Monday, February 1, 2010

”တဒင်္ဂလေးများ”

ငှက်ကလေး ဖြတ်ပျံသွားတာ
တိမ်တွေမပြာတော့တဲ့ ကိစ္စ
အနာဂတ်စာမေးပွဲ ကျရှုံးခြင်း
သတင်းစုံလင်မှာ…က စလို့.....

ပွဲဦးထွက် ဗွေဆော်ဦးဂိုး
မိုးပြန်မလင်းတော့တဲ့ နောက်ဆုံးညတည
သွေးနဲ့ကိုယ် သားနဲ့ကိုယ်မို့ စမိခဲ့တာပါတဲ့....

ဖိနပ်မပါပဲ လမ်းလျှောက်လို့ ခြေဖဝါးပေါက်ခြင်း
အလင်းဓာတ်မပေးနိုင်တော့တဲ့ မြို့တော်ပျက်
သက်သက်လွတ်စားနေတဲ့ ကြောင်ပါး
ငါးမကြိုက်တဲ့ ငါးမျှားချိတ်
အိပ်မပျော်လို့ အိပ်ဆေးတွေနဲ့ မှောက်မှားနေရမှု
အခု.ခင်ဗျားလက်ထဲမှာကိုင်ထားတဲ့ လူသတ်ကရိယာ
ပြာတာလေးတယောက်ရဲ့ အာမေဋိတ်
ဟိုကောင်မလေး အိတ်ထဲက ရေမွှေးပုလင်းက ဈေးကြီးတယ်.....

မြင်းဆေးဈေးအတက်အကျ အခြေပြဇယား
မယား ကုလားနောက်ပါသွားတဲ့ နောက်ကွယ်ကမုန်တိုင်း
ရိုင်းလိုက်တာဆိုပြီး အပြင်းအထန်ထိုးနေတဲ့ လက်ညှိုး
သူခိုးကို ဓားရိုးကမ်းပေးနေသူရဲ့ ပျော်ရွှင်မှု
ဂရုဏာသက်စရာကောင်းမှုဟာ
သူတောင်းစားလေးတယောက်ရဲ့ ခွက်စုတ်တလုံးထဲမှာ....

မင်္ဂလာဆောင်ဖိတ်စာဟာ အိတ်ပြာပြာလေးထဲ မျက်ရည်ဝဲ
လူကြမ်းတွေလဲရင် ကြိုက်မလားဆိုတဲ့ သီချင်း
ပြင်းလွန်းလို့ ရေနဲနဲရောသောက်ရတဲ့ လမ်းဘေးဆိုင်
တိုင်ပတ်နေတဲ့ နားမလည်တတ်မှုများ
ခေါင်းပါးခြင်း ခေါင်းစဉ်အောက်ထဲမှာ ဝဲစွဲနေတဲ့ အိမ်
စိန်ပြေးတမ်း ကစားနေတဲ့ ဂေါ်လီမလေး
တော်ကီအပေးကောင်းရင် နောက်တယောက် မပြောင်းချင်ဘူးတဲ့....

ပေါက်ပေါက်ရောက်ရောက်ရှိရင် နေရာတကာ ဆရာကြီး
လက်ဖျားမှာ ငွေသီးနေရင် မသေချင်သေးဘူးလို့ ပြောတတ်သူ
ဘယ်သူ့ဘယ်သူမှ အပြစ်မပြောကြေးတဲ့လား....

အော်..အော်…”ခဏလေးများ”ဆိုတာ
ကိုလေးဖြူဆိုတဲ့ သီချင်းကို ညွှန်းဆိုတာဆိုရင်လည်းဖြစ်တယ်
ဘယ်နေရာကို ဘယ်လိုပဲရောက်ရောက်
မျက်စိတွေမှိတ်တော့တာနဲ့ လျှပ်တွေပြက်တော့တာပဲ။ ။

5 comments:

စိတ်စမ်းရေ said...

စကားလုံးတွေ အရမ်းကောင်းတာပဲ အကို....။

emayarKhin said...

စကားလုံးတွေနဲ့ကဗျာတွေက
ကောင်းမြဲကောင်းပဲအကိုရေ...
မအားလို့အရောက်အပေါက်နည်းတယ်
အကိုရေ..အဲ..စိတ်ကတော့အမြဲရောက်ပါတယ်...
ပျော်ရွှင်ပါစေ....

ဒဏ္ဍာရီ said...

အကို ရေးတဲ့ ကဗျာတိုင်းကို စကားလုံး ရွေးချယ်ထားတာတွေ အရမ်း နှစ်သက်တယ် အကိုရေ..။ တကယ်ကို ကဗျာရေး တော်တယ်နော်။ အားကျတယ် အကို။

ခင်မင်လေးစားလျှက်

မယ့်ကိုး said...

စကားလုံးတွေ အတွေးတွေက လှလျက် နှစ်သက်လျက်ပါ အစ်ကို။

~ဏီလင်းညို~ said...

ကိုဆောင်းရေ...
ဒီကဗျာလည်း...ညီကြိုက်တာပဲဗျာ...။
ကဗျာစာကြောင်းတစ်ကြောင်းနဲ့ တစ်ကြောင်းကြားက အဓိပ္ပါယ်...အချိပ်အဆက်လေးတွေကို ညီတော့ ဖတ်ရင်းဆက်စပ်တွေးကြည့်နေမိတတ်တာပါပဲဗျာ...။

ခင်မင်လေးစားနေမြဲပါအစ်ကို....
ညီ
ဏီလင်းညို