Thursday, October 1, 2009

”တနင်္ဂနွေတရက်နဲ့အတူ ပေါ့ပါးစွာ စီးဆင်းချင်တယ်”

ကံကြမ္မာစာရွက်ကို ဖတ်တဲ့
နဂါးတကောင်ရဲ့ ဥာဏ်မျက်စိက
အရပ်ရှစ်မျက်နှာတိတိကို ပြောင်းလှည့်ပြီးတဲ့အခါ
လွမ်းရေးခက်နေရရှာတဲ့
ရွက်ကြွေ စနေနံနက်တွေကတော့
တပတ်စာ မျက်ဖြေလကာင်္ တေးထပ်ဖို့အတွက်
မိတ်သင်္ဂဟ ခေါင်းလောင်းသံတွေနဲ့
ပန်းသတင်း လွေ့လွေ့ကြွေရာ
လူနေအိမ်ယာတွေဘက်ဆီကို အသာခေါင်းထိုးလို့
မျြိ့ပြကိုယ်သင်းနံ့ကို တိတ်တခိုးနမ်းရှိုက်
ငါ့ရဲ့မနက်ခင်းကို တိတိပပ ခင်းကျင်းလိုက်လေရဲ့…

မနေ့တနေ့တုန်းဆီက နာရီတချို့နဲ့
ရာသီရဲ့ ခြောက်ကြိုးကို
သူ့ရဲ့ လေပြေတသိုက်နဲ့
ခပ်တိုးတိုးလေး ရိုက်ခတ်ပြီး
နွေးထွေးမှုကို စည်းချက်လိုက်သွားခဲ့သူက
ခုတော့လည်း…. သူစိမ်းတရံဆန်ပုံကို ဖမ်းလို့
၃၆၅ မျက်နှာရဲ့ ခပ်နွမ်းနွမ်း စာတရွက်မှာ
အတိတ်ဘောင်းဘီကို ဝတ်ဆင်ရင်း
နွေကို အိပ်မောကျခြင်းတွေနဲ့ အိပ်ပျော်ခေါ်ယူသွားခဲ့ပေါ့…

ခုတော့…
ဆောင်းလေပြင်း ကဝေမက
ရင့်ကျက်အရေပြားကို ခြွေနမ်းနေလိုက်ပုံများ
အသွေးအသားတွေထဲထိအောင် အေးစက်
အန္တာတိက မြို့ဟောင်းရဲ့
ညနေခင်းတခုဘက်ဆီကို
အသိမဲ့ ခြေနှစ်ဖက်နဲ့ ရောက်သွားရသလိုမျိုးပ….

ဟောဟို မြင်ကွင်းတွေရဲ့ ရှေ့နား
အိမ်ရဲ့…ပြတင်းတံခါး အပြင်ဘက်ဆီမှာ
ဇာတ်ဖျာလိပ် ပတ်စာခွာသွားတဲ့ ရာသီရက်တွေကို
ခပ်တိုးတိုး လက်ချိုးရေတွက်နေကြသူ
နီဝါရောင်စုံ သစ်ရွက်အိုတွေတောင်
ကျယ်ပြန့်တဲ့လမ်းမနဲ့ ရောနှောကြွေပစ်ကြရင်း
ဒရောသောပါးခုန်ပေါက်လို့ ကြွေအံခင်းနေကြလေပေါ့…

ဒီလိုပါပဲ..
နွေကုန်လို့ မိုးပီပီသသမရောက်တဲ့ တိုင်းပြည်မှာ
သစ်ရွက်ကြွေတာကို ကြည့်ငေးရင်းနဲ့
ဆောင်းဦးပေါက်စ အခင်းအကျင်းကို
အနွေးဓာတ်ပေး မီးလင်းဖိုနံဘေးကနေ
အတွေးချည်မျှင် ဟိုတစဒီတစ
ဖြည်ချနေရသူတွေအတွက်ကတော့
စိတ်လက် ပေါ့ပါးစရာရယ်လို့
ကဗျာ သီချင်းတွေကလွဲလို့ ဘာမှမရှိ
ရောက်မလာသေးတဲ့ မနက်ဖြန်အကြောင်းတွေနဲ့သာ
အတွေးကာရန် ညှိနေခဲ့ရပေါ့…

ဒီလိုနဲ့..မနက်ဖြန်ခါဆိုရင်.
နောက်ထပ် တနင်္ဂနွေတခေါက်က
တပတ်တာ ရင်ခွင်ရဲ့ ပထမတံခါးပေါက်ကို
တိတ်တိတ်ဆိတ်ဆိတ် ဝင်ရောက်လို့
၁၉၂၀ ကြိမ်မြောက်ထက်ပိုတဲ့
နောက်ထပ် ”အကြိမ်မြောက်” တခုအဖြစ်
ဘဝစာမျက်နှာမှာ တစွန်းတစ ထင်ကျန်ရစ်ဦးတော့မယ်….

ဒီတခါလာမယ့် တနင်္ဂနွေမှာ
ဆောင်းဦးပေါက် သစ်ရွက်တွေခြွေတဲ့
ဟဲဗီးရော့ခ်သံစဉ်ဂီတ လေအပြင်းစား ညတွေကို
၂၄ နာရီစာလောက် ခဏမေ့ထားပြီး
ဓမ္မသံစဉ် တေးသီချင်းတပုဒ်နဲ့
စိတ်တွေ ပျော်မွေ့နိုင်ဖို့အတွက်
တနင်္ဂနွေ ဥပုသ်သီတင်းသုံးရာ
နာရီစင်ကြီး သီချင်းညည်းဆိုတတ်ရာဘက်
အကောင်းဆုံး မနက်ခင်းတခုနဲ့အတူ
စိတ်ကူးယဉ် ကမ္ဘာတပတ်လောက်ပတ်လိုက်ချင်ပါရဲ့….

အကွဲ အရှ ဘဝဒုက္ခတွေနဲ့
မျက်ရည် အရောအနှော သောက အမောတို့ရေ
ဘဝရဲ့ တနင်္ဂနွေမီးပွိုင့်တနေရာမှာ….ငါ
ဓမ္မတေးတပုဒ်လောက်နဲ့
နှလုံးသားတရားအားထုတ်ခဲ့ချင်လို့
ငြိမ်းချမ်းရေးလမ်းဆုံ တနေရာဆီက
အလင်းလက်ဆုံး သုခမီးစိမ်းကို ဖွင့်ပေးလှည့်ပါတော့…

အဲဒီနေ့မှာ ငါ့စိတ်တွေကို…..
တနင်္ဂနွေလေတံခွန်နဲ့ အမြင့်ဆုံးလွှင့်ပြီး
ကောင်းကင်တော်တမ်းချင်း တေးသီချင်းတပုဒ်နဲ့အတူ
ဆောင်းဦးပေါက်နေ့ရက်တွေရဲ့ တရားဓမ္မတွေမွေ့လျော်ရာ
စမ်းချောင်းလေးတခုရှိရာဆီကို
လွတ်လပ်ငြိမ်းချမ်းစွာ စီးဆင်းခွင့်ပြုပါရစေ…………..........။

7 comments:

မြစ်ကျိုးအင်း said...

နံပါတ် တစ် များလား မသိဘူး ဟဲဟဲ

မြစ်ကျိုးအင်း said...

ကိုဆောင်းရေ စကားလုံးတွေ မကုန်နိင်တော့ဘူးလား

အကို့ရဲ့ ကဗျာစမ်းချောင်းထဲမှာ စီးမျောသွားမိတယ်။


အကို ကိုယ်တိုင်လည်း အမြဲတသွင်သွင် စီးဆင်းနေတဲ့

ကဗျာစမ်းချောင်း တခုပဲ မဟုတ်လား။

အဲလိုပဲ ထင်မိတယ် မြင်မိတော့တယ်။

အမရာ said...

အဲဒီနေ့မှာ ငါ့စိတ်တွေကို…..
တနင်္ဂနွေလေတံခွန်နဲ့ အမြင့်ဆုံးလွှင့်ပြီး
ကောင်းကင်တော်တမ်းချင်း တေးသီချင်းတပုဒ်နဲ့အတူ
ဆောင်းဦးပေါက်နေ့ရက်တွေရဲ့ တရားဓမ္မတွေမွေ့လျော်ရာ
စမ်းချောင်းလေးတခုရှိရာဆီကို
လွတ်လပ်ငြိမ်းချမ်းစွာ စီးဆင်းခွင့်ပြုပါရစေ…………..........။
အပိတ်လေးမှာ..စီးဆင်းခဲ့တယ်...

မယ်ကိုး said...

ကဗျာဟန်လေး လှလိုက်တာ။ စကားလုံးတွေကလည်း အရင်အတိုင်း လှပခမ်းနားလျက်။

အိန္ဒြာ said...

အဲဒီနေ့မှာ ငါ့စိတ်တွေကို…..
တနင်္ဂနွေလေတံခွန်နဲ့ အမြင့်ဆုံးလွှင့်ပြီး
ကောင်းကင်တော်တမ်းချင်း တေးသီချင်းတပုဒ်နဲ့အတူ
ဆောင်းဦးပေါက်နေ့ရက်တွေရဲ့ တရားဓမ္မတွေမွေ့လျော်ရာ
စမ်းချောင်းလေးတခုရှိရာဆီကို
လွတ်လပ်ငြိမ်းချမ်းစွာ စီးဆင်းခွင့်ပြုပါရစေ…………..........။

အဲဒီ့တစ်ပိုဒ်ကို တဖွဖွရွတ်ပြီးးးးး
ပြန်သွားတယ်..အကို..

သေချာတာက
တနင်္ဂနွေကိုယ်တိုင်တောင်.မလွက်လပ်သေးတာ.. အကိုရဲ့.......

အိုင်လွယ်ပန် said...

စိတ်ကူးတွေကို လာ ခံစားကြည့်သွားပါတယ် ...
ကောင်းသောနေ့ပါအစ်ကိုရေ ..

မမသီရိ said...

မြစ်ကျိုးအင်း မေးသလိုသာ
ထပ်မေးချင်တော့တယ်
စကားလုံးတွေ မကုန်နိုင်ဘူးလား လို့..း)

အဲဒီနေ့မှာ ကိုဆောင်းယွန်းရဲ့ စိတ်တွေကို…..
တနင်္ဂနွေလေတံခွန်နဲ့ အမြင့်ဆုံးလွှင့်ပြီး
ကောင်းကင်တော်တမ်းချင်း တေးသီချင်းတပုဒ်နဲ့အတူ
ဆောင်းဦးပေါက်နေ့ရက်တွေရဲ့ တရားဓမ္မတွေမွေ့လျော်ရာ
စမ်းချောင်းလေးတခုရှိရာဆီကို
လွတ်လပ်ငြိမ်းချမ်းစွာ စီးဆင်းခွင့်ရနိုင်ပါစေ.. ရှင်