Saturday, March 6, 2010

”တိမ်ကောသွားတဲ့ စကားမြစ်နဲ့အသံချောင်းကလေး”

အဖိုးက
အဖေ့အတွက်ဆိုပြီး
စကားတွေအများကြီး ပြောသွားခဲ့ဖူးတယ်...

အဖေက
အဖိုးပြောသွားခဲ့တဲ့ စကားတွေကို
အဖိုးမရှိတော့တဲ့ အချိန်တွေအထိ
သတိတရအဖြစ်
ကျနော့်ဘက်ခေတ်ရဲ့ နံရံပေါ်မှာ
အသံထွက်မှန်မှန်နဲ့ တလုံးချင်းသီကုံး
ကျနော် လူဖြစ်မရှုံးရအောင်တဲ့လေ....

ကျနော်က
အဖိုးဟောခဲ့တဲ့ တရားနဲ့
အဖေပြောနေတဲ့ စကားကလွဲရင်
ကမ္ဘာကြီးရဲ့ အပ်ကျသံကအစ
ရွာထိပ်က အတင်းပြောသံအဆုံး
ကွန်ပျူတာပေါ်ကတဆင့် နားစွင့်တယ်
တီဗွီမှန်သားပြင်ပေါ်ကတဆင့် နားစွင့်တယ်
လေလှိုင်းပေါ်ကတဆင့် နားစွင့်တယ်….

နေပူ လေထူလာပြီဆိုရင်
မျက်စိကိုဇွတ်မှိတ်ပြီး ဘေးလွတ်ရာမှာအိပ်တယ်....

အိမ်မှာ သရဲခြောက်နေတာ မသိသလိုလို
အိမ်ထဲမီးစွဲနေတာ ကိုယ်နဲ့မဆိုင်သလို
အိမ်အောက်ဗွက်ပေါက်နေတာ ဖာသိဖာသာ
အိမ်ခေါင်မိုးက ရေယိုပြီး
မိသားစုရင်ဘတ်ထဲ
ငတ်မွတ်မှုကင်ဆာ ရွှဲစိုနေချိန်မှာ
ကိုယ်နဲ့ မိုင်ပေါင်းကုဋေတရာခြားနေသလို
နေတတ်စားတတ် သွားလာတတ်ခဲ့ပါတယ်….

အဖိုးနဲ့အဖေ့လက်ထက်တုန်းက
တသွင်သွင် အဖြောင့်စီးခဲ့ဖူးတဲ့
စကားမြစ်နဲ့ အသံချောင်းကလေးက
ကျနော့်ခေတ်နဘေးမှာ တိမ်ကောလို့ပေါ့ဗျာ....။ ။

13 comments:

ဒဏ္ဍာရီ said...

အကိုရေ.. ကဗျာလေးရဲ့ အနက်လေးက သိပ်ကို တန်ဖိုးရှိတာပဲနော်။
ဟုတ်ပါတယ် ညီမတို့တတွေ နေတတ်စားတတ် သွားလာတတ်ခဲ့ပါတယ်။ ဒီကဗျာလေးကို ဖတ်ပြီး အသိတရားတွေ ၀င်လာရတယ် အကို။
ကျေးဇူးတင်လေးစားမိပါတယ်။

ခင်မင်လေးစားလျှက်

ချော (အစိမ်းရောင်လွင်ပြင်) said...

ကိုဆောင်းယွန်းကဗျာတွေက အဓိပ္ပယ်တွေအပြည့်နဲ့
လေးနက်ကျယ်ဝန်းလွန်းပါတယ်..
အရမ်းကို နှစ်သက်သဘောကျမိပါတယ်...
လေးစားပါတယ် အစ်ကိုဆောင်းရေ..
ဆက်လက်ပြီး ကဗျာကောင်းလေးများကို
လူတိုင်းရဲ့ ရင်ဘတ်အတွက် မွေးဖွားပေးနိုင်ပါစေရှင်....

ကိုခိုင် said...

တိမ်ကောနေတဲ့
ချောင်းလေးကို
တက်ညီလက်ညီနဲ့
ဝိုင်းပြီး
ရေ ဖြည့်ကြရအောင်။

ကိုခိုင်

မမသီရိ said...

မြစ်တွေ ပြန်လည်ပြီး လွတ်လပ်စွာ စီးဆင်းမဲ့ တနေ့ ရှိကိုရှိရမယ်လို့ ယုံကြည်ဆဲ

Moe Myint Tane said...

ငါ့အကိုကတော့ ရေးလိုက်ရင် တကယ့်အနှစ်တွေကြီးဘဲ။ ဘာကိုပေးချင်တာလဲ ဆိုတာကို တန်းတန်းမတ်မတ်ကို ချပေးနိုင်တယ်။လေးစားပါတယ်အကိုရေ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

မေ့သမီး said...

အကို အဲဒီကဗျာက ဒီနေ့ခေတ်နဲ့ တကယ်အလိုက်ဖက်ဆုံးပါပဲ။

ဗညားရှိန် said...

အဖိုးနဲ့အဖေ့လက်ထက်တုန်းက
တသွင်သွင် အဖြောင့်စီးခဲ့ဖူးတဲ့
စကားမြစ်နဲ့ အသံချောင်းကလေးက
ကျနော့်ခေတ်နဘေးမှာ တိမ်ကောလို့ပေါ့ဗျာ....။ ။

အဆုံးသတ် ထုတ်သွားပုံက အ၇မ်းလှတယ်

ဝေလင်း said...

အစ်ကို့ကဗျာလေးတွေ ဖတ်ပြီးရင် တစ်ခုမဟုတ်တစ်ခုတော့ ရင်ထဲကျန်တာချည်းပဲ အစ်ကို.. ကျေးဇူးတင်ပါတယ်..
ကျေလည်း ကျေနပ်တယ် ကဗျာကောင်းတွေဖတ်ခွင့်ရတဲ့ အတွက်ယယ

ကိုအောင်(ပျူနိုင်ငံ) said...

ကဗျာက အရမ်းကောင်းပါတယ် ကိုဆောင်း။

လင်းဒီပ said...

အဖိုးနဲ့အဖေ့လက်ထက်တုန်းက
တသွင်သွင် အဖြောင့်စီးခဲ့ဖူးတဲ့
စကားမြစ်နဲ့ အသံချောင်းကလေးက
ကျနော့်ခေတ်နဘေးမှာ တိမ်ကောလို့ပေါ့ဗျာ....။ ။

အဲဒီတိမ်ကောမှုအားလုံးဟာ ကျွန်တော်တို့တွေရဲ့ တာဝန်မကျေမှုတွေပါဘဲ
အဖိုးများသို့..
အဖေများသို့...

ယောနက်သန် said...

ကောင်းတယ်။ ကြိုက်တယ်။

Anonymous said...

ကိုဆောင်းရေ........
စာလုံးတိုင်း........၊ အဓိပ္ပါယ်တိုင်းကို စဉ်းစားရင်းနှစ်သက်မိတာ...အခါခါဗျာ.....။
ခင်မင်လေးစားနေတဲ့
ညီ....
ဏီလင်းညို

သွယ်လင်းဆက် said...

မတိမ်ကောပါဘူး ကိုဆောင်းရဲ့။ ရှိကိုမရှိတော့တာ။ :(