Friday, February 19, 2010

အတွေ့သံသရာလည်နေပုံ ရင်ခုန်လို့လည်းမရခဲ့သေးဘူး

တရေးတမော မတွေးတောမိကြလို့များ
ဦးဏှောက်တွေ တုံးသွားခဲ့ကြသလား….

မသိတာက ခက်နေခဲ့သလို
မရှိတာကလည်း ခက်နေခဲ့ပြန်ပါတယ်….

လေထဲ ဆောက်ခဲ့မိတဲ့အိမ်တွေ
တိမ်တိုက်တွေထက် ထူပြောခဲ့ပြီး
လွတ်ထွက်သွားတဲ့ ငါးတွေထက်လည်း
အဆပေါင်းများစွာ ခြေတံရှည်နေခဲ့ပြန်ပါတယ်…

မဲမဲမြင်ရာ ရမ်းပစ်နေသူတွေ
ချက်ကောင်းကိုပစ်ဖို့
အကွက်ကောင်းကို လှစ်ဟချောင်းမြောင်းနေသူတွေ
ပစ်မှတ်အလွဲကို
မယုတ်သောဇွဲနဲ့ စိမ်ပြေနပြေပစ်ခွဲနေသူတွေ…

ပစ်ကွင်းဝယ်ဖို့ ဈေးလည်ဆစ်နေသူတွေ
မိမိကိုယ်မိမိ သေကြောင်းကြံသတ်ဖို့
ကိုယ့်နားထင်ကိုယ် သေနတ်နဲ့တေ့နေသူတွေ
ဇာတ်တူသားစားဖို့ ဇာတ်လမ်းဆင်ပြီး
ပစ်ကွင်းပစ်ကွက် တီထွင်ကြံဆနေသူတွေ….

အသံတကြား မနားတမ်းပစ်နေသူတွေ
ခါးကြားထိုးထားတဲ့ သေနတ်ကို
အချပ်ပိုပစ်ဖဲတချပ်လို လေထဲဝှေ့ယမ်း
မျက်မှန်းနဲ့ လက်တည့်စမ်းနေသူတွေ…

အကာအကွယ်ယူပြီး မီးစင်ကြည့်ပစ်နေသူတွေ
ဗျစ်ရည်တခွက်နဲ့ ညစာစားကောင်းအောင်
အမှောင်ထဲမှာ ပါးစပ်သရမ်းပြီး
ပစ်ချက်ကြမ်းနေသူတွေ
ဆိုင်းဘုတ်တင်ကောင်းအောင်
တရေးနိုးမှ တချက်တချက် ချောင်းပစ်နေသူတွေ….

ညစ်တွန်းတွန်းပြီး ပစ်ခတ်လွန်းသူတွေ
ဖရုဿဝါစာသေနတ်နဲ့ မလိုတမာပစ်ခတ်
တယောက်လည်ပင်းတယောက် တက်နင်းပြီး
လမ်းပျောက်မှာ လမ်းလျှောက်နေသူတွေကြောင့်
အလိုအပ်ဆုံး ကျည်တတောင့်ဟာ
အလိုအပ်ဆုံးနေရာကို ဖြောင့်ဖြောင့်မသွားနိုင်ခဲ့သေးဘူး…..

မြှုံးမိငါးတွေဘဝနဲ့ နုံးချိဖားတွေရဲ့ဘဝလို
ဖားတပိုင်းငါးတပိုင်း ဘဝကိုယ်စီကိုယ်ငှထဲ
ပြုံးလိုက်မဲ့လိုက်ကြ ရွဲ့လိုက်တည့်လိုက်ကြနဲ့
ခေတ်ဆွေးကြီး တအိအိပဲ့ကျလာလိုက်ပုံက
ဟေတီမှာလှုပ်ခဲ့တဲ့ငလျင်ထက် ကြေလွယ်မွလွယ်
ဧရာဝတီမှာတိုက်ခဲ့တဲ့နာဂစ်ထက် တဖျစ်ဖျစ်မြည်
အရှေ့တောင်အာရှကို Hit ဟစ်ခဲ့တဲ့
ခေတ်သစ်ဆူနာမီထက် တဆစ်ဆစ်ကိုက်ခဲ….

ရေလိုက်လွဲနေတဲ့ ဟောဒီ ခေတ်မဲကြီးထဲမှာ
ငါတို့ဟာ ရေနဲငါးတွေသာဖြစ်တော့တယ်…..။ ။

10 comments:

Anonymous said...

ဖားဖားချင် စားတယ်ပြောမလား ငါးငါးချင်စားတယ်ပြောမလား မပြောတတ်ဘူး။
မရိုးသားမူတွေကတော့ ဈေးကွက်စီးပွာရေးမှာ အပြိုင်အဆိုင် ဖြစ်သလိုမျိုးထင်ပ...
လေးစားစွာဖြင့်
ကန

ကိုခိုင် said...

အဓိက ကျတဲ့ပစ်မှတ်ကို အကုန်လုံးတပြိုင်နက်တည်း
မှန်အောင် မြန်မြန်ပစ်နိုင်ကြပါစေ။
ကိုခိုင်

ရီမိုးပြည့်  said...

ခေတ်မဲထဲမှာ လူဖြစ်လာရတဲ့ ကိုယ့် ကိုကိုယ်ပဲ အပြစ်တင်ရမလို ဖြစ်နေပါတယ် အစ်ကိုရေ... ကဗျာလေး လာဖတ်သွားတယ်နော်...

သဒ္ဓါလှိုင်း said...

`အလိုအပ်ဆုံးကျည်တထောင့်ဟာ အလိုအပ်ဆုံးနေရာကို ဖြောင့်ဖြောင့်မသွားနိုင်ခဲ့သေးဘူး´ ....
ဟုတ်တယ် ကိုဆောင်းရေ....
တကယ်လိုအပ်တဲ့နေရာကို အခုထိမရောက်နိုင်သေးတာ ဘာကြောင့်လဲနော်..

ခင်တဲ့
ညီမသဒ္ဓါ

Nge Naing said...

လာဖတ်သွားပါတယ်။ ဘယ်လိုပဲ ပစ်ပစ် မှန်အောင် မပစ်ရင်တော့ ဘာမှ အကျိုးမရှိဘူးလို့ ဆိုလိုချင်တာလား။ မှန်အောင် ပစ်လို့ရအောင် ၈၉ ခုနှစ် စစ်သင်တန်းတက်တုန်းက အခေါက်ခေါက် အခါခါ ရွတ်ခဲ့ရလို့ အခုထိမှတ်မိနေတဲ့ ချိန်သီးလင်္ကာလေး ထည့်ထားပေးခဲ့မယ်နော့်။

ချိန်သီးလင်္ကာ
ဘယ်ဘက်မျက်စိကိုမှိတ်
နောက်ချိန်ပေါက်က ရှေ့ပစ်မှတ်ကိုကြည့်
ရှေ့ချိန်သီးကို ချိန်သားအမှန်တွင် ထား၍
နောက်ချိန်ပေါက်၏ အလည်ဗဟို တည့်တည့်သို့
ဆွဲယူ၍ချိန်ပါ။

~ဏီလင်းညို~ said...

ကိုဆောင်းရေ...
ညီလေ... ကဗျာလေးဖတ်ရင်းနဲ့ “မြှုံးမိငါးတွေဘဝနဲ့ နုံးချိဖားတွေရဲ့ဘဝလို” ဆိုတဲ့နေရာလေးမှာ ရင်ဘတ်ထဲအောင့်သွားသလိုပဲဗျာ....။
ဘာပြောရမှန်းတောင်မသိတော့ဘူး....။
ခံစားမိတယ် အစ်ကို....။
(မွေးနေ့ဆုတောင်းပေးသွားလို့ ကျေးဇူးတင်ရင်း... ပျော်မိတယ်အစ်ကို....း))
ခင်မင်လေးစားနေတဲ့....
ညီ...
ဏီလင်းညို

မြစ်ကျိုးအင်း said...

လိုအပ်တဲ့နေရာကို
တည့်တည့် မတ်မတ်
ထိစေချင်စမ်းလှတယ်အကိုရာ

အကို့ကဗျာကတော့ တည့်တည့်ထိတာပဲ

မေ့သမီး said...

အကို ရေနည်းငါးတွေအကြောင်း ကဗျာရေးဖြစ်ပြန်ပြီပေါ့။

နန်း said...

ရေလိုက်လွဲနေတဲ့ ဟောဒီ ခေတ်မဲကြီးထဲမှာ
ငါတို့ဟာ ရေနဲငါးတွေသာဖြစ်တော့တယ်…..။ ။

ငါးလေးတွေသနားစရာနော် အစ်ကိုဆောင်းယွန်းလ

သွယ်လင်းဆက် said...

ကောင်းတယ်ဗျ အကိုဆောင်းယွန်း။ မျက်စိထဲမှာ ကွက်ကွက်ကွင်းကွင်းပဲ။ ကိုယ်ဘာလဲဆိုတာ ကိုယ်ဟာကိုယ်ပဲတွေးယူတော့မယ်။