Tuesday, February 16, 2010

”ညီမလေးနဲ့ပြန်တွေ့တဲ့နေတုန်းက ရေးခဲ့တဲ့ကဗျာ”

ခေတ်မီ အင်တာနက်ကမ္ဘာကြီးရဲ့
ကြီးမြတ်တဲ့ မဟာကျေးဇူးတော်ကြောင့်
ငါတို့အချင်းချင်းကြား ဖြတ်တောက်ခြင်းခံထားရတဲ့
ဆက်သွယ်မှု တေးစာသားတွေကို
တံတားတခုအဖြစ်
ခုလို…ပြန်ဆက်ခွင့်ရခဲ့တာပေါ့ ညီမလေးရယ်….

ဆယ်စုနှစ်တွေ ဘယ်လောက်ခြားခြား
ယူဇနာမိုင်တွေ ဘယ်လောက်ဝေးဝေး
တသွေးတစိတ်တည်း ဆက်သွယ်ထားမှုမှာတော့
ခေတ်မီနည်းပညာတွေ မလိုခဲ့သလို
မာစတာနဲ့ပီအိတ်ခ်ျဒီဘွဲ့တွေလည်း မလိုခဲ့ပါဘူး….

ညီမလေးရေ
ငါတို့ စိတ်အချင်းချင်း ထုံကူးထားခဲ့ကြတဲ့
သတင်းပွင့်နဲ့ စကားပန်းတွေရဲ့
သင်းရနံ့တွေကိုတော့
ဘယ်လို မာရ်နတ်မျိုးတွေကမှ
သူတို့ရဲ့ မာယာအတတ်တွေနဲ့
ခိုးယူလှည့်ဖျား စည်းခြားလို့ရခဲ့မှာမဟုတ်ပါဘူးကွယ်…..

တခေတ်တခါဆီက
နှလုံးသားရှိသူတွေနေတဲ့ အရပ်မှာ
ရင်ဘတ်နဲ့ စိုက်ခဲ့ကြဖူးတဲ့
အဖြူထည်သက်သက် သစ်တပင်ထက်က
ဆန္ဒသစ်ရွက် ကိုင်းဖျားခက်လက်တွေပေါ်မှာ
ခေတ်အဆက်ဆက် မနွမ်းတဲ့ပန်းတွေ
တပွင့်ကြွေရင် နှစ်ပွင့်ဝေနေမယ်ဆိုတာ
ကမ္ဘာကုန်တည်သမျှ
ယုံကြည်စိတ်ချထားပါတယ် ညီမလေးရယ်……

ခေတ်မီနည်းပညာတွေရဲ့
ကျေးဇူးတော်အနန္တကြောင့်
အခုရေးဖြစ်တဲ့ ဟောဒီကဗျာဟာ
ညီမလေးရဲ့ ရင်ဘတ်ထဲမှာ
ခွန်အားတခုအဖြစ် ပွင့်သစ်ပါစေလို့ဆုတောင်းရင်း
တရားမဲ့ခြင်းတွေချုပ်ငြိမ်းစေဖို့ …….အာမင်.။ ။

12 comments:

Nge Naing said...

ကဗျာလာဖတ်သွားပါတယ်။ အင်တာနက် ကျေးဇူးကြောင့် ဝေးနေသူတွေလည်း နီးနီးလေးလိုပဲ လိုအခန်းနံရံလောက်တောင် မခြားပဲ အတူတူ တွေ့နေရသလိုပဲနော့်။

လင်းဒီပ said...

တကယ်ပြန်တွေ့ကြသလိုပါပဲ...
ဆိုင်ဘာစက်ဝန်းထဲ...
ပုံရိပ်တွေ အသံတွေ ငေးမော နားထောင်ရင်း တခါ ပြန်ပျော်ရွှင်ခွင့် ရခဲ့

ဒဏ္ဍာရီ said...

ဝမ်းသာပါတယ် အကိုရေ.. ဆယ်စုနှစ်ပေါင်း ဝေးနေခဲ့တဲ့ မောင်နှမတွေ ဒီလို နည်းပညာတွေကြောင့် ခုလို ပြန်တွေ့ရတယ်ဆိုတာ ကြားရတဲ့ အတွက်ပါ။

ပျော်ရွှင်ပါစေ..။

ခင်မင်လေးစားလျှက်

~ဏီလင်းညို~ said...

ကိုဆောင်းရေ....
အနေဘယ်လောက်ဝေးဝေး.... ရင်ဘတ်ခြင်းတူရင်...စိတ်နှလုံးသားချင်းကတော့ နီးနေမှာပေါ့နော်ဗျာ....။
ကဗျာလေးကို ခံစားဖတ်သွားပါတယ်အစ်ကို....
ခင်မင်လေးစားရင်းနဲ့
ညီ....
ဏီလင်းညို

မေ့သမီး said...

အကိုရေ နည်းပညာကျေးဇူးကြောင့် တမြို့တည်းသား တခါမှမမြင်ဘူးတဲ့ မောင်နှမနှစ်ယောက် အင်တာနက်မှာလာဆုံတာလည်းရှိတယ်လေ။ :D

သဒ္ဓါလှိုင်း said...

ကိုဆောင်းရေ..
ကဗျာလေးကိုခံစားဖတ်သွားပါတယ်။ တခါတလေမှာ အဝေးမှာနေပေမဲ့ အင်တာနက်ကျေးဇူးကြောင့် နီးခွင့်ရစေတယ်။ လူချင်းနီးနေပေမဲ့ စကားမပြောနိုင်တဲ့ အခြေအနေတွေ ရှိကြတယ်နော်.

ခင်တဲ့
ညီမသဒ္ဓါ

ရီမိုးပြည့်  said...

အစ်ကို ဆောင်းယွန်းရေ...

ညီမလဲ ဒါလေးအားကိုးပြီး မိသားစုနဲ့ ဆက်သွယ်နေရတာ... အစ်ကို့ ကဗျာလေးဖတ်ပြီး ခံစားမူ့ တွေထပ်ရသွားပါတယ်...

ချော (အစိမ်းရောင်လွင်ပြင်) said...

ကဗျာလေးကို သဘောကျမိပါတယ်..
ဘာဘဲဖြစ်ဖြစ် နည်းပညာကြောင့်
ဝေးနေသူတွေ နီးစေတာ ကျေးဇူးတင်ရမှာပါနော်
ဒါလေးကို ကဗျာလေးဖြစ်အောင် ဖွဲ့ပြထားတာကိုက
ကြည်နူးစရာလေးပါ

ကျေးဇူးပါရှင်...

နွေဆူးလင်္ကာ said...

တိုက်တိုက်ဆိုင်ဆိုင် ကျနော်လည်း နှစ်အတန်ကြာ အဆက်အသွယ်ပြတ် ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်း မသိတဲ့ ညီမလေးတစ်ယောက်ကို Facebook မှာ ပြန်တွေ့ပြီး ဂျီတော့နဲ့ စကားတွေ ပြောဖြစ်ခဲ့တာ တစ်ပတ်လောက်ပဲ ရှိသေးတယ်ဗျ။ တကယ်တော်တာတော့ ကျနော့်တူမဝမ်းကွဲပါ။ ဒါပေမယ့် ဆယ်တန်းကို တစ်ခန်းထဲက အတူတူ အောင်ခဲ့ကြတဲ့ မောင်နှမတွေပါ။ ဒါနဲ့ မနေ့က မိုးမခမှာ ဖတ်ရကတည်းက ကျနော် ကူးပြီး သူ့ဆီ ပို့ခဲ့ပါတယ်။ ခုမှ ခွင့်တောင်းရတယ်နော် ဟီး။

မိုးစက်အိမ် said...

ခေတ်အဆက်ဆက် မနွမ်းတဲ့ပန်းတွေ
တပွင့်ကြွေရင် နှစ်ပွင့်ဝေနေမယ်ဆိုတာ
ကမ္ဘာကုန်တည်သမျှ
ယုံကြည်စိတ်ချထားပါတယ်

အမှန်ပါဘဲအစ်ကိုရေ ...

သိင်္ဂါကျော် said...

ညီမလေးနဲ့ ပြန်တွေ့နေပြီဆို ဝမ်းသာပါတယ် အစ်ကို...

ကျော်ညိုသွေး said...

ကဗျာလေးဖတ်ရတာ ရင်ထဲထိတယ်
ကြိုက်တယ်ဗျ။