Tuesday, September 28, 2010

”ခေတ်ပေါ်ဟစ်ပ်ဟော့ပ်သီချင်း”

အပျင်းပြေရအောင်
သတင်းတွေ နားထောင်နေတာမဟုတ်ဘူး
စိတ်ရူးပေါက်တိုင်း ပေါက်ကွဲပြီးလျှောက်ဆဲနေတဲ့
မောင်းကွဲအော်လံကြီးတွေကိုလည်း နားငြီးတယ်..

နှိပ်ပြီဆိုရင်လည်း
အညောင်းပြေအောင်
ဘူဒိုဇာနဲ့သာတက်ကြိတ်ပစ်လိုက်ပေါ့
စန္ဒယားခလုတ်ကလေးတွေကို မလှုပ်တလှုပ်နှိပ်သလိုမျိုှး
တိုးတိုးတိတ်တိတ်
ခိုးခိုးနှိပ်နေတာတွေကို မြင်ရတော့လည်း ခါးသီးတယ်...

မိုးသက်လေပြင်းတွေ
တနာရီမိုင်တထောင်နှုန်းလောက်တိုက်နေတဲ့ လမ်းမှာ
”ပန်းတွေလန်းနိုင်သေးတာ ဘာကြောင့်ပါလိမ့်” လို့
ထွေလီကာလီနဖူးပေါ်ကို
ဂယောင်ခြောက်ခြားလက်ဖဝါးတင်ပြီး
မယောင်ရာဆီလူးနေသူတွေကို တွေ့ရတော့လည်း
ခေတ်ပျက်ကြီးကိုပဲ အားနာတယ်...

တခါတလေ ကိုယ်ဖော့အတွေးနဲ့
ကိုယ့်အကြောင်းကိုယ်ငေးနေတာတောင်မှ
အလစ်ချောင်းနေတဲ့ သိက္ဖာဖြိုလက်ဝါးစောင်းတွေက
ဂမူးရှုးထိုးသိုင်းကွက်နင်းပြီး
အမှောင်ကြိုဂျောင်ကြားကနေ
ငလျင်လှုပ်သလို ပြိုကျလာတတ်သေးတော့
ပြိုကျလာတဲ့ လက်ဖဝါးတွေကိုပဲ သနားလာတယ်....

ဘရိတ်ဖက်စ်ကို
တိုင်းရေးပြည်ရာဘီယာနဲ့ မြည်းသူတွေများလာတော့
မလွတ်မကျွတ်နိုင်သေးသူတွေရဲ့ ဘဝကို သနားလာတယ်....

နေ့လည်စာကို
ဒီမိုကရေစီဝေဖန်ရေးဖျော်ရည်နဲ့ မြှောချသူတွေများလာတော့
၆၅နှစ်အကျဉ်းကျနေသူတွေအတွက် အားနာတယ်...

”ဒီမိုကရေစီတော်လှန်ရေးကြီး အဓွန့်ရှည်ပါစေ” လို့
လက်သီလက်မောင်းတန်းပြီး
ကြင်ယာအသစ်ရဲ့ခြင်ထောင်ထဲမှာ ဒင်နာကိုစား
ဘလူးလေဘယ်လ်နဲ့ လေလုံးထွားသူတွေပိုများလာတော့
ငှက်ဖျားကို စောင်လိုခြုံပြီး
တော်လှန်စစ်အတွက်
အသက်ပုံအပ်ထားသူတွေရဲ့ ဘဝကို သနားလာတယ်...

အမှန်ကိုသိဖို့ မှန်ကိုအပြန်ပြန်အလှန်လှန်ကြည့်ပြီး
ကိုယ့်ကိုယ်ကို ဝေဖန်ကြည့်ဖို့ကျတော့လည်း
ကိုယ့်ကိုယ်ကိုပဲ အားနာတယ်
ကိုယ့်ကိုယ်ကိုပဲ သနားလာတယ်.။ ။

7 comments:

Anonymous said...

ဟေ့..မရေးတာ ကြာနေပီနော်။ မကြာခဏရောက်ပါတယ်။ အားလုံအဆင်ပြေကြတယ်ဟုတ်။

အကြိုက်ဆုံးကဗျာစာသားကို code လုပ်လိုက်တယ်..ဗျာ ......(ကျော်နိုင်)

.................................................

ဘရိတ်ဖက်စ်ကို
တိုင်းရေးပြည်ရာဘီယာနဲ့ မြည်းသူတွေများလာတော့
မလွတ်မကျွတ်နိုင်သေးသူတွေရဲ့ ဘဝကို သနားလာတယ်....

နေ့လည်စာကို
ဒီမိုကရေစီဝေဖန်ရေးဖျော်ရည်နဲ့ မြှောချသူတွေများလာတော့
၆၅နှစ်အကျဉ်းကျနေသူတွေအတွက် အားနာတယ်...

”ဒီမိုကရေစီတော်လှန်ရေးကြီး အဓွန့်ရှည်ပါစေ” လို့
လက်သီလက်မောင်းတန်းပြီး
ကြင်ယာအသစ်ရဲ့ခြင်ထောင်ထဲမှာ ဒင်နာကိုစား
ဘလူးလေဘယ်လ်နဲ့ လေလုံးထွားသူတွေပိုများလာတော့
ငှက်ဖျားကို စောင်လိုခြုံပြီး
တော်လှန်စစ်အတွက်
အသက်ပုံအပ်ထားသူတွေရဲ့ ဘဝကို သနားလာတယ်...

sosegado said...

ထိလိုက်တာ တည့်ပဲ

သွယ်လင်းဆက် said...

ကောင်းတယ်အကိုရေ လိုချင်တဲ့နေရာကို ဒက်ထိပဲ။

မမသီရိ said...

ဒီကဗျာဖတ်ရင်း
အဖြေမထွက်နိုင်တဲ့ ပုစ္ဆာ တပုဒ် တွက်နေရသလို တွေ့လာတယ်

ကိုချစ်ဖေ said...

ဘရိတ်ဖတ်ကို တိုင်းရေးပြည်ရာဘီယာနဲ့ကော ဘီယာစစ်စစ်နဲ့မြည်းသူတွေကော ပေါလာတာ လေသေနတ်နဲ့ လွတ်မြောက်ရေးတိုက်ပွဲ တိုက်ကြတာပေါ့ဗျာ.ကျနော်ကတော့ ဘယ်ကိုထပ်ပြေးရဦးမလဲလို ခုတော့ ပြည်ပြေး..

နှင်း said...

ကဗျာအသစ်လေးလာဖတ်ဖြစ်တယ် ...
ပြောစရာမလိုအောင် လေးလေးနက်နက်ရှိလှပါတယ်
မတွေ့တာကြာလို့ သတိရတာနဲ့ လာဖြစ်သွားတာ ..။

နှင်း ...

ကိုခိုင် said...

ကဗျာဖတ်သွားပါတယ်။
မိသားစုတွေကျန်းမာကြပါစေ။

ကိုခိုင်