”ဘာတွေကိုယုံကြည်ကြသလဲဟေ့”
စစ်ပွဲပြီးစမြို့ပျက်ကြီးလိုတဲ့လား
ဘာပြောကောင်းမလဲ ဒီထက်တောင်ပိုသေး...
ယုံကြည်ခြင်းဟာ တောင်ပံမပါတဲ့ငှက်လိုမျိုး
ပေါ့ပေါ့ပါးပါး လမ်းသလား
ပြီးတော့…ဇောက်ထိုး မိုးမျှော်နေပုံများ
ဟိုဒင်းနဲ့ဟိုဝှာ နောက်ဖေးလမ်းကြားမှာ စပ်ကျထားတဲ့သားလို...
ငိုစား ရယ်စား စာသားလေးနဲနဲလှတယ်ဆိုရင်ပဲ
ပဲ့ပဲ့ပါသွားတဲ့ ခင်ဗျားတို့ရဲ့ ဦးနှောက်တွေက
မြှုပ်ထားတဲ့အကွက်ထဲကို မြုပ်ဝင်သွားလိုက်
လှုပ်ထားတဲ့လုပ်ကွက်ထဲကို ပြုတ်ကျသွားလိုက်နဲ့....
အတည့်ကို အစောင်းမြင်ပြီး
အဟောင်းကို အကောင်းဖြစ်အောင်ပြင်ဖို့ကျတော့
အကျိုးလိုအဆော့သန်ပြီး အကန်းလိုအမော့မြန်နေကြပြန်လေရော..
ဖားပြုတ်ကိုက်တာက တရုပ်ရိုက်တာထက်နာတယ်တဲ့လား...
ကိုယ့်ဒူးတောင် ကိုယ်မယုံနိုင်ပဲ
ဘယ်ဖဲကို ဘယ်ပွဲမှာ ဘယ်လိုချိုးပြီးကစားကစား
တစ်ကိုးကင်းနဲ့ အဖြစ်ဆိုးခြင်းတွေပဲ ထွေခင်းနေရဦးမယ်...
ဘာပဲလုပ်လုပ်
ကိုယ့်အသက်ကိုကိုယ်ပြန်ရေတွက်ကြည့်
ခြုံဆိုရင်လည်း ရင့်နေပြီ အပင်ဆိုရင်လည်း မြင့်နေပြီ….
အရာရာကို ချင့်ပြီးယုံဖို့လိုသလို
ကိုယ်ကျင့်တရားလည်း လုံခြုံဖို့လိုအပ်တယ်.....
ကဲ…
ဘာတွေကိုယုံကြည်ရမလဲဟေ့
ဘာတွေကိုယုံကြည်ကြသလဲဟေ့......။ ။
ဒီဇင်ဘာ မိုး
5 days ago
12 comments:
သည်ကဗျာ ဖတ်ပြီး ကိုအောင် ( ပျုနိုင်ငံ) တင်ထားတဲ့ ခွင် ဆိုတဲ့ ပို့စ် ကို သွားသတိရမိတယ် ကိုဆောင်းယွန်း ....
ဘာ ကိုမှ ယုံကြည်လို့ မရသလို .. ဘယ်သူ့ ကို မှ လည်း မယုံကြည်ချင်ဘူး...
mie nge
ကိုယ့်ဒူးတောင် ကိုယ်မယုံနိုင်ပဲ
ဘယ်ဖဲကို ဘယ်ပွဲမှာ ဘယ်လိုချိုးပြီးကစားကစား
တစ်ကိုးကင်းနဲ့ အဖြစ်ဆိုးခြင်းတွေပဲ ထွေခင်းနေရဦးမယ်...
အကိုရေ ပျောက်နေတာကြာပါ့ အကိုရား))
ခင်မင်စွာဖြင့် ဗညားရှိန်
စောင့်နေတာကြာပြီ အကိုဆောင်ယွန်းရေ။ တစ်လခွဲလောက်ရှိပြီ။ ကြိုက်တယ်။
အတည့်ကို အစောင်းမြင်ပြီး
အဟောင်းကို အကောင်းဖြစ်အောင်ပြင်ဖို့ကျတော့
အကျိုးလိုအဆော့သန်ပြီး အကန်းလိုအမော့မြန်နေကြပြန်လေရော..
အဲဒီ အပိုဒ် အကြိုက်ဆုံးပဲ။
အင်း....အစ်ကို့ကဗျာဖတ်ပြီး တကယ်ကိုဘာတွေကို ယုံကြည်ရမှန်းမသိတော့ဘူးဗျာ ။
ကဗျာလာဖတ်တယ်..အကိုရေ..။။။
ရှေးလူကြီးတွေပြောတဲ့စကား ကိုယ့်ဒူးတောင် ကိုယ်မယုံနဲ့တဲ့နော်...။ အခုလည်း ဒီကဗျာလေးဖတ်ရ ပြန်တော့ ဘယ်လိုများပါလိမ့်လို့...
အင်း.. ယုံကြည်မှုတစ်ခုတော့ရှိရမယ်လေ..။
ဘာကို ယုံကြည်သင့်သလဲ ဆိုတာကတော့..
တစုံတရာ ကို လေးလေးနက်နက် တွေးသွားပါတယ် ကိုဆောင်းယွန်း
အစစ အရာရာ အဆင်ပြေပါစေ
ကိုယ့်ဒူးတောင် ကိုယ်မယုံနိုင်ပဲ
ဘယ်ဖဲကို ဘယ်ပွဲမှာ ဘယ်လိုချိုးပြီးကစားကစား
တစ်ကိုးကင်းနဲ့ အဖြစ်ဆိုးခြင်းတွေပဲ ထွေခင်းနေရဦးမယ်...
လုံးဝစားတယ်ဗျာ လန်ထွက်နေတာဘဲ :P
ကိုယ်ကျင့်တရားတော့ လုံပေမဲ့
မယုံကြည်တတ်တာကြာပြီလို့ ပြောရမယ်...
ကဗျာလေးကိုဖတ်ရင်း တစ်စုံတစ်ရာ အတွေးတစ်ခု ရလိုက်တယ်..
ဘာမှမယုံကြည်ရဘူး...လုပ်ချင်တာတွေဆက်လုပ်...
ဘာမှန်းတော့ မသိဘူး.. ဖတ်ရင်း ကြောက်လာသလိုပဲ။ ဘာကို ယုံကြည်ရမှာလဲအစ်ကို။ ဘာမှမယုံတာပဲ ပိုကောင်းမလားတော့မသိဘူး။
“ယုံကြည်ရာရင်ခွင်မဲ့သောငါ”
ပြောမှသိ
ထိမှနာ
သာမှနေ
သေမှခင်
အဆင်ခြင်မဲ့သောငါ...
မဖြစ်လိုပါ။
သို့သော်...
ပြောလည်းမသိ
ထိလည်းမနာ
သာလည်းမနေ
သေလည်းမခင်
ယုံကြည်ရာ ရင်ခွင်မဲ့သောငါ...
ဖြစ်လာပါ၏။
ဇော်မျိုးလွင်
Post a Comment