Tuesday, September 29, 2009

”စက်တင်ဘာ ၃၀မှာ မေမေ့ဆီကို ရေးပို့လိုက်တဲ့ ကျနော့်ရင်ထဲက ကဗျာ”

စက်တင်ဘာ မိုးနှောင်း
နံနက်ခင်း အဟောင်းတွေရဲ့
အိမ်တံစက်မြိတ်မှာ ယီးလေးခိုပြီး
မြေနီလမ်းလေးပေါ်မှာ ရွှဲစိုလိမ့်စီးနေကြတဲ့
မိုးရေစက်လေးတွေကို
အရင်လို..အဓိပ္ပာယ်မဲ့စွာနဲ့ ငေးကြည့်နေဖို့..

ဂီတ သီချင်းတပုဒ်ရဲ့ အသံလိုမျိုး
တဖျောက်ဖျောက် မြည်ကြွေးနေတဲ့
မိုးရေစက်လေးတွေရဲ့ ကြိုးညှိသံကို
ခပ်တိုးတိုးလေးဖွင့်ပြီး နားစွင့်ဖို့အတွက်
အရင်လို နေ့ရက်တွေ
ကျနော့် ဒိုင်ယာရီစာရွက်တွေပေါ်ကနေ
လွင့်စင် ပျောက်ရှသွားခဲ့ကြတာ
ဘယ်လောက်တောင် ကြာခဲ့ပြီလဲဆိုတာ
ကျနော် မမှတ်မိချင်တော့ပါဘူး မေမေ…

မရေမတွက်ချင်ဘူး ဆိုပေမယ်လို့
တနှစ်စာ ပြက္ခဒိန်ကို
အမှတ်မထင် လှန်လှောကြည့်မိလိုက်တိုင်း
ကျနော်ချစ်တဲ့ တိုင်းပြည်မှာ
အလိုအပ်ဆုံး တထောင့်တနေရာစာအတွက်
နေ့ရက်တရက် ယုတ်လျော့နေသေးတာကိုပဲ
အမြဲသတိထားမိခဲ့ပါတယ် မေမေရယ်…..

အခု ကျနော့်စိတ်တွေကို
မေမေနဲ့ အဝေးဆုံးတနေရာဆီကနေ
တခဏတာလောက် အမိုးဖွင့်ထားပြီး
အတိတ်ဆိုတဲ့ တံခါးတချပ်ကို
အရိပ်လို ကပ်ပါလာတဲ့ သော့တလက်နဲ့
အသာအယာ ဖွင့်လှပ်ကြည့်မိလိုက်တဲ့အခါ
ကျနော့်နံဘေးနားမှာ
နာနာကျင်ကျင် နေ့ရက်တွေက အစီအရီ
စိတ်တွေကို အလေးပင်ဆုံး အရာဝတ္ထုတခုနဲ့
ဆွဲချည်ထားသလို ခံစားနေရပါတယ် မေမေ…..

လူတွေ တက်သုတ်ရိုက်ပြီး
ခလုတ်တိုက် လှုပ်ရှားသွားလာနေကြတဲ့
လမ်းမကြီးတွေရဲ့ အပေါ်မှာ
ကျနော့်ရဲ့ လူလူသူသူဖြစ်လိုခြင်း ငတ်မွတ်မှုတွေက
အများပြည်သူနည်းတူပဲ ဆာလောင်ထကြွခဲ့ဖူးပါတယ် မေမေ…

ကိုယ့်လောက်တောင် မလွတ်လပ်ခဲ့ကြတဲ့
စာငှက်ကလေးတချို့ကို
ကိုယ့်လိုလွတ်လပ်စေချင်တဲ့ စိတ်တွေနဲ့
စာငှက်ရောင်းသူတွေလက်ထဲကနေ ဝယ်ယူခဲ့ပြီး
မိုးမြင့်ကောင်းကင်ကြီးဆီကို လွှတ်ပေးခဲ့တုန်းက
စာငှက်ကလေးတွေက ကိုယ့်ကိုပြန်ကြည့်ခဲ့တဲ့ အကြည့်တွေရဲ့
အဓိပ္ပာယ်ပေါင်း မြောက်များစွာတို့မှာ
ဘယ်အရာက ဘယ်နှစ်ရာခိုင်နှုန်း ရောယှက်ပါဝင်ခဲ့မှန်း
ကျနော် မဝေခွဲ မခန့်မှန်းတတ်ခဲ့ပါဘူး မေမေ…

ရောင်စုံ ကောင်မလေးတချို့တလေကို
ဆယ်ကျော်သက်အရွယ် မြီးကောင်ပေါက်စိတ်တချို့နဲ့
အာရုံမျက်စိထဲ တည့်တည့်ထည့်ငေးရင်း…
တဝီဝီ တတီတီ
ဖြတ်သန်းသွားလာ အော်မြည်နေကြတဲ့
မြင်သာမြင် ကြင်ခွင့်မရခဲ့တဲ့
ရောင်စုံ မော်တော်ယဉ်တွေပေါ်က
ရောင်စုံ လူသားတွေရဲ့အကြောင်းကို
ခေါင်းခါ လည်ခါ တွေးတောရင်း
စီးကရက်တလိပ် ချဉ်ခြင်းတပ်မှုရဲ့အောက်
နေပူအောင် လမ်းလျှောက်ခဲ့ရတဲ့ ဘဝနဲ့
စုတ်တိစုတ်ခြာ ပတ်ဝန်းကျင်အပေါ်ကို
ခပ်ရွဲ့ရွဲ့ ဖြတ်သန်းကျင်လည်ဖူးခဲ့တဲ့
နွေလယ် နေ့ခင်းတချို့ကလည်း
အခုတော့ အိပ်မက်သာသာ
ဝိုးတဝါးအာရုံမှာ မှုန်ပျပျထင်ဟပ်
ကျနော် ဘာကိုမှ မလွမ်းတတ်တော့ပါဘူး မေမေရယ်…

ဒူးယားစီးကရက် တပွဲကိုမှာလို့
မျက်နှာပြင် မာတောင့်အေးခဲနေတဲ့
လက်ဖက်ရည် တယောက်တခွက်ကို
(ဒါမှမဟုတ်) တခါတလေ…
လက်ဖက်ရည် တယောက်တဝတ်ကို
ပေါက်ကွဲမှု အကြောင်းအရာတချို့နဲ့
ရောသမငုံသောက်ရင်း လုံးထွေးရှိုက်ဖွာရင်း
သူငယ်ချင်း တယောက်တလေနဲ့
ပေါက်ပြဲနေတဲ့ နိုင်ငံခေါင်မိုးအကြောင်း
တအိတ်ထဲကို ယိုဖိတ်စီးနေတဲ့
ငွေပင်လယ်ကြီးအကြောင်း
ကဗျာတပိုင်းတစနဲ့ သံစဉ်စာသားတချို့အကြောင်းကို
ဒူးချင်းတိုက် ခေါင်းချင်းရိုက်ခဲ့ကြဖူးတဲ့
ဆယ်ကျော်သက်အရွယ် ငယ်ဘဝတုန်းဆီက
ဆောင်းကာလတချို့ကို ပြန်ရဖို့ဆိုတာလည်း…
ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး မေမေ…

သံယောဇဉ် ထမင်းဝိုင်းရဲ့
စနေ တနင်္ဂနွေ မနက်နဲ့ညစာကို
မိသားစုအတူတကွ လက်ဆုံစားကြရင်း
မေမေ့သံယောဇဉ် ဟင်းအပိုတဖတ်
တခါတရံမှာ ပိုရတတ်ခဲ့တဲ့ အချိန်တချို့က
ခုတော့လည်း…..
ဆံပင်တွေဖြူလာခါစ ခေါင်းထဲမှာ
ခပ်နွမ်းနွမ်း အလွမ်းဓာတ်ခံကောင်းတဲ့
နှလုံးသားရဲ့ ဒေါင့်စွန်းတနေရာမှာ
လွမ်းမောစရာ အမှတ်အသားတခုအဖြစ်သာ
ပုံရက်သား ကျိုးပျက်ကြေမွလို့ပေါ့ မေမေရယ်…
ဓနငွေကြေး မကြွယ်ဝခဲ့ပေမယ့်
လှပဖူးခဲ့တဲ့ မိသားစုအတိတ်ကာလတွေကို
ဘယ်လိုနည်းနဲ့မှ…..
ရီဝိုင်းပြန်လုပ်လို့ မရတော့တာလည်း
အသေအချာပေါ့ မေမေရယ်…

”လရောင်”ကို ပွေ့ယူ ထောင်ဖမ်းဖို့အတွက်
မြဝါးရုံ အောက်ဖက်ဆီက
စံပယ်ရုံလေးဘေး ဂစ်တာသံပေးရင်း
တေးသီချင်းလုပ် သံစဉ်ထုတ်ခဲ့ဖူးခဲ့တဲ့ အချိန်တုန်းက
ကျနော် ဘာကိုမှ သိပ်မမုန်းတတ်ခဲ့သေးပါဘူး မေမေရယ်…

အမုန်းတရားတွေက
ခုလို စွတ်စိုတဲ့ မိုးနှောင်းကာလတခုမှာပဲ
ကျနော့်လို ကျောင်းသားတယောက်ရဲ့ ရင်ခွင်ကိုဖြန်းပက်လို့
ကျနော်ဟာ အာဃာတလက်သီးကို
ကျစ်ကျစ်ပါအောင် ဆုပ်တတ်ခဲ့တာပေါ့ မေမေရယ်..

တဘဝစာလုံးနီးပါး
ထားစရာနေရာ ခေါင်းပါးခဲ့ရတဲ့
စိတ် ကိုယ်စီကိုယ်ငှအတွက်
အိပ်မောကျ အတိတ်ဒဏ်ရာတွေထကြွလို့
လက်သီးမာမာကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး
ပေါက်ကွဲမှုတွေကို ခါးခါးသီးသီးအန်ထုတ်မိကြခါမှ
စိတ်တွေ မလွတ်မလပ်နေခဲ့ရတဲ့ တိုင်းပြည်ထဲမှာ
ခြေတွေ လက်တွေပါ ထပ်ပြီးထောင်ချခံခဲ့ရတာက
ဘယ်လို လောကပါလ ဥပဒေသစိုးမိုးမှုကြောင့်မှန်းလည်း
ကျနော် မခန့်မှန်းတတ်ခဲ့ပါဘူး မေမေ….

စကားလုံးတွေ
ကမ်းကုန်အောင် ပြောခဲ့ကြပြီးတာတောင်
အမှားဆုံး အကောင်က
တရားရှုံးအောင် အဝိဇ္ဖာဖုံးနေတုန်းမို့
အကောင်းဆုံး မျိုးစေ့ကိုကြဲဖို့
လက်ပစ်ဗုံးကို ဆွဲ
မောင်းပြန်အေကေ သေနက်တလက်နဲ့
တောနက်နက်ထဲ ဝင်ခဲ့မိတာ
ကျနော်မှားသွားခဲ့ပါသလား မေမေရယ်…..

မတရားတာကို မတရားမှန်းသိလာတဲ့အခါ
တော်လှန် ပုန်ကန်တဲ့နည်း
အများကြီး မရှိခဲ့ပါဘူး မေမေ
ဒီတော့ တချို့စကားနဲ့ ပုန်ကန်ကြသလို
ကျနော်က ဓားနဲ့ ပုန်ကန်ခဲ့ပါတယ် မေမေ….

တော်လှန် ပုန်ကန်မှုတွေထဲမှာမှ
ကိုယ့်ကိုကိုယ် တော်လှန်ပုန်ကန်မှုဟာ
လက်တွန့်ချင်စရာ အကောင်းဆုံးနဲ့
ချောက်ခြားချင်စရာအကောင်းဆုံး အလုပ်တခုပါပဲ မေမေ….

ကိုယ့်ကိုကိုယ် သိပ်ချစ်တတ်နေတဲ့ အချိန်တွေမှာ
ကျနော်ဟာ ကိုယ့်အပြစ်ကိုယ်ပြန်ပြီး
မီးထွန်း လိုက်ရှာဖို့အတွက်
မိမိကိုယ်မိမိ ဝေဖန်ဆန်းစစ်ရေးဆိုတဲ့
သေနတ်တလက်ကို တဘဝစာမောင်းတင်
ကိုယ့်အမှားကိုကိုယ် ပြုပြင်ပြောင်းလဲဖို့အတွက်တော့
အတ္တကို ပိုင်းဖြတ် လျှော့ချပစ်နိုင်မယ့်
အသွားထက်ထက် ဓားတလက်ဆောင်ထားခဲ့ပါတယ် မေမေ…

စိတ်ခလုတ်ကို တေ့ဖြုတ်ခံလိုက်ရတဲ့
နေ့ရက်တွေရဲ့ အစွန်အဖျားမှာ
နားနှစ်ဖက်ပိတ်ပြီး ထိုင်နေခဲ့တာတောင်
ခွေးလေခွေးလွင့် တကောင်ရဲ့
ဆွဲဆွဲငင်ငင် အူဟောင်နေတဲ့အသံကို ကြားနေရတုန်း
ကိုယ့်ကိုကိုယ် မုန်းမိတဲ့အထဲမှာ
ကျနော့် နားရွက်နှစ်ဖက်လည်းပါခဲ့ပါတယ် မေမေ…

ကိုယ်တန်ဖိုးထား လေးစားရတဲ့
မိခင်လို အမျိုးသမီးတယောက်
သူမရဲ့နေ့ရက်များစွာမှာ တံခါးအလုံပိတ်ခံထားရတာကို
အဝေးကနေပြီး ဒီအတိုင်းကြည့်နေရတဲ့ ကျနော့်မျက်စိနှစ်လုံး
ကိုယ်ချစ်တဲ့ တတိုင်းတပြည်လုံး အမှောင်ချခံထားရတာကို
အဝေးကနေပြီး ဒီအတိုင်းကြည့်နေရတဲ့ ကျနော့်မျက်စိနှစ်လုံး
အဲဒီမျက်စိနှစ်လုံးကို ကျနော်သိပ်မုန်းနေခဲ့မိပြီ
ကိုယ့်ကိုကိုယ် မုန်းတဲ့အထဲမှာ
ကျနော့် မျက်စိနှစ်လုံးလည်းပါခဲ့ပါတယ် မေမေ…

တကယ်တော့
ကျနော့်ရဲ့ အိမ်ခြေယာခြေမဲ့ ခြေထောက်တွေက
အမေရိကားရောက်နေပေမယ့်
လျှောက်စရာ မြေပုံပျောက်နေရပြီး
ချောက်နက်နက်ကြီးထဲ ကျနေခဲ့ရတုန်းပေါ့ မေမေ….

ကျနော့် ဘဝပေး လွယ်အိတ်ထဲမှာတော့
ယဉ်ခဲ့မိသမျှ စိတ်ကူးတွေက
ခုချိန်ထိ မည်း နက် မှောင် ပြာ
ဟိုတစဒီတစ အမှိုက်တွေသာဖြစ်နေခဲ့ရပေါ့ မေမေရယ်…

အမှတ်ထင်ထင် အိုမင်းလာခြင်းတွေရဲ့
စက္ကန့် မိနစ်နဲ့ နာရီ.. ပြီးတော့..နေ့တွေ လတွေ
နှစ်တွေ ရာစုတွေရဲ့ အရေးအကြောင်းတွေ အပေါ်မှာ
ရာသီခွင်စူးနေကြတဲ့
အနီရင့်ရောင် ဆူးခက်တွေကသာ
သိသိသာသာ အိပ်ပျော်နေခဲ့ကြပါတယ် မေမေရယ်…

တသက်လုံး ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခဲ့တဲ့
ကျနော့် ယုံကြည်ချက်တွေကို
ဘယ်နားသွားထားခဲ့ရမှာလဲ မေမေရေ
မဟုတ်ဘူး…ကျနော်ဒီလိုအဖြစ်မခံနိုင်ဘူး မေမေ
ရာခိုင်နှုန်းတချို့တဝတ် အပေါ်မှာ
ရာခိုင်နှုန်းတချို့တဝတ်လောက် ပေးဆပ်ရမှ
ကျနော်..ဒီည ကောင်းကောင်းအိပ်ပျော်နိုင်မှာပါ မေမေ…

”အမြဲတမ်း နေကောင်းပါတယ်” ဆိုတဲ့လူဟာ
ကိုယ့်ကိုကိုယ် မသိမသာညာနေခဲ့မိသူပေါ့ မေမေ…
ဒီမှာတော့….လူချင်းနီးပြီး
စိတ်ဆယ်ကမ္ဘာလောက်စီ ခြားနေကြတဲ့
ဘာသာဗေဒမတူသူတွေနဲ့
နှုတ်ခွန်းဆက် ဗွေဆော်ဦးစကားကလွဲရင်
ကျန်တာတွေ အားလုံးက
ရေပေါ်မှာရေးခြစ်ခဲ့မိတဲ့ အရုပ်တွေလို
ကောက်ကြောင်းတွေက လွင့်ပါးပျောက်ကွယ်
လောကနယ်ပယ်မှာ
ကျနော်လည်း မငယ်တော့ပါဘူး မေမေ….

မစိမ်းမကျက် မျက်နှာတွေနဲ့
မျက်နှာချင်းဆိုင်မိတိုင်း
”ဟိုင်း”တလုံးကလွဲရင်
ပြောစရာစကား တခြားဘာမှမရှိ
ရင်းနှီးကျွမ်းဝင်မှုတွေကို
မလိုအပ်ပဲ အပိုအိတ်ထောင်ထဲ
ထပ်ပြီး ဇွတ်မထည့်ချင်တော့တာ
ဘဝကပေးလာတဲ့ သင်ခန်းစာတချို့ကြောင့်ပါ မေမေ…

မနက်ဖန်အကြောင်း မစဉ်းစားမိတာကလည်း
မနဲလှတော့တဲ့ မရေမရာ မနေ့တနေ့တွေနဲ့
အဖန်တရာတေ မသေမချာ ဒီကနေ့တွေကြောင့်ပါ မေမေ
ဒါပေမယ့်…ကျနော်ဟာ
ပစက္ခမှာ တည့်တည့်ပဲနေဖို့ကြိုးစားနေပါတယ် မေမေ…

ဘယ်လိုပဲဖြစ်ဖြစ်
မေမေတားမြစ်ခဲ့တဲ့ သစ်သီး
ကျနော်ဟာ ခုချိန်ထိ မြည်းတောင်မမြည်းကြည့်ခဲ့ပါဘူး
ဒါကြောင့်လည်း
မေမေ မွေးဖွားသန့်စင်ပေးခဲ့တဲ့
ရိုးသားခြင်း ဂုဏ်အရှိန်
ခုချိန်ထိတော့.အရောင်မမှိန်ခဲ့သေးပါဘူး မေမေ…

မေမေ
မေမေမွေးဖွားပေးခဲ့လို့
လူလားမြောက်ခဲ့တဲ့ မေမေ့သား
လောကပါလတရားထဲ
အမှားနည်းအောင် နေထိုင်ခဲ့တဲ့တိုင်
အနည်မထိုင်သေးတဲ့ အမှားတချို့အတွက်
လည်ပတ်ခြင်း သံသရာဝဲဂယက်မှာတော့
ခဲဖျက်တခုကို ခဲရာခဲဆစ်ရှာဖွေနေရတုန်းပေါ့ မေမေ…

၄၀မှ ဘဝစတယ်လို့ တချို့ကပြောကြတဲ့တိုင်
မေမေ့သား…ကျနော်
လောကရဲ့ သင်ပုန်းကြီးတန်းမှာတင်
ဘဝစာမေးပွဲတွေ တဖုန်းဖုန်းကျ
တခါတရံ ခွကျတတ်ခဲ့သူမို့
လူမှုရေးသတ်ပုံတွေလည်း လုံးလုံးမလှခဲ့သေးပါဘူး မေမေ…

သို့….မေမေ
ဟောဒီ စက်တင်ဘာလရဲ့ နောက်ဆုံးတရက်မှာ
ဟောဒီကဗျာကို ၂၁နှစ်စာဘဝနဲ့ရင်းပြီး ရေးဖြစ်တဲ့အတွက်
မေမေ့နှလုံးသားနဲ့ ဖတ်ရှုနားလည်နိုင်ခဲ့သော်
ကျနော်ကျေနပ်နေပျော်မှာပါ မေမေ
မာတာမိခင်၏ ကျေးဇူးအား
အမိနိုင်ငံကို ချစ်မြတ်သောစိတ်ထားဖြင့်
ဖေးမကယ်တင် ပေးဆပ်ခြင်းအမှုကို ပြုပါရစေ မေမေ……….။

11 comments:

့hnin said...

စက်တင်ဘာလရဲ့ နောက်ဆုံးတရက်မှာ
၂၁နှစ်စာဘဝနဲ့ရင်းပြီး ရေးထားတဲ့
ကဗျာလေးကို ဆုံးအောင်ဖတ်ပြီးတဲ့ အချိန်မှာ ......................
အမှန်အတိုင်းပြောရမယ်ဆိုရင်
မျက်ရည်တောင် လည်မိပါတယ် အစ်ကို
ဘ၀တစ်ခုလုံးစာ အနက်နဲဆုံးခံစားမိသမျှကို
ဒီကဗျာတွေနဲ့အတူ မျောချ လို့ရရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ်.......။
သံယောဇဉ် ထမင်းဝိုင်းရဲ့
စနေ တနင်္ဂနွေ မနက်နဲ့ညစာကို အစ်ကိုချစ်တဲ့
မိသားစုအတူတကွ လက်ဆုံစားကြရင်း
မေမေ့သံယောဇဉ် ဟင်းအပိုတဖတ် နဲ့ တောင့်တမိသမျှအရာတွေ အားလုံး
ဒီဘ၀မှာ ပြီးပြည့်စုံနိုင်ပါစေလို့
အမြဲဆုတောင်းပေးနေမယ် အစ်ကိုဆောင်းရေ....။
ညီမလေး နှင်းဟေမာ

tin min htet said...

တဘဝစာ ကဗျာမို့လို့ တန်ဖိုးထားပြီး ဖတ်သွားပါတယ်။

မမသီရိ said...

တကယ့်ကိုပီပြင်ပြီး လေးနက်တဲ့ ပြီးတော့ သေသပ်တဲ့
လှပမှုတွေနဲ့ ဖွဲ့စည်းထားတဲ့ ကဗျာရှည်ကြီး တပုဒ်ပါ

လေးစားပါတယ် ကိုဆောင်းယွန်း ရေ
ကဗျာရှည်ကြီး ရေးဖွဲ့ နိုင်စွမ်းကိုရော
ခိုင်မာ တဲ့ စိတ်ဓါတ်ကိုရော

ဘယ်လိုပဲဖြစ်ဖြစ်
မေမေတားမြစ်ခဲ့တဲ့ သစ်သီး
ကျနော်ဟာ ခုချိန်ထိ မြည်းတောင်မမြည်းကြည့်ခဲ့ပါဘူး
ဒါကြောင့်လည်း
မေမေ မွေးဖွားသန့်စင်ပေးခဲ့တဲ့
ရိုးသားခြင်း ဂုဏ်အရှိန်
ခုချိန်ထိတော့.အရောင်မမှိန်ခဲ့သေးပါဘူး မေမေ…

ဒီစာပိုဒ်လေး ကိုလဲ တကယ် နှစ်သက်မိတာပေါ့

မေမေ နဲ့ ပြန်ဆုံ နိုင်ပါစေ
မေမေ ကျန်းမာပါစေ
ကိုဆောင်းယွန်းလဲ ကျန်းမာ ကြံ့ခိုင်ပါစေ

မြစ်ကျိုးအင်း said...

အကိုမျှော်လင့်တဲ့ ပြန်ဆုံချိန်ကို ညီတို့တတွေလည်း မျှော်လင့်နေခဲ့ပါတယ်။

ခံစားချက်တွေလည်း တူညီပါတယ် ။

ကဗျာရှည်ကို တမေ့တမော ဖတ်သွားတယ်။

ဒီလိုဘ၀တွေ အများကြီး ရှိနေအုံးမယ်။။။။။

မိုးစက်အိမ် said...

ရင်ထဲတစ်ခုခုတော. ကျန်သွားတယ်ဗျာ ... ပျော်ရွှင်ချမ်း
မြေ့ပါစေလို.ဘဲ ဆုတောင်းပါတယ် အစ်ကိုရေ

Nyein Chan Aung said...

ကဗျာကိုဖတ်ရင်း ကဗျာဆရာ သွန်ချလိုက်တဲ့ ရောင်စုံမိုးရေစက်တွေနဲ့ တကိုယ်လုံး စိုရွှဲသွား။

တဂ်ထားတာ ရေးဖို့ကြိုးစားနေတယ် ကိုဆောင်း..
ကျန်းမာပျော်ရွှင်ပါစေ..

Nge Naing said...

၂၁ နှစ်စာ ရင်ထဲက ခံစားချက်တွေကို အမေကို တိုင်တည်ပြီး ရေးထားတာ တွေ့လို့ အစအဆုံး ဖတ်သွားပါတယ်။ ခံစားမှုတွေကို မျှဝေခံစားသွားပါတယ်။

အမရာ said...

”လရောင်”ကို ပွေ့ယူ ထောင်ဖမ်းဖို့အတွက်
မြဝါးရုံ အောက်ဖက်ဆီက
စံပယ်ရုံလေးဘေး ဂစ်တာသံပေးရင်း
တေးသီချင်းလုပ် သံစဉ်ထုတ်ခဲ့ဖူးခဲ့တဲ့ အချိန်တုန်းက
ကျနော် ဘာကိုမှ သိပ်မမုန်းတတ်ခဲ့သေးပါဘူး မေမေရယ်…

တကယ်ပါပဲ..ဖြူဖြူစင်စင်အရိပ်တွေနဲ့

ကိုအောင်(ပျူနိုင်ငံ) said...

ကဗျာက အရမ်းကောင်းတယ် အကို၊ ကျနော့်တော့
အမေနဲ့ပက်သက်တဲ့ သီချင်းတွေ၊ ကဗျာတွေ သိပ်
မဖတ်ဘူး၊ နားမထောင်ခဲ့ဘူး၊ ခံစားရတာ အရမ်းခက်
တယ်လေ၊ အားပေးလျက်နော် အကိုရေ။

စိတ်စမ်းရေ said...

အကိုဘဝကို ရုပ်ရှင်ကားတကားကြည့်နေရသလိုခံစားရပါတယ်...။
ရင်တွင်းဖြစ်ကဗျာမို့ တလေးတစားကို ဖတ်သွားပါတယ်....။

~ဏီလင်းညို~ said...

ကိုဆောင်း...
ဒီကဗျာရှည်ကို ဖတ်ပြီး...ကျွန်တော် တစ်ကယ်ပဲ မျက်ရည်ဝဲသွားမိတယ်အစ်ကို...။ တစ်ကယ်ပါဗျာ...။
ဒီ့ထက်ပိုပြီးလည်း ဘာမှမပြောတတ်တော့ပါဘူးဗျာ...။

ပျော်ရွှင်ပါစေဗျာနော်..အစ်ကို...

ခင်မင်လေးစားတဲ့
ဏီလင်းညို