Tuesday, December 15, 2009

”ရင်ဘတ်ကြယ်သီးကို ဦးနှောက်နဲ့ဖြုတ်ကြည့်ခြင်း”

အရိုင်းစိုင်းဆုံး မုန်တိုင်းက
ငါတို့ကမ်းခြေကိုမှ ရွေးပြီး စတည်းချရတယ်လို့….

အရေးကြီးကြီး မကြီးကြီး
သွေးနီးနေမှ လက်ပမ်းမကျနိုင်မယ့်
ပင်လယ်ပြင်ခရီးကို
တနည်းမဟုတ် တနည်းနဲ့တော့ ရောက်အောင်ဖြတ်ရမယ်….

အဖြေတွေကို
မေးခွန်းထဲ ပြူးပြဲ ရှာကြည့်မိတော့
သုံးရာခြောက်ဆယ့်ငါးရက်ဆိုတဲ့ တနှစ်မှာ
စိုက်ထုတ်မှုက ဘယ်နှစ်နာရီစာ ဘယ်နှစ်ရက် လျော့နေတယ်မသိ…

အားတွေသွန်လိုက်ကြ အခွံတွေစိုက်လိုက်ကြနဲ့
ဘယ်လိုစီးဆင်းမှုမျိုးမှ မပေါက်ရောက်တဲ့အခါ
ဘဝကို ပစ်ကွင်းတခုလို သဘောထားရင်း
ဘဝထဲကို အလိုမကျခြင်း မြားတွေတစင်းပြီးတစင်း ပစ်ခွင်းနေမိကြ….

အအေးမိ နှာစေးတာလောက်ဆိုရင်တော့
ငယ်ငယ်က အပြောင်အပျက်ပြောသလို
ဒါလေးများ….ဘာမီတွန်သောက် ပျောက်ပေါ့…

အတွေးတွေကို
တချပ်မှောက်ဖဲလို ကစားကြည့်တော့လည်း
တစ်ကိုးကင်း ထွေခင်းနေရတဲ့ ကန္တာရထဲ
ရေလိုက်လွဲနေတဲ့ ကြမ္မာမွဲမွဲကိုပဲ အစိမ်းလတ်လတ်တွေ့နေရသေးတယ်…

ချော်လဲရောထိုင်နေရတဲ့ အဖြစ်ထက်
ငါးပွက်ရာ ငါးစာချနေရခြင်း အဖြစ်ထက်
တက်ကျိုးလို့ လက်နဲ့ထိုးလှော်နေရတာကမှ
တနေ့တလံ ပုဂံအနား တရွေ့ရွေ့ အရောက်သွားနိုင်ဦးတော့မယ်…

အဖြေထွက်ဖို့အတွက်
အတိတ်နေ့ရက်ဟောင်းတွေနဲ့ မီးမောင်းထိုးရှာခဲ့ကြပြီးပြီ
ဆီကုန်တာသာ အဖတ်တင်ခဲ့တယ်
လက်တလောနေ့ရက်တွေရဲ့ တတိတိတိုက်စားမှုတွေအောက်
နေညိုမှာ လမ်းမပျောက်အောင် ခြေတိုအောင်တော့ လမ်းလျှောက်ကြရဦးမယ်…….။

19 comments:

Anonymous said...

လက်တလောနေ့ရက်တွေရဲ့ တတိတိတိုက်စားမှုတွေအောက်
နေညိုမှာ လမ်းမပျောက်အောင် ခြေတိုအောင်တော့ လမ်းလျှောက်ကြရဦးမယ်

ဟူးးး မှန်နေတယ် ဦးဆောင်းယွန်းရေ..

သွယ်လင်းဆက် said...

ရင်ဘက်ကြယ်သီးကိုစေ့စေ့တပ် ဦးနှောက်နဲ့ဖြည့်ဖြည့်မှတ်
ရင်း နေညိုရာလမ်းတစ်လျှောက်ကိုခြေတိုအောင်လျှောက်
ကြတာပေါ့ အကိုဆောင်းယွန်းရေ။

tin min htet said...

ရင်ဘတ်နဲ့ရော ဦးနှောက်နဲ့ပါ ဖတ်ရှု၊ ခံစားသွားပါတယ်။

ကိုချစ်ဖေ said...

ကျနော်တို့ကိုယ်ကလည်း မနေနိုင်မထိုင်နိုင် မုန်တိုင်းထဲပဲ အုပ်ဖွဲ့ပျံချင်တဲ့ ငှက်တွေလေ.

ကိုအောင် said...

ကဗျာလာဖတ်သွားတယ်အကို၊ အကိုတို့ ၂၀၁ က
မျိုးဝင်းက ကျနော့်ကို မေးတယ်၊ မင်း ကိုချိုတူးကို
သိလားတဲ့၊ ကျနော်ပြောလိုက်တယ် ကိုဆောင်းယွန်းလ
တော့ သိတယ်လို့ ...း)

ဝေလင်း said...

အစ်ကိုရေ..
အစ်ကိုကဗျာတွေ ဖတ်ရတိုင်း ကျေနပ်မှုတစ်ခု၊ ခံစားချက်တစ်ခုတော့ ရတာချည်းပဲ...။ ကျေးဇူးတင်ပါတယ်အစ်ကို...

ရွှေရတုမှတ်တမ်း said...

ကိုဆောင်းရေ.. ပုဂံရောက်ခါနီးလာပြီ...
ဒါပေမဲ့..အဲဒီပုဂံက သူတို့စိတ်တိုင်းကျပြင်ဆင်မွမ်းမံထားတဲ့ပုဂံ....

နေ၀သန် said...

အစ်ကိုရေ.. တွေးကြည့်ရင်းနဲ့ သဘောပေါက်သလို မပေါက်သလိုပဲ... စကားလုံးတွေကတော့ ခိုက်တယ်ဗျာ... ဆက်တွေးလိုက်ဦးမယ်..း))

မင်္ဂလာပါ .... said...

အစ်ကိုဆောင်းရေ...
ကဗျာ အသစ်လေး လာဖတ်သွားပြီ
ခေါင်းစဉ်ကိုတော့ အကြိုက်ဆုံးပဲး)
ခင်မင်လေးစားလျှက်

မိုးစက်အိမ် said...

နေညိုမှာ လမ်းမပျောက်အောင် ခြေတိုအောင်တော့ လမ်းလျှောက်ကြရဦးမယ် မှန်တယ်အစ်ကိုရေ
လုံးဝမှန်တယ် ခြေတိုအောင်တော့တော်တော်လေး
ကြိုးစားလျောက်ရအုံးမယ်ဗျာ . . .

Anonymous said...

"တက်ကျိုးလို့ လက်နဲ့ထိုးလှော်" တဲ့....ဒီစာသာကိုကြိုက်တယ်။ (အရင်ကရှိပြီးသာ အဆိုအမိန့်တခုလို့မြင်ပါတယ်...ဒါပေမဲ့ကဗျာဆရာက အတတ်ပညာနဲ့ ရေးဖွဲ့တတ်ခဲ့တယ်) ကျနော်တော့ဗျာ.. မိမိ (ဝါ) သူများကြောင့်ပဲကျိုးကျိုး မရပ်ပဲ ဆက်လှော်တာကိုကြိုက်တယ်။ ကမ်းရောက်တော့လဲ အမြတ်ပေါ့။ လှော်ဖို့သာအဓိကလို့ ကဗျာကပေးတဲ့အားရလိုက်သလိုမျိုး ခံစားမိတယ်.....

လေးစားစွာဖြင့်

ကျော်နိုင်

ဒဏ္ဍာရီ said...

အကိုရေ.... တန်ဖိုးရှိတဲ့ စကားလုံးတွေပါပဲ။
မီးမောင်းထိုးပြလည်း မမြင်ချင်ယောင် ဆောင်နေတော့ ခက်တယ်လေ။

ခင်မင်လေးစားလျှက်

~ဏီလင်းညို~ said...

ကိုဆောင်း....
ခေါင်းစဉ်ကနေစပြီးတော့....
စကားလုံးတိုင်းကိုကြိုက်နှစ်သက်တယ်...။
အဖွဲ့ အနွဲ့ကိုလည်း... နှစ်သက်တယ်...။
အကြောင်းအရာကိုလည်း... နှစ်သက်တယ်...။
ရင်ဘတ်နဲ့ လည်း... ခံစားပြီးဖတ်သွားတယ်..အစ်ကို...။
(အရိုးသားဆုံးဝန်ခံရရင်...တတိယ အကြိမ်မြောက်လာဖတ်တာပါအစ်ကို..)

ခင်မင်လေးစားတဲ့
ဏီလင်းညို

မြစ်ကျိုးအင်း said...

ချော်လဲရောထိုင်နေရတဲ့ အဖြစ်ထက်
ငါးပွက်ရာ ငါးစာချနေရခြင်း အဖြစ်ထက်
တက်ကျိုးလို့ လက်နဲ့ထိုးလှော်နေရတာကမှ
တနေ့တလံ ပုဂံအနား တရွေ့ရွေ့ အရောက်သွားနိုင်ဦးတော့မယ်…

သိပ်ကောင်းတဲ့ အပိုဒ်လေးပဲဗျာ
ဘာကြောင့်တွေ ဘယ်သူကြောင့်တွေ ပြောနေမယ့်အစား ရသလောက် ရှေ့ဆက်ရမှာ ပဲမဟုတ်လား။

Carry on !!!

ရီမိုးပြည့်  said...

စကားလုံးတွေကတော့  ရေလည်ထိမိတယ်... ဦးဆောင်းယွန်းရေ... နေပူနေလည်းလျှောက်ရမှာပဲ မိုးရွာနေလည်းလျှောက်ရမှာပဲ... ဆက်လျှောက် ဆက်လျှောက်....

ကိုရင်နော်ခင်လေးငယ် said...

အကိုဆောင်းရေ....

အတွေးတွေကို
တချပ်မှောက်ဖဲလို ကစားကြည့်တော့လည်း
တစ်ကိုးကင်း ထွေခင်းနေရတဲ့ ကန္တာရထဲ
ရေလိုက်လွဲနေတဲ့ ကြမ္မာမွဲမွဲကိုပဲ အစိမ်းလတ်လတ်တွေ့နေရသေးတယ်…


အဲ့လိုအတွေးတွေနဲ့ စကားလုံးတွေကြောင့်
ကဗျာတွေဖတ်တိုင်း အားရ ကျေနပ် လေးစား နေမိဆဲပါ....

ခင်မင်လေးစားချစ်ခြင်းများဖြင့်....

Anonymous said...

လက်တလောနေ့ရက်တွေရဲ့ တတိတိတိုက်စားမှုတွေအောက်
နေညိုမှာ လမ်းမပျောက်အောင် ခြေတိုအောင်တော့ လမ်းလျှောက်ကြရဦးမယ်…….

း))

ကဗျာဦး said...

ကောင်းလှချည့်လားအစ်ကိုဆောင်း
ဓါတ်ပုံတွေလာယှဉ်ကြည့်ပါအုံး

ကိုရင်နော်ခင်လေးငယ် said...

အကိုဆောင်းရေ...

。° 。 ° 。˚ ˛ • ˚ ˚ ˛
MERRY 。 • ˚ ˚ ˛ ˚ ˛ • •
。CHRiSTMAS 。 。° 。 ° ˛ ˚ ˛
Π___ 。 ˚ ˚ ˛ ˚ ˛ •˛ •˚
/_____/ \。˚ ˚ ˛ ˚ ˛ •˛ •˚
| 田田|門| ˚ ˛ ˚ ˛ •
Merry Christmas and a Happy 2010 New Year

((ချမ်းမြေ့ပျော်ရွှင်ပါစေ))