Monday, September 14, 2009

”တချိန်သောညနေခင်း”

အဲဒီညနေခင်းပေါ့
ညနေဟာ ညနေလိုတောင်မလင်းခဲ့ရဘူး…

အဲဒီညနေဟာ
ဆည်းဆာအရှင်လတ်လတ်ကို
လူသတ်သမားတွေရဲ့လက်ထဲ ဝကွပ်လွှဲခဲ့ရတဲ့ညနေပေါ့…

အဲဒီညနေဟာ
ကျောင်းခေါ်ချိန်မပြည့်ခဲ့ရတဲ့ ညနေ
တချို့မျက်ရည်ကျ တချို့အသက်မြေခခဲ့ရတဲ့ညနေပေါ့…

အဲဒီညနေမှာ
အိမ်ပြေးမဟုတ်ခဲ့ပဲ အိမ်နဲ့တဘဝစာလွဲခဲ့ရ
မိသားတစုလုံးနဲ့လည်း ကွဲခဲ့ရတယ်…

အဲဒီညနေဟာ
မြေနီလမ်းလေးထဲ
ပန်းနူရောင်စကားသံတွေစဲခဲ့ရတဲ့ ညနေပေါ့….

အဲဒီညနေဟာ
လိမ္မော်ရောင်ကဗျာတွေ ဆုတ်ဖြဲခံခဲ့ရတဲ့ညနေ
အဖြူရောင်ပန်းချီကား သွေးထွက်သွားခဲ့ရတဲ့ညနေပေါ့…

အဲဒီညနေဟာ
အစိမ်းတောက်တောက် အညှီအဟောက်တွေ
ငရဲရဲ့ခြေထောက်နဲ့လမ်းလျှောက် အဓမ္မသေနတ်ဖောက်ခဲ့တဲ့ညနေပေါ့…

အဲဒီညနေမှာ
ရင်ဘတ်တခုလုံးကို သွန်မှောက်ချကြည့်လိုက်ရင်
တက်ခေါက်သံတွေချည့်သာ မိုးယံလွန်တဲ့ထိပဲ့တင်ထ
ဘဝပေါင်းများစွာ ပိုးစိုးပက်စက်လွင့်စင်ကျသွားခဲ့ရပေါ့
အဲဒီညနေမှာ….
အဲဒီညနေမှာ………………………။

အဲဒီညနေခင်းအတွက် ကျနော့်ရဲ့ကိုယ်ပိုင်သံစဉ်သီချင်းတပုဒ်ဖြစ်တဲ့
”တချိန်သောညနေခင်း”ဆိုတဲ့သီချင်းလေးကို ပို့စ်ရဲ့အောက်ဆုံးမှာ
ခံစားနားဆင်နိုင်ပါတယ်။

ဒီသီချင်းကို ၁၉၉၅ခုနှစ်လောက်က တောတွင်းတနေရာမှာစပ်ခဲ့တာပါ။
အဆိုတော်ကိုမွန်းအောင်ဆိုထားခဲ့ဖူးပါတယ်။ အခုကျနော်ပြန်ဆိုထားတဲ့
သံစဉ်နဲ့တော့မဟုတ်ခဲ့ပါဘူး။ ကျနော်နဲ့ ကျနော့်ရဲ့ရဲဘော်ကြီးကိုကျော်သက်
တို့က ပြန်လည်ဆန်းသစ်ထားပြီး လွန်ခဲ့တဲ့၂နှစ်ကျော်ကျော်လောက်တုန်းက
ကျနော်ပြန်ဆိုထားခဲ့တာပါ။ အသံပိုင်းဆိုင်ရာချို့ယွင်းချက်များအားလုံးကတော့
ကျနော့်ညံ့ဖျင်းမှုသက်သက်သာဖြစ်တယ်ဆိုတာကို ဝန်ခံပါရစေ။

အားလုံးကိုချစ်တဲ့
ဆောင်းယွန်းလ

Get this widget | Track details | eSnips Social DNA

12 comments:

နှင်းဟေမာ said...

“အဲဒီညနေမှာ
ရင်ဘတ်တခုလုံးကို သွန်မှောက်ချကြည့်လိုက်ရင်
တက်ခေါက်သံတွေချည့်သာ မိုးယံလွန်တဲ့ထိပဲ့တင် ထ
ဘဝပေါင်းများစွာ ပိုးစိုးပက်စက်လွင့်စင်ကျသွားခဲ့ရပေါ့
အဲဒီညနေမှာ….
အဲဒီညနေမှာ……………………… အစ်ကိုရေ.......
အဲဒီ့ညနေဆိုတာ ညီမလေးလူလားမြောက်စက ဖြစ်မယ်ထင်တယ်.......
ဒါပေမယ့် ကိုယ်တိုင် လှုပ်ရှားနေရသလို ရင်ဘတ်တစ်ခုလုံးဟာ သွေ့ခြောက်ခြောက်နဲ့
လက်တွေ့မှာ အစိမ်းတောက်တောက် အညှီအဟောက်တွေပဲ ရနေသလိုလို ....
အစ်ကို နဲ့ ထပ်တူထပ်မျှခံစားလိုက်ရတယ်.......။
မနေနိုင်လို့ ချရေးဖြစ်သွားတာ .... အစကတော့ သီချင်းနားထောင်ပြီးမှ မန့်မလို့ပါပဲ......။အိမ်ရောက်တော့မှ သီချင်းနားထောင်ရမှာ အစ်ကိုဆောင်းရာ.....။ ညနေ ၅ နာရီ မြန်မြန်ခွဲပါတော့..............။းp
ညီမလေး နှင်း

သိင်္ဂါကျော် said...

အဲဒီညနေမှာ...
ငါတစ်ယောက်တည်း
အထီးကျန် ခရီးရှည် စတင်..။


သီချင်းလေးလည်း ကြိုက်တယ်...။

မယ့်ကိုး said...

”တချိန်သောညနေခင်း”ဆိုတဲ့သီချင်းလေးကို ပို့စ်ရဲ့အောက်ဆုံးမှာ
ခံစားနားဆင်နိုင်ပါတယ်။
ဆိုပေမယ့် သီချင်းက ကွဲနေသလိုပဲ။
ကဗျာလေးရော သီချင်းလေးကော ကြိုက်တယ်။

နှင်းဟေမာ said...

နာ့ အစ်ကို က အသံလည်း ကောင်းတာပဲနော် ... သီချင်းလေးနားဆင်ရတာ လွမ်းစရာကောင်းလိုက်တာ .....။
အော် .. အစ်ကို ရေ... မွေးနေ့ကြိုပြောခဲ့ပီနော်....။
31 December 2009 မှာ ညီမလေးက ၂၆ နှစ်ပြည့်မှာလေ.....။လိုတော့ လိုသေးတယ် ...ဟီးးp
ညီမလေး နှင်း

emayarKhin said...

တချိန်သောညနေခင်း..
ကဗျာလေးကို..လွမ်းဆွတ်စွာ
နဲ့ခံစားသွားပါကြောင်း...အကို..ရေ
သီချင်းကတော့ထုံးစံအတိုင်း...နားထောင်
လို့မရသေးလို့..ပြန်လာနားထောင်မယ်...

အိုင်လွယ်ပန် said...

သီချင်းလေးခံစားသွားတယ်အစ်ကို ..
ကိုယ်ပိုင်သံစဉ် တစ်ပုဒ်ဖြစ်တဲ့အတွက်လည်း နှစ်သက်
မိပါတယ် ...ကောင်းသောနေ့ပါအစ်ကို ...

မမသီရိ said...
This comment has been removed by the author.
မမသီရိ said...

လွန်လေခဲ့သော တညနေ ကို လှမ်းမျှော်ကြည့်ပြီး
မျက်ရည်တွေ ဝေရင်း ကြေကွဲသွားပါတယ်
ကိုဆောင်ယွန်း.ရေးခဲ့သမျှထဲက အကြိုက်ဆုံးတွေထဲမှာ ဒီကဗျာလေး ပါသွားပါပြီ ကိုဆောင်းယွန်းရေ

ကိုဆောင်းယွန်း က သီချင်းတွေလဲ ရေး.. ဆိုလဲ ဆိုသေးတာကိုး.. အဆိုလဲ အတော်ပဲ ကောင်းပါတယ်
အချင်းချင်းမြှောက်တာ မဟုတ်ပါဘူး နော်
စိတ်ရင်းနဲ့ ပြောတာ ပါ

mgngal said...

ဖတ်ရှု နားဆင်သွားပါတယ် ကိုဆောင်း ။

Anonymous said...

အသံကောင်းကောင်းနဲ့ ဆိုထားတဲ့ သီချင်းကောင်းလေး တပုဒ် နားဆင်သွားပါတယ်...

mie nge

mirror said...

သေချာနားထောင်ခံစားသွားပါတယ် အစ်ကိုကြီးရေ..။

အိန္ဒြာ said...

အရမ်းကောင်းပါတယ်အကို...

အနုပညာသမားတွေဟာ..အရာရာကို..
သူများထက်ပိုချစ်ကြတယ်...

နီရူဒါထက်မလျော့ထက်အချစ်တွေနဲ့
အကိုတို့ချစ်ခဲ့ကြမှာပါ...

အဲဒီ့အချစ်တွေကပဲ..

ဘ၀တွေ ကို..နာကျင်စရာတွေ
ဆင့်ဆင့်စီစီပေးခဲ့တာများလား..အကိုရယ်..