Friday, February 26, 2010

အိမ်တွင်းလူနာရဲ့ နာတာရှည်ရောဂါ

အချိန်တွေက
တိုင်းရေးပြည်ရေး သတင်းကောင်းတပုဒ်လို
ရှားရှား ပါးပါး
မိသားစု ထမင်းလက်ဆုံစားရတယ်ကို မရှိဘူး ...

တယောက်က ကောင်းကင်ဘုံမှာ
တယောက်က နယ်ခြားမြို့လေးတမြို့ မှာ
ကျန်တယောက်က မော်စကိုမှာ ဘွဲ့လွန်တက်နေရလို့........

အသေးအဖွဲကအစ ကြီးကြီးမားမားအဆုံး
အဆုံးအစမဲ့ ပြဿနာတွေက
နေ့တဓူဝတွင်းနှုတ်ခမ်းဝမှာ မီးခိုးကြွက်လျှောက်
အင်ဒိုနီးရှားတောမီးလို ဟုန်းဟုန်းတောက်တယ်...

နောက်ကျောကို ဓားနဲ့ထိုးနေတဲ့ ကြမ္မာဆိုးကလည်း
ရွှေဖိနပ်ပိုင်ရှင် ဈာန်နဲ့ကန်သွင်းတဲ့ ရွှေဂိုးလို
အိမ်ဦးခန်းကိုမှ တန်းတန်းမတ်မတ်ဝင်ရတယ်လို့...

ဒုက္ခလှလှက
အိမ်ပေါက်ဝမှာ ကျကျနန ခြေချိတ်ထိုင်ပြီး
စာနာမှုတရားတွေက
ငွေပင်ငွေရင်းကြီးရင့်တဲ့နေရာမှာ သီးပွင့်လွယ်တုန်းပဲ ...

ခဏတဖြုတ်ခရီးထွက်သွားတဲ့ မျှော်လင့်ခြင်း
အိမ်ရိပ်ကိုပြန်မနင်းခဲ့တာ ၂၂နှစ် တောင်ကြာခဲ့ပြီ။ ။

16 comments:

နန်း said...

မိသားစု ထမင်းလက်ဆုံ စားနိုင်ပါစေ
ကဗျာကောင်းလွန်းတယ်

Anonymous said...

ခဏတဖြုတ် ဆို ပြီး အမေ့အိမ် က နေ ထွက် လာ ခဲ့ တာ မမျှော်လင့် ဘဲ အနှစ်နှစ်ဆယ် တောင် ကျော် လာ ပြီ ပေါ့ ... ကိုဆောင်းယွန်း ချစ် တဲ့ မိဘ တွေ နဲ့ အမြန်ဆုံး ထမင်းလက်ဆုံ စားနိုင် ဖို့ ဆုတောင်း ပေး ယုံ မှ တပါး ....

mie nge

~ဏီလင်းညို~ said...

ကိုဆောင်းရေ...
ကဗျာလေးကိုခံစားမိပါတယ်ဗျာ....။
စကားလုံးတွေကို ကြိုက်တယ်....။
“စာနာမှုတရားတွေက
ငွေပင်ငွေရင်းကြီးရင့်တဲ့နေရာမှာ သီးပွင့်လွယ်တုန်းပဲ” ...ဆိုတာလေးကို အရမ်းခံစားမိသွားတယ်....။
ပျော်ရွှင်ပါစေဗျာ....။

ခင်မင်လေးစားနေတဲ့
ညီ...
ဏီလင်းညို

tin min htet said...

ခုတလော ကျွန်တော် ဖတ်ရတဲ့ ကဗျာတွေက၊ ကျွန်တော် ကိုယ်တိုင်ရေးသလို အကျွမ်းတဝင် ရှိလိုက်တာ။ ဒီကဗျာလည်း အပါအဝင်ပေါ့။

သဒ္ဓါလှိုင်း said...

ကိုဆောင်းရေ..
ကဗျာကိုဖတ်ပြီး၂၂နှစ်ဆိုတာကိုတွေးနေခဲ့မိတယ်။ မိသားစုတွေဘယ်တော့များမှဆုံစည်းနိုင်ကြပါ့မလဲ.........

ခင်တဲ့
ညီမသဒ္ဓါ

ကိုခိုင် said...

ထပ်တူထပ်မျှပါပဲဗျာ
ငြိမ်းငြိမ်းချမ်းချမ်းနဲ့မိသားစုများအမြန်ပြန်လည်ဆုံတွေ့ပြီး
ပျော်ပျော်ရွှင်ရွှင်နဲ့ နေ့စဉ်နေ့တိုင်း
ထမင်းလက်ဆုံအတူစားနိုင်ကြပါစေဗျာ။
ကိုခိုင်

ချော (အစိမ်းရောင်လွင်ပြင်) said...

ကောင်းလိုက်တဲ့ ကဗျာလေး
ရင်ထဲကို ထိသွားပါတယ်..
အိမ်နဲ့ ဝေးကွာနေကြတဲ့သူတွေ ဘယ်လောက်များ
များနေပြီလဲလို့
ကဗျာလေးကို ဖတ်ပြီး တွေးလိုက်မိတယ်..
ဘယ်လောက်ဝေးဝေး လူတိုင်းကတော့ အိမ်လွမ်းနေသူချည်းပါဘဲနော်...

Nge Naing said...

၂၂ နှစ် မပြည့်သေးဘူးထင်တယ်

ကိုချစ်ဖေ said...

ဟုတ်တယ်ဗျာ..အဲ့ဒီအချိန်တွေက
ပြန်ဝယ်ယူလို့လဲမရတော့.ပြန်မရနိုင်ခြင်းတွေ..
အထပ်ထပ်နဲ့ ပါပဲဗျာ..

Anonymous said...

နိမိတ်ပုံတွေကိုဖတ်ရင်း ပုံဖော်ကြည့်ခဲ့တယ်...

လေးစားစွာဖြင့်
ကျော်နိုင်

Yan said...

ခဏတဖြုတ်ခရီးထွက်သွားတဲ့ မျှော်လင့်ခြင်း
အိမ်ရိပ်ကိုပြန်မနင်းခဲ့တာ ၂၂နှစ် တောင်ကြာခဲ့ပြီ။ ။

အဲဒီ့စာသားထိတယ်...

မျှော်လင့်ခြင်းတွေ အိမ်ပြန်လာမယ့်အချိန်ကို မျှော်လင့်နေမိဆဲပဲ...

Y.

ကဗျာဦး said...

နောက်ကျောကို ဓားနဲ့ထိုးနေတဲ့ ကြမ္မာဆိုးကလည်း
ရွှေဖိနပ်ပိုင်ရှင် ဈာန်နဲ့ကန်သွင်းတဲ့ ရွှေဂိုးလို
အိမ်ဦးခန်းကိုမှ တန်းတန်းမတ်မတ်ဝင်ရတယ်လို့...

အစ်ကိုဆောင်းယွန်းလ ကဗျာကောင်းလွန်းတယ်

စိုင်းလောင်မိန်းသက် said...

ကဗျာကြွေးတွေအတိုးချလာဖတ်တယ်ဗျာ
ကြိုက်တယ်

ကောင်းကင်ကို said...

နောက်ကျောကို ဓားနဲ့ထိုးနေတဲ့ ကြမ္မာဆိုးကလည်း
ရွှေဖိနပ်ပိုင်ရှင် ဈာန်နဲ့ကန်သွင်းတဲ့ ရွှေဂိုးလို
အိမ်ဦးခန်းကိုမှ တန်းတန်းမတ်မတ်ဝင်ရတယ်လို့..

အရမ်းထိတယ် အကိုရာ။

ခဏတဖြုတ်ခရီးထွက်သွားတဲ့ မျှော်လင့်ခြင်း
အိမ်ရိပ်ကိုပြန်မနင်းခဲ့တာ ၂၂နှစ် တောင်ကြာခဲ့ပြီ။ ။

း-(

စိတ်စမ်းရေ said...

ကဗျာလေးက ရင်ကို တိုက်ရိုက်ထိမှန်တယ်ဗျာ...။

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

ဘွဲ့ လွန်ရခဲ့ဘူးတဲ့ မော်စကိုပြန်တယောက်
ကိုကြီးဆောင်းယွန်းလ ဆီရောက်လာခဲ့ပါတယ်