Friday, March 19, 2010

”ကလေးအတွက် ခေတ်သစ်အိပ်ရာဝင်ပုံပြင်”

ဒီတညလည်း…
ကြယ်တွေမစုံနိုင်ခဲ့ကြသေးဘူး ကလေးရေ...

ကြယ်မလာ လမသာတဲ့ ကောင်းကင်ယံမှာ
ဘယ်လိုနတ်ဆိုးရဲ့ ဗျပ်စောင်းသံမျိုးကမှ
ငါတို့အလင်းနှစ်တွေအတွက်
ငြိမ်းချမ်းရေး စကားသံတွေအဖြစ်
တံတားစစ်စစ်ခင်းနိုင်မယ်မဟုတ်ပါဘူးကွယ်.....

ဟောဒီ ကြယ်တွေမစုံတဲ့ ကမ္ဘာမှာ
အသက်တရာမနေရခြင်းအတွက်
ဘယ်ပဉ္စလက်ဆရာကိုမှလည်း
လက်ညှိုးညွှန်ပြ အပြစ်ပုံမချလိုပါဘူး ကလေးရယ်...

ခေတ်မှီစွာနဲ့ အသက်တိုခြင်းတရားထဲမှာ
စိတ်၏ချမ်းသာမှုတွေ ရှည်လျားနေခဲ့ရင်ပဲ
ဒီသံသရာကြီးက တင်ဆက်ပြသတဲ့ပွဲကို
ငါတို့..ကျေနပ်စွာ ကြိုဆိုနေခဲ့မိမှာပေါ့ ကလေးရဲ့...

အခုတော့…
အခက်တရာမကတဲ့ အမှုကုဋေပွေခြင်းအတွက်
ကံကြမ္မာကို လက်ညှိုးငေါက်ငေါက်ထိုးပြီး
ပိုးစိုးပက်စက် ရိုးမယ်ဖွဲ့တတ်ခဲ့ရမတဲ့လား!….

ကလေးရေ..
ဟောဒီ…တညလောက်ဖြစ်ဖြစ်
မျက်စိနဲ့ကြားနေရတဲ့ သီချင်းသစ်တပုဒ်အတွက်
ပိတ်ထားတဲ့ တံခါးရွက်တွေကို ပွင့်စေချင်ပါရဲ့..
နားရွက်နဲ့ဖတ်နေရတဲ့ ကဗျာသစ်တပုဒ်အတွက်
ကြယ်သာ လထွက်တဲ့ကမ္ဘာမှာ
ကလေးကို စိတ်ချလက်ချ အိပ်ပျော်စေချင်ပါရဲ့ကွယ်...

ဒါပေမယ့်လည်းကလေးရေ
လိပ်ပြာမလုံသူတွေရဲ့ ကောင်းကင်မြို့ရိုးမှာ
အတ္တမြူခိုးတွေ ဝေသီဖုံးလွှမ်းနေသေးလို့
ဟောဒီတညအဖို့လည်း
ကြယ်တွေမစုံနိုင်ကြသေးဘူးကွဲ့…။ ။

12 comments:

kyalkalay said...

ကြယ်တွေမရှိလို့ကြယ်မစုံတာမဟုတ်ပါစေနဲ့

တိမ်ဖုံးနေလို့ ကြယ်တွေ မလင်းနိုင်တာပဲနေမှာပါ

မယ့်ကိုး said...

အစ်ကို အဲလို ကလေးကဗျာလေးတွေ ဆက်ရေးပါဦး။ ကြိုက်လို့ပါ။

ကိုခိုင် said...

“လိပ်ပြာမလုံသူတွေရဲ့ကောင်းကင်မြို့ရိုးမှာ
အတ္တမြူခိုးတွေ ဝေသီဖုံးလွှမ်းနေသေးလို့”
ကဗျာဆရာကတော့
ရေးလိုက်ရင် အနှစ်တွေကြီးဘဲ
ဲလှလှပပ အဓိပ္ပါယ်ရှိတဲ့စကားလုံးတွေနဲ့။
ကောင်းတယ်ဗျို့
အားပေးနေတယ်ဗျို့။
(ကဗျာစာအုပ်ထုတ်ပါလား
အမှတ်တရပေါ့)

ပျော်ရွှင်ပါစေ။

ကိုခိုင်

~ဏီလင်းညို~ said...

ကိုဆောင်း......
“လိပ်ပြာမလုံသူတွေရဲ့...... ကောင်းကင်မြို့ရိုး”.......ဆိုတဲ့ နေရာလေးကိုဖတ်လိုက်ရတော့ ရင်ထဲမှာလှိုက်ခနဲဖြစ်သွားမိတယ်.....။
အရမ်းကောင်းတဲ့ အဖွဲ့လေးဗျာ......။
ခံစားမိရတယ်.......။

ခင်မင်လေးစားနေတဲ့
ညီ
ဏီလင်းညို

က+ဗျာ+လှည်း said...

“လိပ်ပြာမလုံသူတွေရဲ့ ကောင်းကင်မြို့ရိုးမှာ”... အတော်ကြိုက်တယ်အစ်ကို။(တွေးမိလို့ပါ) :)

ကြယ်စုံညတစ်ညကို ဖက်တွယ်မောင်းနှင်နိုင်ပါစေ အစ်ကို။

မြစ်ကျိုးအင်း said...

ကြယ်တွေစုံတဲ့ည (ထူးအိမ်သင်သီချင်းလေးကို အလိုလိုဆိုညည်းမိတယ်။)

ကြယ်စုံဝင်းပ သာယာတဲ့ညတွေ ဘယ်တော့ကြုံကြရမလဲ

ဒဏ္ဍာရီ said...

အကို.......... အကိုရေးတဲ့ ကဗျာလေးတွေ ဖတ်လိုက်ရတိုင်း စကားလုံးရဲ့ အနက်တွေက သိပ်ကောင်းလွန်လို့ လေးစားအားကျမိတယ် အကို...။

ခင်မင်လေးစားလျှက်

သွယ်လင်းဆက် said...

အလွန်အဓိပ္ပယ်မြောက်၍ခံစားရပါ၏ အကိုဆောင်း။

သိင်္ဂါကျော် said...

အတ္တမြူခိုးတွေ ကင်းမှ ကြယ်စုံမယ်ဆိုရင်တော့...
ကောင်းကင်မှာ ကြယ်တွေ ဘယ်တော့မှ စုံနိုင်မယ် မထင်ပါဘူး.. အစ်ကိုရေ..

Flower said...

ကောင်းကင်မှာ
ကြယ်တွေမစုံတာကြာပြီနော်
ကြယ်တွေစုံမဲ့အချိန်ကို
မျှော်လင့်နေခဲ့တာကြာပေမဲ့
ခုချိန်ထိ မှုဝါးဝါး....
ညမနက်သေးလို့...
မိုးလင်းသွားခဲ့ပြီလား.
ဘာမှ မသေချာခဲ့ဘူး..
သေချာတာက မနက်ဖန်လဲ
ကြယ်တွေစုံဦးမှာမဟုတ်ဘူး.....

Unknown said...

ဒီကဗျာလေးတော်တော်ကြိုက်တယ်အစ်ကို..

ဖြူ said...

ဟင့်
ကြယ်သိပ်မစုံရင် နေပါစေ
ဟီးးး
တစ်ပွင့်လောက်ဆို တော်ပါပြီ
လိုချင်လိုက်တာနော်
"ကြယ်သာ လထွက်တဲ့ကမ္ဘာမှာ
ကလေးကို စိတ်ချလက်ချ အိပ်ပျော်စေချင်ပါရဲ့ကွယ်..."
......တဲ့လား
ကဗျာလေးကောင်းတယ်လို့ ပြောစရာမလိုတော့ဝူးနော်
ကျေးဇူးးးး ဒီကဗျာအတွက်ကျေးဇူးး