Tuesday, September 22, 2009

”ကဗျာကမ်းနဖူးမှာ ယဉ်ယဉ်လေးရူးနေတဲ့…အလွမ်းရူး”

အမြဲရွဲ့နေတဲ့ကောင်
ဘယ်သူ့စကားမှလည်း နားမထောင်ချင်ဘူး..

အမြဲစောင်းနေတဲ့ကောင်
ဘယ်သူအချိုးချချ
ကိုယ်က တည့်တည့်နေမပြချင်ဘူး…

ဘယ်ခွက်ထဲထည့်ထည့်
ကိုယ့်ပုံစံကလွဲပြီး ဘယ်ပုံစံမှမထွက်ဘူး
ဘယ်ပေတံနဲ့တိုင်းတိုင်း
ကိုယ်က ခပ်ရိုင်းရိုင်းပဲ ယဉ်ကျေးတတ်တယ်….

အရာရာကို
အကောင်းမြင်ဝါဒနဲ့ ကြည့်နိုင်ဖို့အတွက်
နဲနဲတော့ ခက်နေသေးတယ်
တချို့အရာတွေကို
အဆိုးမြင်ဝါဒနဲ့ ကြည့်နိုင်ဖို့အတွက်
နဲနဲတော့ လွယ်ကူခဲ့တယ်….

ဘယ်သူသဘောတူတူ မတူတူ
ကိုယ့်အယူနဲ့ကိုယ် ကွဲလွဲစွာနေထိုင်တယ်
လွဲမှားတယ်ပဲပြောပြော
ကိုယ့်သဘောနဲ့ကိုယ်
ဘဝကို ဂျစ်ပစီတကောင်လိုကျင့်ခဲ့ပြီး
စိတ်တွေကို ဂျစ်ပစီတကောင်လိုလွှင့်ခဲ့တယ်….

ဟန်ဆောင်နေရမှ
အချိုးလှနေတတ်တဲ့ လူ့အသိုင်းအဝိုင်းထဲမှာ
ကိုယ်က အရိုင်းကျောက်ခဲတလုံး
ဘယ်သူသုံးသုံး မသုံးသုံး
ကိုယ့်နှလုံးနဲ့ကိုယ် ကိုယ့်ထုံးကိုယ်မူတယ်….

လူရယ်လို့ဖြစ်လာကတည်းက
ကိုယ်က အားနည်းတဲ့ဘက်မှာ နေသားကျခဲ့တယ်
လက်ဖဝါးနှစ်ဖက်နဲ့ ရုံပွဲမကြည့်တတ်ပေမယ့်
နှလုံးသားတစုံနဲ့တော့
အားနည်းသူကို ဝိုင်းကူရင်ခုန်ပေးတတ်ခဲ့ပါတယ်…

ဘာရယ်မဟုတ်ပါဘူး
လူတိုင်းသုံးဖူးတဲ့ လက်သုံးစကား
လူတိုင်းလည်း ကြားဖူးမှာပေါ့
လူတိုင်း တယောက်တနေရာ
သူ့အထာနဲ့သူ ရူးသွပ်နေကြတယ်ဆိုတာ…....

ဒီတော့
ကိုယ်လည်း ကိုယ့်ရုးသွပ်မှုနဲ့ကိုယ်
ကိုယ့်မာနအိုအိုတွေအပေါ် တွဲခိုနေပျော်ရုံလောက်ပါ
တချို့တဏှာရူး တချို့အချစ်ရူး
တချို့အာဏာရူး တချို့ဥစ္စာရူး
တချို့ဘဝင်ရူး တချို့….ရူး
တဒေါင့်တနေရာစီရူးနေကြတဲ့ အရူးလောကမှာ
ကိုယ်က တမျိုးတဘာသာ ခပ်ဆန်းဆန်း
ကိုယ့်အမြင်ခပ်ကြမ်းကြမ်းတွေပေါ်မှာ
တစုံတရာကို ယဉ်ယဉ်လေး လွမ်းနေတတ်တဲ့ကောင်
ကဗျာကမ်းနဖူးမှာ တောင်တောင်မြောက်မြောက်တွေးရင်း
ယဉ်ယဉ်လေးရူးနေတဲ့ အလွမ်းရူး…………………………….။

16 comments:

Unknown said...

အစ်ကိုဆောင်းရေ....
တချို့တဏှာရူး တချို့အချစ်ရူး
တချို့အာဏာရူး တချို့ဥစ္စာရူး
တချို့ဘဝင်ရူး တချို့….ရူး
ကဗျာလေးက မိုက်တယ် .....
ညီမလေးလည်း ရူးတဲ့ထဲက တစ်ယောက်ပဲ အဟဲ ဒါပေမယ့် ..... ”ကဗျာကမ်းနဖူးမှာ ယဉ်ယဉ်လေးရူးနေတဲ့…အလွမ်းရူး”
ပဲလုပ်တော့မယ်နော် .....းp
ညီမလေး
နှင်းဟေမာ

lynnnayko said...

မိုက်တယ်အကို.... :)

မမသီရိ said...

မမ လဲ ရူးတာ ပဲ ရှင့်..း)

မယ်ကိုး said...

ကဗျာလေး ကြိုက်လိုက်တာ အစ်ကိုရေ...ကျွန်မအတွက်ရေးထားသလိုပဲ။
ခဏခဏဖတ်လိုက် သဘောကျလိုက်ဖြစ်နေတယ်။ =)

မယ်ကိုး said...

ကဗျာလေး ကြိုက်လိုက်တာ အစ်ကိုရေ...ကျွန်မအတွက်ရေးထားသလိုပဲ။
ခဏခဏဖတ်လိုက် သဘောကျလိုက်ဖြစ်နေတယ်။ =)

မယ်ကိုး said...

ကဗျာလေး ကြိုက်လိုက်တာ အစ်ကိုရေ...ကျွန်မအတွက်ရေးထားသလိုပဲ။
ခဏခဏဖတ်လိုက် သဘောကျလိုက်ဖြစ်နေတယ်။ =)

ကိုအောင် said...

အလွမ်းတွေကို လာဖတ်သွားတယ် အကို၊ ခင်မင်လျက်

Anonymous said...

ပုထုဇဉ် မှန်သမျှ ရူးနေဋ္ဌကရ
(ရည်မွန်)

Anonymous said...

ဘယ်ခွက်ထဲထည့်ထည့်
ကိုယ့်ပုံစံကလွဲပြီး ဘယ်ပုံစံမှမထွက်ဘူး
ဘယ်ပေတံနဲ့တိုင်းတိုင်း
ကိုယ်က ခပ်ရိုင်းရိုင်းပဲ ယဉ်ကျေးတတ်တယ်….

အရာရာကို
အကောင်းမြင်ဝါဒနဲ့ ကြည့်နိုင်ဖို့အတွက်
နဲနဲတော့ ခက်နေသေးတယ်
တချို့အရာတွေကို
အဆိုးမြင်ဝါဒနဲ့ ကြည့်နိုင်ဖို့အတွက်
နဲနဲတော့ လွယ်ကူခဲ့တယ်….

ကောင်းလွန်းလို့ကို ရေးတဲ့ သူကိုတောင် လေးစားမိတယ်ဗျာ ဂျစ်ပစီ တစ်ကောင်ရဲ့ ကျောက်ဆစ် အက္ခရာတွေလိုပါပဲ

Kaung Kin Ko said...

ဟန်ဆောင်နေရမှ
အချိုးလှနေတတ်တဲ့ လူ့အသိုင်းအဝိုင်းထဲမှာ
ကိုယ်က အရိုင်းကျောက်ခဲတလုံး
ဘယ်သူသုံးသုံး မသုံးသုံး
ကိုယ့်နှလုံးနဲ့ကိုယ် ကိုယ့်ထုံးကိုယ်မူတယ်….

ကဗျာလေးကောင်းလိုက်တာ အစ်ကိုရာ

သိင်္ဂါကျော် said...

'တဒေါင့်တနေရာစီရူးနေကြတဲ့ အရူးလောကမှာ' တဲ့
မှန်လိုက်တာ နော်...

သိင်္ဂါကျော် said...
This comment has been removed by the author.
အိုင်လွယ်ပန် said...

ရူးသွပ်မှု ကိုယ်စီ
ဘဝ မှာ .....
အရူး တစ်ကောင် လာဖတ်သွားတယ် အစ်ကို :)

မိုးစက်အိမ် said...

အစ်ကိုရေးတဲ.ကဗျာလေးက စဖတ်တဲ.ခေါင်းစဉ်မှာတင်
ကို ရင်ထဲတော်တော် ရောက်နေပြီဗျာ ... အားပေးလျက်

emayarKhin said...

ဟုတ်ပအကိုရေ...
ဘယ်သူအချိုးကျကျ
တည့်တည့်ကိုနေပြလို့
မရတာကိုက..အနှစ်တွေဖြစ်နေပြီ။...

Anonymous said...

ဒီကဗျာလေးကောင်းတယ် ကဗျာဆရာကြီးရေ...

mie nge