Saturday, October 3, 2009

”လပြည့်ညစိတ်ကူး”

လှုပ်လှုပ်ရှားရှား
သွားသွားလာလာသာ မရှိခဲ့ရင်
ကမ္ဘာကြီး ဘာတွေဖြစ်နေတယ်ဆိုတာတောင်
နဲနဲလေးမှ သတိထားမိမယ့်ကောင်မျိုးမဟုတ်ဘူး
အဲဒါ…သေချာတယ်…

ကမ္ဘာကြီး လုံးလုံး ပြားပြား
ကိုယ့်လမ်းကိုယ်သွားနေရရင်တော့ ကျေနပ်ပါတယ်….

ကြားဖို့ဖြစ်လာခဲ့တဲ့ နားရွက်နဲ့
မြင်ဖို့တပ်ထားပေးခဲ့တဲ့ မျက်စိနှစ်ဖက်ရှိနေပါလျက်က
ကြားတာကို ကြားတယ်လို့မမှတ်နိုင်ခဲ့သလို
မြင်တာကို မြင်တယ်လို့လည်းမမှတ်နိုင်ခဲ့တာ
ကိုယ့်ပြဿနာနဲ့ကိုယ်
ပျားအုံကို မီးခွက်တက်ထွန်းတယ်လို့ပဲ
စွဲချက်ပိုတင်ကြဦးမှာလား…..

အခုလည်း.ကြည့်လေ
လူတွေ ကုသိုလ်ဆီမီးကပ်လှုနေကြမှ
သီတင်းကျွတ်လပြည့်ည ရောက်နေတာကို
သတိထားမိခဲ့တဲ့ကောင်
ကိုယ့်ကိုကိုယ်တောင်
ဘယ်ချောင်က ပြန်ဆွဲထုတ်ပြီး
ဘယ်စိတ်နဲ့ ဘယ်ညကိုမီးထွန်းရမှန်းမသိတဲ့ကောင်ပေါ့…

အိပ်ပျော်နေခဲ့တာမဟုတ်မှန်းတော့ သိပါရဲ့
တနေရာရာမှာ စူးရောက်နေတဲ့ စိတ်ကြောင့်သာ
”အရူးတယောက်”ဖြစ်မှန်းမသိ ဖြစ်နေမိခဲ့တာပါ….

ကဲ..
သီတင်းကျွတ်တယ်ဆိုတော့ကော
ဒဏ်ရာအရောအနှောတွေပေါ်မှာ
အထိအခိုက် အပွန်းအရှတွေသာပေါတဲ့ဘဝတွေက
ဘာတွေများ ပိုထူးပြီး
ဘယ်လိုညတွေထဲ လင်းလက်သွားကြဦးမှာမို့လဲ….

တကယ်တော့ ဒီညလည်း
သီတင်းကျွတ်ညကို
အလင်းမဲ့ဘဝနဲ့ ဆင်ယင်ကျင်းပရဦးတော့မှာပါပဲလေ..

ဖြစ်နိုင်ရင်…
၅၀၀၀တန် ငွေသားစက္ကူစစ်စစ်တွေနဲ့
၂၀၁၀ မီးပုံပျံသစ်ကြီးတခုလုပ်ပြီးတော့မှ
ရုတ်ရုတ်ရုတ်ရုတ် ဇာတ်ရှုပ်နေကြတဲ့
လူလွန်မသား တအုပ်ကို
အဲဒီ မီးပုံးပျံကြီးထဲကိုထည့်ပြီး
ကမ္ဘာ့အပြင်ဘက်ရောက်တဲ့အထိ လွှတ်ထုတ်ကြည့်လိုက်ချင်တယ်….။

15 comments:

ရွှေရတုမှတ်တမ်း said...

ကြိုက်သွားပြီ...
ဒါပေမယ့်...ဝေးဝေးသိတ်ရောက်အောင်တော့...
မလွှတ်ပါနဲ့..ကိုဆောင်းရယ်..စင်္ကြာံဝဠာကြီးပျက်စီးမှာ
စိုးလို့ပါ...

Nge Naing said...

မြတ်စွာဘုရား တာသတိသာက ပြန်လာတဲ့ ညမှာ အကုသိုလ်တွေ ခဏဖယ်ထားလိုက်ပါ ကိုဆောင်းယွန်းလ။

Anonymous said...

အခုလည်း.ကြည့်လေ
လူတွေ ကုသိုလ်ဆီမီးကပ်လှုနေကြမှ
သီတင်းကျွတ်လပြည့်ည ရောက်နေတာကို
သတိထားမိခဲ့တဲ့ကောင်
ကိုယ့်ကိုကိုယ်တောင်
ဘယ်ချောင်က ပြန်ဆွဲထုတ်ပြီး
ဘယ်စိတ်နဲ့ ဘယ်ညကိုမီးထွန်းရမှန်းမသိတဲ့ကောင်ပေါ့…

ဟဟ ဟုတ်ပအကိုရေ ကျွန်တော်ဆို မေ့ကိုနေတာ ဘလော့တွေလိုက်ဖတ်မှ သီတင်းကျွတ်လပြည့်နေရောက် မှန်းသိတော့တယ်

မမသီရိ said...

သီတင်းကျွတ်လပြည့်ည သတိတရ ရှိနေတာ
ဝမ်းသာပါတယ် ကိုဆောင်းယွန်း

အိပ်ပျော်နေခဲ့တာမဟုတ်မှန်းတော့ သိပါရဲ့
တနေရာရာမှာ စူးရောက်နေတဲ့ စိတ်ကြောင့်သာ
”အရူးတယောက်”ဖြစ်မှန်းမသိ ဖြစ်နေမိခဲ့တာပါ….

နားလည်နေတယ်
ဘယ်လို ရူးသလဲ ဆိုတာ

emayarKhin said...

အကိုရေ..ဘဝတူတွေမို့
ဒီကဗျာကိုတော်တော်ကြိုက်တယ်...
မြန်မာပြည်မှာမရှိနေသရွေ့....
ဘယ်တော့မှကဗျာဆန်လာမှမဟုတ်တဲ့
သီတင်းကျွတ်ည.......

အိန္ဒြာ said...

ဟုတ်တယ်..

အကို..

ကမ္ဘာကြီး လုံးလုံးပြားပြား..
ကိုယ့်လမ်းကို သွားနေကြရတာ....

နှင်းဟေမာ said...

အစ်ကို ဆောင်းရေ...
ဘယ်လိုပဲ ရေးရေး
အဓိပ္ပါယ်ရှိပြီး လေးနက်လှပတဲ့ ကဗျာကောင်းတစ်ပုဒ်တော့ ထွက်လာတယ်နော်....
ကဲ..
သီတင်းကျွတ်တယ်ဆိုတော့ကော
ဒဏ်ရာအရောအနှောတွေပေါ်မှာ
အထိအခိုက် အပွန်းအရှတွေသာပေါတဲ့ဘဝတွေက
ဘာတွေများ ပိုထူးပြီး
ဘယ်လိုညတွေထဲ လင်းလက်သွားကြဦးမှာမို့လဲ….အဲဒီ့ သီတင်းကွတ်ပေါင်းများစွာကို လွန်မြောက်နိုင်ဖို့ ဘယ်လောက်ထိအောင် စောင့်ရဦးမှာပါလိမ့်နော်
ညီမလေး နှင်း

မိုးစက်အိမ် said...

အဟဲ အစ်ကိုက သီတင်းကျွတ်လပြည်.တာ မသိလိုက်ဘူးလား ကျွန်တော်ကတော. တစ်ရက်စောသိလိုက်လို. တော်သေးတယ် ဟီးးးးးးးး

ကိုအောင် said...

“၅၀၀၀တန် ငွေသားစက္ကူစစ်စစ်တွေနဲ့
၂၀၁၀ မီးပုံပျံသစ်ကြီးတခုလုပ်ပြီးတော့မှ” ဆိုတဲ့
စာသားကို အရမ်းသဘောကြတယ် ကိုဆောင်း၊
“လူလွန်မသား” ဆိုတဲ့ စာသားကိုတော့ ကျနော်
လန့်မိတယ် အကို၊ အားပေးလျက်ပါ။

Kaung Kin Ko said...

ကဗျာ လေးအရမ်းကောင်းတယ်ဗျာ။ နောက်ဆုံးအပိုဒ်ကတော့ အထိဆုံးပဲ အစ်ကို။ ရေးတတ်လိုက်တာဗျာ။ အစ်ကို tag ထားတဲ့ သီချင်းတွေကို ခံစားတာ ရေးနေတုန်း အစ်ကို။

အိုင်လွယ်ပန် said...

အင်းး

ဘာမှ မပြောချင်တော့ ဘူးအစ်ကိုရေ ..
ဒီအတိုင်းလေးပဲပေါ့ .....

TAG ရေးနေတယ် အစ်ကို ရေ ...
စိတ်တိုင်းမကျသေးလို့ :)
ကောင်းသောနေ့ပါအစ်ကို :)

ဒူကဘာ said...

အင်း... ကြေးမုံဦးသောင်းက ဘီလူးတို့ ရွာတဲ့
ဆောင်းယွန်းလက လူလွန်မသားတို့ ရွာတည် ပေးလိုက်ပါလား၊ သူတို့လည်း ၅ထောင်တန်တွေ ကိုင်ပြီး အေးအေးလူလူ နေရတာပေါ့။

က+ဗျာ+လှည်း said...

ကဲကဲ... မှိုင်းဝပြီ အကိုရ...။ လွှတ်ထုတ်လိုက်ရအောင်။

Mhu Darye said...

အဲတော့... လုပ်ချလိုက်ပြန်ပြီ အကိုကတော့..
ဒါနဲ့ တက်စ် ရေးဖို့ အစပျိုးနေရင်း အဟီး။။ ဖတ်မိသည့် အကို့ ကဗျာ ၅ပုဒ်မှာ ကော်မန့် နောက်ဆုံးကနေအမြီးထပ် ရှည်သွားအောင် လုပ်ခဲ့တယ်နော့.... ^-^

Anonymous said...

ကိုဆောင်းယွန်း စိတ်ကူး ကောင်းသား ဘဲ နော့

mie nge