Tuesday, November 24, 2009

”မိုးချုပ်တော့မယ်….ပွဲကမစသေးဘူး”

နေ့ရက်ပူပူတွေအလယ်မှာ
လက်ထဲ မယ်မယ်ရရဘာမှမရှိ
တရေးနိုးတိုင်းထကြည့်မိတဲ့ မှန်တွေထဲမှာ
တာဝန်မကျေတဲ့အသိတွေပဲ ပုံရိပ်လိုထင်ဟပ်
စိတ်က ကျုပ်ကိုမသေမချင်းသတ်နေတယ်…

ကိုလှသန်းစာသားး ခဏငှားရရင်
”အကြောင်းကြောင်းကြောင့်
လက်ခမောင်းခတ်ရမယ့်နေ့ကို မျှော်နေမိတယ်”…

အဟောင်းအဟောင်းတွေနဲ့ လွဲခဲ့ရသလို
အသစ်အသစ်တွေကလည်း ဘဝနဲ့အံမကျခဲ့သေးပါဘူး….

အိုမာခရမ်လို ပြက္ခဒိန်တွက်တတ်ရင်တော့
ပြဿဒါးနေ့တွေကို ပြက္ခဒိန်ထဲကအပြီးထုတ်
ရက်ရာဇာတွေနဲ့ နန်းတက်ဘုရင်လုပ်ချင်တယ်….

ဂျူးလိယက်ဖူးချစ်ဆီကတောင်းပြီး
ပစ်ဖူးခဲ့တဲ့ နောက်ဆုံးကျည်ဆံတွေလည်း
သတ်ကွင်းထဲမှာ တတောင့်ပြီးတတောင့်…

လက်ဖြောင့်တပ်သားမဖြစ်ခဲ့လို့ ကျည်ဆံတွေပြုန်း
ချွန်သလောက် တုံးနေရတဲ့ကံကြမ္မာ
နေရာတကာမှာ အကွက်တိုင်းဟာနေတာ သေချာသလောက်ပဲ…

ရောင့်ရဲမှုတွင်းထဲမှာ
စိတ်တွေအနည်ထိုင်တဲ့ထိ ထိုင်စောင့်ကြည့်နေရရင်း
မျှော်လင့်ခြင်းကို ရေခပ်ဆင်းမိတဲ့အခါ
အချပ်ပိုစကားလုံးတွေသာ တရွက်ပြီးတရွက်ပိုလာခဲ့
တရက်ပြီးတရက် အလဟဿအိုလာခဲ့တယ်….

ဘယ်ဆီဘယ်ဝယ်ဆိုတာ
မှန်းဆကာ တမ်းတနေရမယ့်အရာလား
အိပ်မက်ကို အခမဲ့ရုပ်ရှင်တကားလိုကြည့်ရတာ
ဖီလင်မလာတဲ့ နတ်သုဒ္ဒါကိုစားရသလိုပဲ…..

မိနစ်ကိုးဆယ်လုံးလုံး လက်စွမ်းပြခွင့်မရခဲ့တဲ့
ဂိုးသမားတယောက်လိုပဲ
မိုးထဲရေထဲမှာ သူများတွေကန်တာကိုပဲ
သည်းမည်းကြည့်နေခဲ့ရ
မိုးချုပ်တော့မှပဲ ပွဲကမစသေးမှန်းသိခဲ့ရတော့တယ်……။

တရေးနိုးတိုင်းခြောက်လှန့်နေတဲ့ အိပ်မက်တွေနဲ့အတူ ဒီကဗျာကို တရေးနိုးမှာထရေးမိပါတယ်။
ကဗျာပြီးဆုံးချိန်။ ။ နိုဝင်ဘာလ ၂၄ရက် မနက် ၃နာရီ ၃၀မိနစ်

15 comments:

Anonymous said...

မိနစ်ကိုးဆယ်လုံးလုံး လက်စွမ်းပြခွင့်မရခဲ့တဲ့
ဂိုးသမားတယောက်လိုပဲ
မိုးထဲရေထဲမှာ သူများတွေကန်တာကိုပဲ
သည်းမည်းကြည့်နေခဲ့ရ :((((

Anonymous said...

ဒီပွဲကလည်း စပါ့ဦးမလားဗျာ..

မြစ်ကျိုးအင်း said...

အချိန်တွေတော့ ကုန်နေပြီ

ဒါပေမယ့် လူတွေရင်ထဲမှာ စိတ်ဓါတ်တွေ ပြင်းထန်နေသ၍ မိုးမချုပ် သေးပါဘူး ။

မိုးစက်အိမ် said...

အိုမာခရမ်လို ပြက္ခဒိန်တွက်တတ်ရင်တော့
ပြဿဒါးနေ့တွေကို ပြက္ခဒိန်ထဲကအပြီးထုတ်
ရက်ရာဇာတွေနဲ့ နန်းတက်ဘုရင်လုပ်ချင်တယ်….
သဘောအကျဆုံးဘဲ အစ်ကိုရေ :)

မိုးမြင့်အောင် said...

ကိုချိုတူး
အကောင်းဆုံးထဲက ကဗျာတွေထဲမှာ အကောင်းဆုံးကဗျာတပုဒ်ကိုရေးလိုက်ပြန်ပြီ။ လူဆိုတာမသေမချင်းရွှေထီးပဲဗျာ ကိုယ့်အပုပ်ကောင် ကိုယ်တိုင်အထင်တော့မသေးလိုက်နဲ့ 
(အကြောင်းကြောင်းကြောင့် လက်ခမောင်းခတ်ရမဲ့နေရောက်မှာဖြစ်သလို ကိုယ်တိုင်လည်းဝင်ကန်ရမဲ့အလှည့်ကိုဆိုက်မှာပါ)
အဲကျရင်သာလောကကြီးက စိတ်မဆိုးဖို့ လိုတယ်
ခုတ်မယ့်လူဟာ မခုတ်ရခင်မှာသာ ဒါးသွေးနေတာ
ခုတ်ပြီဆိုရင်လည်း သေကြဖို့ သာကြံပေတော့

Unknown said...

ကဗျာလေးလာဖတ်သွားပြီ အစ်ကို...
တရေးနိုးတိုင်းခြောက်လှန့်နေတဲ့ အိပ်မက်တွေကနေ အမြန်ဆုံးနိုးထနိုင်ပါစေလို့ ညီမလေး ဆုတောင်းပါတယ်
အကြောင်းကြောင်းတွေနဲ့ လက်ခမောင်းခတ်ရမဲ့နေ့ရက်တွေကို အစ်ကိုနဲ့အတူ မျှော်လင့်မိရင်း .........
ညီမလေး နှင်း

ကိုချစ်ဖေ said...

ညကြီးသန်းခေါင်ဗျာ.မီးတွေစိမ်းနေတော့ ထင်တော့ထင်မိသား.မအိပ်သေးတာရယ်လို့ထင်နေတာ.
တခုခုတော့ တခုခုပဲလို့.မအားမှာစိုးတာနဲ့နှုတ်မဆက်လက်မပြတော့တာ.လက်စပ်သပ်တော့.ကဗျာထရေးသကိုး..ဗျာ..
မိုးကြီးမြန်မြန်ချူပ်ရင်လည်း ရောင်နီမြန်မြန်လာတာပေါ့ဗျာ..
စကားကွင်းထဲမှာတော့.ဒိုင်သူကြီးက ဘက်လိုက်ရတဲ့ကြားထဲ.ကိုယ့်လူတွေကလဲ ဘောလုံးအရေးကျွမ်းကျင်သူတွေများတယ်..
ဟဲ..ကျနော်တို့ကတော့ အထူးတန်းပွဲကြည့်စဉ်ကနေတဖက်အသင်းကို
အော်ဆဲမယ်.
သူများတွေလက်ခမောင်းခတ်တဲ့အချိန် ဆွမ်းကြီး
ဝင်လောင်းမယ်.အညောင်းပြေ အညာပြေ အဲ့စိတ်လဲအဆာပြေ ကဗျာရေးမယ်.အရှက်ပြေ တခါတလေ သံရုံးရှေ့သွားအော်မယ်..(ဖိနပ်နဲ့ပေါက်လို့ရရင်ပေါက်မယ်)
ဒီလိုပါပဲ..ကိုချိုတူးရေ..ဒီလိုပါပဲ.လွန်ခဲ့တဲ့.အနှစ် ၂၀ တုန်းက ခေတ်ကြီးကို ကျနော်တို့က ထမ်းပိုးမလို့..ခုတော့
ခေတ်ကြီးက ပဲ ကျနော်တို့ကို ပြန်ထမ်းပိုးနေရပြီလားမသိ..မိသားစုထမင်းလက်ဆုံစားရမဲ့နေ့ကိုရွှေဖြစ်ငွေဖြစ်
သဘောထား
အဂ္ဂိရတ်ထိုးရမဲ့ နိုင်ငံသားတွေ..

ရွှေရတုမှတ်တမ်း said...

ချမ်းချမ်းစီးစီး တရေးနိုးတော့.....
ကဗျာထရေးနေတာကိုး..ကိုဆောင်းက...

Anonymous said...

လက်ဖြောင့်တပ်သားမဖြစ်ခဲ့လို့ ကျည်ဆံတွေပြုန်း
ချွန်သလောက် တုံးနေရတဲ့ကံကြမ္မာ
နေရာတကာမှာ အကွက်တိုင်းဟာနေတာ သေချာသလောက်ပဲ…

ဒီတစ်ပိုဒ် ကျွန်တော်အတွက် အထိရှဆုံးပဲဗျာ

ဒဏ္ဍာရီ said...

အကိုရေ ... စောင့်မျှော်ရတဲ့ အချိန်တွေ အလဟသတော့ မဖြစ်နိုင်ပါဘူး။ ဘယ်လောက် မိုးချုပ်ချုပ် အာရုံတက်ဆိုတာတော့ ပေါ်လာမှာပဲလေ။ ညီမတို့တွေ အဲဒီအာရုံတက်အထိ ဇွဲရှိဖို့တော့ လိုမယ်နော်။
လက်ခတ်မောင်း ခတ်နိုင်မယ့် အချိန်ကို အကိုတို့နဲ့ အတူစောင့်မျှော်နေပါတယ်။

ခင်မင်လေးစားလျှက်

မမသီရိ said...

ကိုဆောင်းယွန်း ..
စကားလုံးတွေကြွရွနေတဲ့ ဒီလိုကဗျာကောင်းတွေ
ဘယ်လိုများ ရေးထွက် နိုင်သလဲ အံ့သြမိတယ်

ကဗျာတွေက.. စိတ်ကူးထဲက စီးကျလာတဲ့အချိန် ဇတ်ကနဲ ကောက်သိမ်းမှလေ.. နော်
နို့မို့ ခန နေကြာရင်.. စိတ်ကူးထဲက ကာရံတွေက ပျောက်သွားတတ်တာကိုး

ညတရေးနိုး ထရေးတဲ့ ကဗျာ ဆရာ ကို နားလည်တယ်

ကိုယ်တိုင်လဲ တောရွာလေးတွေမှာတာဝန်ကျခဲ့တုန်းက ဆို လက်နှိပ်ဓါတ်မီးလေးနဲ့ တရေး အနိုး တွေ မှာ ရေးခဲ့ဖူးတယ်.. ခုလဲ ဒီလိုပါပဲ ..း)..

ကိုအောင် said...

ဟိုးအရင်က အကိုရေးခဲ့တဲ့ ကဗျာတွေနဲ့ အခုနောက်ပိုင်း
ရေးနေတဲ့ ကဗျာထဲက အယူအဆတွေကို ကျနော်
မကြာခဏ ပြန်ပြန်ပြီး ဖတ်ကြည့်ဖြစ်တယ် အကို၊
အားပေးလျက်ပါ။

သိင်္ဂါကျော် said...

အဟောင်းအဟောင်းတွေနဲ့ လွဲခဲ့ရသလို
အသစ်အသစ်တွေကလည်း ဘဝနဲ့အံမကျခဲ့သေးပါဘူး….

စာသားလေးကြိုက်တယ်။

အစ်ကိုက ကဗျာကောင်းလေးတွေ တော်တော်ရေးနိုင်တာပဲနော်...

Anonymous said...

အော် ? ပွဲကမစသေး ဘူးလားရှင်

က+ဗျာ+လှည်း said...

ကိုယ်လျှောက်ခဲ့တဲ့ လမ်းတွေကို ပြန်ကြည့်မိရင် မှတ်တိုင်တွေ အများကြီးပါဗျာ။ အလိုမကျခြင်းမှတ်တိုင်၊ အဆင်မပြေခြင်းမှတ်တိုင်၊ ဒုက္ခမှတ်တိုင်၊ ...... စသည်ဖြင့်... နောက်လာမယ့်မှတ်တိုင်တွေ ဖြတ်သန်းရဦးမယ်အကို။