှာ
အခါခါ ချည်နှောင်ခြင်းခံထားရတဲ့
ငါ့ဗီဇစိတ်ဓာတ်တခုဟာ
ချော်လဲရောထိုင်နေရမှုတခုဆိုတာထက်
ဘာမှ ပိုပြီးမထက်မြတ်နိုင်ခဲ့တော့သလို
ဘယ်ကမ္ဘာ ဘယ်ခရီးကိုမှလည်း
မကူးခတ်နိုင်ခဲ့တော့ပါဘူး ကောင်မလေးရေ..

အခုတော့…
ငါက ရေကူးထပ်မသင်ချင်တော့တဲ့
ငါးအတုတကောင်ပေါ့
တစုံတဦးဆီကနေ
နောက်ထပ်တစုံတယောက်က ထပ်လုဝယ်မှာကို
ကြောက်ကြောက်နဲ့ စောင့်နေခဲ့ရတဲ့
ငါးအတုတကောင်ပေါ့ ကောင်မလေးရေ….

ဟုတ်တယ်…
ဘယ်သူ့လက်ထဲရောက်ရောက်
မှန်လုံလှောင်ကန်ထဲက မလွတ်မြောက်သရွေ့
ကိုယ့်ဘဝကို ကိုယ်မေ့နေရမယ့်
လှောင်ကန်ပျော် ငါးအတု
ငါ..အခုဖြစ်နေခဲ့ရပါပြီ ကောင်မလေးရေ….

ဟောဒီမှာ….
ငါးအတုတကောင်ဟာ
အစာကို ငံ့တလင့်လင့်ဆိုတဲ့
မျှော်လင့်ခြင်းအတု တရားတခုကို
ဝတ်ကျေတမ်းကျေ ကျင့်နေရုံကလွဲပြီး
နောက်ထပ် ငရဲကြီးစရာအလုပ်
ဘာမှ ထပ်မလုပ်နိုင်တော့ဘူးဆိုတာကိုရော
မင်းသိနိုင်ပါရဲ့လား ကောင်မလေးရေ…

တကယ်ဆိုရင်..
ငါးမွေးကန်လှလှလေးတခုရဲ့
ကျောက်ခက်ကျောက်သား အတုတွေထဲ
ကိုယ်တိုင်ကိုယ်ကျ ဆင်းသက်ခဲ့ရတဲ့
ဘဝငရဲကို…ငါ
သံယောဇဉ်ကြိုးတွေနဲ့ ချည်မြဲခံခဲ့ရတဲ့
ကံကြမ္မာအနှောင်အဖွဲ့တခုကြောင့်သာ
လှပစွာရောက်ခဲ့ရတာပါ ကောင်မလေးရေ…

ဒီမှာ..
ငါးအတုတကောင်ရဲ့ ငရဲတခုနဲ့
ငါးအတုတကောင်ရဲ့
အသက်ရှုသံအတုတွေကို
ဘယ်သူကြားသိနိုင်မှာလဲ
မှားမိတဲ့ ဟောဒီဘဝ
ဝစ်စနှစ်လုံးပေါက်တစုံက စခဲ့တာပေါ့ ကောင်မလေးရေ…

တချိန်တခါတုန်းက.
ကျောက်ခက် ရေမှော်တွေကို
ပေါ့ပေါ့ပါးပါး လွတ်လပ်စွာစားခဲ့ရတဲ့
ငါးအစစ်တကောင်ဟာ
အခုတော့…
ငွေရောင်ကြေးရောင် ရောထွေးပေကျံနေတဲ့
ငါးစာတွေကိုသာ
နေ့ညမပျက် အလုအယက် စားနေရရင်း
မှန်လှောင်အိမ်တွင်း အသက်ပြင်းနေခဲ့ရ
အလှကြည့်ခံ အကျဉ်းစံငါးတုဘဝနဲ့သာ
ငါးလွှတ်ရက် တရက်ကို
အသက်နဲ့အမျှ စောင့်ဆိုင်းနေခဲ့ရပါတယ် ကောင်မလေးရေ….။

5 comments:

မယ့်ကိုး said...

အခုတလော ငါးတွေအကြောင်းဖတ်ရတာ သိပ်သဘောကျတယ်။
ဒဏ်ရာတွေ ဝန်းရံနေတဲ့ စာလေးက နှလှလွန်းရဲ့...ကြေကြေကွဲကွဲ။

နှင်းဟေမာ said...

အစ်ကိုဆောင်းရေ........
အရမ်းကြေကွဲစရာတွေကောင်းနေတယ်
အရမ်းလည်း နက်ရှိုင်းနေတယ်
အသက် နဲ့ အမျှ စောင့်ဆိုင်းနေခဲ့ရတဲ့ ရက်၊လ နှစ်တွေ အမြန်ကုန်ဆုံးပါစေလို့ ဆုတောင်းပေးခဲ့ပါတယ် အစ်ကို...
ညီမလေး နှင်း

အိုင်လွယ်ပန် said...

ငါး အတု တစ်ကောင် အန်ချလိုက်တဲ့ စာသားတွေ
လာငေးသွားတယ် အစ်ကို ..

မမသီရိ said...

ငါဟာ..
ရေရှင်မှာ မကူးခတ်နိုင်တော့တဲ့
ငါးအတုတကောင်ဖြစ်ခဲ့ရ
ရေတိမ်မှာနစ်ခဲ့ရပါတယ် ကောင်မလေးရေ…
..
ရေအရှင် မှာ အမြန် ပြန်ပြီး ပျော်ခွင့်ရပါစေ

အားတွေ မလျှော့ တမ်းပေါ့ ရှင်

emayarKhin said...

ဒီကဗျာလေးဖတ်ရင်းနဲ့
ငါးအတုလား..အစစ်လား
ဝေခွဲတတ်ချင်လာတယ်....