Sunday, November 29, 2009

”သစ္စာလက်ကျန်ရှင်းတမ်းမှာ အကြွေးမရှိကြေး”

ဘာလို့…
သစ္စာမရှိတဲ့ ပန်းတွေမှ
ငါတို့ ဥတုမှာ ခိုးကြောင်ခိုးဝှက် လုယက်ရွေးပွင့်ပြကြရတာလဲ….

ဖော်လန်ဖားမှ လန်းမယ့် ပန်းတွေ
တတောလုံး မြေခခဲ့ရင်တောင်
ဝမ်းနည်းခြင်းတွေ တလုံးတပါဒမှ ကြွေကျမိမှာ မဟုတ်ပါဘူး…

တပွင့်တည်း ပွင့်မယ့် ပန်းကိုမှ
ထိကပါးရိကပါး လောင်းရိပ်က မကြာခဏ လာကျရသတဲ့လား….

အသိတရားမဲ့ မြားပစ်ချက်တွေက နားဝမှာ တဝီဝီ
ကံမလို့သာ ခြောက်ပေကျင်း နှုတ်ခမ်းဝက သီသီလေး လွတ်ခဲ့ရတယ်…

လူပီသမှုများစွာနဲ့ တကြိမ်တခါတော့ ရူးသွပ် မိုက်မဲခဲ့ဖူးတာပေါ့…

နေကို ခူးဆွတ်ဖို့ ရူးသွပ်ခဲ့ဖူးတာ မဟုတ်သလို
လကို သိမ်းပိုက်ဖို့လည်း မိုက်မဲခဲ့ဖူးတာတော့ မဟုတ်ဘူး…

ကိုယ်လုပ်မှ ကိုယ်ဖြစ်မယ်ဆိုတဲ့ ဂေါတမတရားတော်အတိုင်း
ခေတ်ရဲ့ စေခိုင်းချက်ကို ကျွဲပခုံးထအောင် ထမ်းပိုး
တနေ့တလံဆိုတဲ့ တုံးတိတိ အသိမျိုးနဲ့ပဲ
မျှော်လင့်ချက်ကို မျက်ခြေမပြတ်ရအောင် ရှေ့ဆက်တိုးနေခဲ့တာပါ…

ဒီလောက်လျှောက်ခဲ့ပြီးမှ ရသလောက်ကို ကုန်းကောက်
အိမ်တံခါးကို နောက်ဖေးပေါက်က တိတ်တိတ်ခေါက်ရမယ်ဆိုရင်
ဟိုအရင် ဒေါင်းမောင်းတင်ထားတဲ့ မာနတွေက
ဈေးခေါင်းမကွဲခင် ဒစ်စကောင့်ချခံရတဲ့ ဖန်ခွက်တလုံးလောက်မှ တန်ဖိုးရှိပါ့မလား…

ဟေ့………ဒီ………မှာ……………………………………………….
သစ္စာသေနတ်ပြောင်းမှာ မောင်းတင်ထားတဲ့ မာနဆိုတာ
တွေ့ကရာနေရာကို ထင်သလို ပစ်ချလိုက်ဖို့ မဟုတ်ဘူး…….

ကိုယ့်နဖူးကိုယ် အလံဖြူတပ် သေနတ်နဲ့ ပြန်ချိန်နေတာလောက်
သစ္စာဖောက်တဲ့ ရှက်ကြောက်စရာကိစ္စ ဟောဒီလောကမှာ ရှိနိုင်ပါ့ဦးမလား…..

စကားတွေဖာလိုက်ကြ တရားတွေနာလိုက်ကြနဲ့
မုသာဝါဒ အပင်တွေ ရောထွေး ယှက်တင်နေကြတဲ့
မှော်ရုံတခွင်မှာမှ ချွေးသိပ်တေးနဲ့ ပျော်ချင် အိပ်ချင် ငေးချင်ကြသတဲ့လား..

လူတွေရဲ့ သည်းခြေကြိုက်က
အငိုက်မှာ အရှိုက်ကို ဘယ်ညာဝိုက်ထိုးတတ်တဲ့
မိုက်တိုင်ဆန်ရဲ့ လက်သီးမျိုးထက် တည့်တည့်မှန်တယ် ပြင်းတယ် ထန်တယ်….

တခုခုရဖို့ တခုခုကိုမှ တင်းမခံနိုင်ရင် ရောက်တဲ့နေရာက လှည့်ပြန်
သစ္စာလက်ကျန်ရှင်းတမ်းမှာ အကြွေးမထားကြေး
လူတိုင်း ကိုယ့်အသိတရား ကိုယ်သွေးပြီး ကိုယ့်သမိုင်း ကိုယ်ရေးနေကြတာပါ…..။

15 comments:

ဗညားရှိန် said...

ဟေ့………ဒီ………မှာ……………………………………………….
သစ္စာသေနတ်ပြောင်းမှာ မောင်းတင်ထားတဲ့ မာနဆိုတာ
တွေ့ကရာနေရာကို ထင်သလို ပစ်ချလိုက်ဖို့ မဟုတ်ဘူး…….

ကိုယ့်နဖူးကိုယ် အလံဖြူတပ် သေနတ်နဲ့ ပြန်ချိန်နေတာလောက်
သစ္စာဖောက်တဲ့ ရှက်ကြောက်စရာကိစ္စ ဟောဒီလောကမှာ ရှိနိုင်ပါ့ဦးမလား…..

ကောင်းလိုက်တဲ့ စကားလုံးတွေ ရင်ထဲကို မိုးကြိုးတွေ အစင်းစင်း ပစ်သွင်းခံရသလိုပဲ ထိရှတယ် ကြိုက်တယ်ဗျာ

မမသီရိ said...

ဒီလောက်လျှောက်ခဲ့ပြီးမှ ရသလောက်ကို တော့ ကုန်းမကောက် ချင်ဘူး

ဒဏ္ဍာရီ said...

အကိုရေ .... လောကမှာ အရှုံးပေးပါတယ်ဆိုမှ အနိုင်လိုချင်တတ်ကြတယ်။ မြေနိမ့်ရာ လှံစိုက်ချင်ကြတဲ့ သဘာဝပေါ့ ...

ကိုယ့်နဖူးကိုယ် အလံဖြူတပ် သေနတ်နဲ့ ပြန်ချိန်နေတာလောက်
သစ္စာဖောက်တဲ့ ရှက်ကြောက်စရာကိစ္စ ဟောဒီလောကမှာ ရှိနိုင်ပါ့ဦးမလား…..

ဒီစကားလုံးတွေကို မှတ်သားသွားတယ် အကို...

ခင်မင်လေးစားလျှက်

မြစ်ကျိုးအင်း said...

ကဗျာအပိုဒ်တိုင်းမှာ အဓိပ္ပါယ်တွေ အပြည့်ပါပဲ

ကဗျာမှန်သားထက်ကနေ ခေတ်နဲ့ စနစ် ၊လူတွေရဲ့ အတ္တ ၊စိတ်မာန်သွင်းမှု တွေ အားလုံးကို မြင်နေရတယ်။

ကိုယ့်သမိုင်းကိုယ်ရေးတာ ပြည်သူတွေမပါပါဘူး

သမိုင်းတခုထဲကို အားလုံးအတူတူရေးနေခဲ့ကြတယ်။

ကျနော်တို့ရေးတဲ့ သမိုင်းမှာ အတ္တမပါဘူး ထိုင်ခုံကိုမျက်စမပစ်ဘူး ... အားလုံးစိတ်တူကိုယ်တူ ရေးကြတဲ့ သမိုင်းက နောက်မျိုးဆက်တွေ သာယာ တောက်ပဖို့ပဲမဟုတ်လား

မိုးစက်အိမ် said...

လူတိုင်း ကိုယ့်အသိတရား ကိုယ်သွေးပြီး ကိုယ့်သမိုင်း ကိုယ်ရေးနေကြတာပါ သိပ်မှန်တာပေါ့အစ်ကိုရာ ကိုယ့်
သမိုင်းကို ကိုကိုယ်တိုင်ကလွဲလို့  ဘယ်သူမှလာရေးမရဘူး
သူကြောင့်ငါသမိုင်းမကောင်းဘူး မင်းကြောင့်ငါ့သမိုင်းမ
ကောင်းဘူးဆိုတာ မရှိပါဘူး ကိုယ့်သမိုင်းကြောင်းဟာကို
နဲ့ ဘဲသက်ဆိုင်ပါတယ် . . . လေးစားလျက်

ကဗျာဦး said...

ကိုယ်လုပ်မှ ကိုယ်ဖြစ်မယ်ဆိုတဲ့ ဂေါတမတရားတော်အတိုင်း
ခေတ်ရဲ့ စေခိုင်းချက်ကို ကျွဲပခုံးထအောင် ထမ်းပိုး
တနေ့တလံဆိုတဲ့ တုံးတိတိ အသိမျိုးနဲ့ပဲ
မျှော်လင့်ချက်ကို မျက်ခြေမပြတ်ရအောင် ရှေ့ဆက်တိုးနေခဲ့တာပါ…

အစ်ကိုဆောင်း
ကဗျာကတော့
လန်းတယ်
မိုက်တယ်

စိတ်စမ်းရေ said...

နေကို ခူးဆွတ်ဖို့ ရူးသွပ်ခဲ့ဖူးတာ မဟုတ်သလို
လကို သိမ်းပိုက်ဖို့လည်း မိုက်မဲခဲ့ဖူးတာတော့ မဟုတ်ဘူး.
ကျွန်တော်တို့ အဲဒီလောက်ရူးမိုက်သူတွေမဟုတ်ပါဘူး..။
ဖြစ်နိုင်တာကိုသာ တွေးတောခဲ့ကြတာပါ...။

မိုးမြင့်အောင် said...

နောက်ဖေးပေါက်က တိတ်တိတ်လေးတံခါးခေါက်တတ်တာမဟုတ်ပါဘူးဆရာရယ်
အိမ်ရှေ့ ပေါက်ကနေ လော်စပီကာ ၁၀လုံးတတ်ပြီး တကမ္ဘာလုံးကြားအောင် ရို့ ရို့ လို့ ခေါ်လိုက်တိုင်း ဝုတ်ဝုတ်ဆိုပြီး အမြီးနန့် ပြီး တတ်ပြနေတာပါ

အိုင်လွယ်ပန် said...

ကဗျာ ...
စကားလုံး တွေ ကြိုက်မိတယ် အစ်ကို ..။

မနန်း said...

တခုခုရဖို့ တခုခုကိုမှ တင်းမခံနိုင်ရင် ရောက်တဲ့နေရာက လှည့်ပြန်
သစ္စာလက်ကျန်ရှင်းတမ်းမှာ အကြွေးမထားကြေး
လူတိုင်း ကိုယ့်အသိတရား ကိုယ်သွေးပြီး ကိုယ့်သမိုင်း ကိုယ်ရေးနေကြတာပါ…..။

လှလိုက်တဲ့စကားလုံးတွေပါပဲရှင်

ကိုရင်နော်ခင်လေးငယ် said...

အကိုဆောင်းယွန်းရေ...

သမိုင်းအသစ်ကို တက်နိုင်ဖို့....
ဘာတွေများလိုအပ်နေကြလဲ လို့ စဉ်းစားရင်း....
ကဗျာကို သေချာ ခံစားသွားပါတယ်နော်..။

၎လစာ အားရပါးရ လာဖတ်သွားပါတယ်..

ခင်မင်လေးစား ချစ်ခြင်းအားဖြင့်
ကိုရင်နော်ခင်လေးငယ်

မောင်သုံည said...

အာရံုငါးပါးမွာ ထိသိထားသမ် ဒီကဗ်ာအလွမွာ အကုန္ပံုခ် ယံုလုိက္ရမလုိပါပဲ တကယ္ပါအပိုမပါ ပါဘူး
ကိုယ့်ရဲ့(၂၁ နှစ်အတွေ့အကြုံ)

ကျော်ညိုသွေး said...

တစ်ကယ်ကောင်းတယ်ဗျာ ဆိုတဲ့စကားကို
အပြင်မှာ လူချင်းတွေ့ရင် နားထဲမှာ စိမ့်သွားအောင်ကို
ယောက်ျားပီပီသသ ထပ်ပြောချင်တယ်။

တစ်ကယ်ကြိုက်တယ် အကို။

မောင်နွေသစ် said...

လူပီသမှုများစွာနဲ့ တကြိမ်တခါတော့ ရူးသွပ် မိုက်မဲခဲ့ဖူးတာပေါ့…

ဒီလောက်လျှောက်ခဲ့ပြီးမှ ရသလောက်ကို ကုန်းကောက်
အိမ်တံခါးကို နောက်ဖေးပေါက်က တိတ်တိတ်ခေါက်ရမယ်ဆိုရင်
ဟိုအရင် ဒေါင်းမောင်းတင်ထားတဲ့ မာနတွေက
ဈေးခေါင်းမကွဲခင် ဒစ်စကောင့်ချခံရတဲ့ ဖန်ခွက်တလုံးလောက်မှ တန်ဖိုးရှိပါ့မလား…

ဟုတ်တယ်ဗျာ...လူမှန်ရင်တစ်ခါလောက်တော့...မိုက်ဖူးကြမှာပဲနော်.....
မိုးလားကဲလားပြောဆိုပြီးမှ....လူမသိသူမသိအိမ်ကိုပြန်မနေတော့ဘူးပေါ့ဗျာ.....
အကိုရေ..အားပေးသွားတယ်...။

Mhu Darye said...

ဘာမှပြောတော့ဘူး.. ကဗျာလာဖတ်တယ်။