”တခါတခါ..မကြာမကြာနဲ့...၂၄/၇/၃၆၅ ရက်မှာ”
ဆက်သွယ်ရေးလမ်းကြောင်းတွေ သိပ်ပြီးအားကောင်းလို့
ခေတ်ကြီးပြောင်းလဲသွားခဲ့ပြီတဲ့ မေမေ...
ကမ္ဘာကြီးနဲ့ တခြားဂြိုလ်တွေရဲ့ကြားမှာ
ပုဝါပါးပါးလေးတောင် မခြားတော့ဘူးဆိုပေမယ့်
ချစ်ခင်ရင်းနှီးရသူတွေ အချင်းချင်းကြားကိုတော့
နာဂစ် ဂီရိနဲ့ အုတ်တံတိုင်းမြင့်မြင့်ကြီးတွေက စည်းခြားထားတုန်းပါပဲ.မေမေ..
တခါတခါ
တစက္ကန့်လောက်လေး နားအေးချင်လို့
အမေပြောတဲ့ အမောပြေဇာတ်လမ်းတွေကို နားထောင်နေချင်ပေမယ့်လည်း
အမှောင်ခေတ်ကြီးက မေမေနဲ့ ကျနော့်ကြား
ကမ္ဘာအထပ်ထပ် ခြားနားရစ်ပတ်ထားတုန်းပါပဲ မေမေ...
တခါတခါ
ထောင်းလမောင်းထ ထုံကျင်နေရတဲ့
တနေ့စာအမောတွေနဲ့ ဝေးရာမှာ အတွေးကမ္ဘာပတ်မိပေမယ့်
တဘဝလုံးစာကပ်ငြိနေခဲ့တဲ့ စိတ်အမှိုက်တွေက
နောက်ကျောဆီကနေ ရင်ဝကိုခလုတ်တိုက် Heart Beatတွေရိုက်တယ် မေမေ...
မကြာမကြာ
ဒိုင်ယာရီစာအုပ်အပြာလေးထဲမှာတော့
မေမေ့ကိုလွမ်းတဲ့ အိမ်လွမ်းစိတ်က
တိုးတိုးတိတ်တိတ်နဲ့ မင်တအိုးလုံးစာ ဖိတ်ကျနေတတ်သလို
ခရီးရှည်လမ်းမကြီးထက်က
ဘဝအမောတွေနဲ့ ရောစပ်ထားတဲ့ မင်စက်တွေကလည်း
ရောင်စုံပန်းခင်းကြီးလို တခမ်းတနား ထူထပ်များပြားလာခဲ့တယ် မေမေ...
တခါတခါ
သူငယ်ချင်းတွေနဲ့ ထွေရာလေးပါးစကားတွေ ပြောဖြစ်တဲ့အခါတိုင်း
ရောက်တတ်ရာရာ အကြောင်းအရာတွေက
ကာလပေါ် နိုင်ငံရေးအခင်းအကျင်းလို
ဝိုင်းတခါ ပြားတလှည့်နဲ့ တိုင်ပတ်နေခဲ့တယ် မေမေ...
မကြာမကြာ
နေ့လည်နေ့ခင်း အိပ်ငိုက်နေတုန်း
မော့သောက်မိခဲ့တဲ့ သံပုရာရည်တခွက်ကလည်း ငန်ကျိကျိနဲ့
အရသာရှိရှိ အမောကိုမပြေမိဘူး.မေမေ..
၂၄/၇/၃၆၅ ရက်
မကြည့်ပဲ မြင်နေရတတ်တဲ့ တီဗွီဖန်သားပြင်ထက်မှာတော့
ပြောရေးဆိုခွင့်ရှိသူတယောက်က
”မင်္ဂလာရှိသောနံနက်/ညနေခင်းပါ”လို့ နှုတ်ခွန်းဆက်သရင်း
အမင်္ဂလာသတင်းတွေ တောက်လျှောက်ကြေငြာနေတာကိုတွေ့ရတယ် မေမေ..
တခါတခါ
ငတ်မွတ်မှုကို ဆာလောင်ခြင်းလျှာနဲ့ လျက်နေတတ်တဲ့
အမှိုက်ပုံကြီးပေါ်က ကလေးလေးတွေရဲ့ မျက်နှာညိုညိုလေးတွေကိုတွေ့တိုင်း...
မကြာမကြာ
ကျနော့်စိတ်တွေ လေးလံထိုင်းမှိုင်းလာတတ်တယ် မေမေ...
ဒီကဗျာရဲ့တပိုင်းတစ အဆုံးမသတ်နိုင်သေးခင် ညတညမှာ
ကျနော် ခဏအိပ်မောကျသွားခဲ့မိတယ် မေမေ...
တရေးနိုးထ အိမ်ပြတင်းဝကိုကျော်ပြီး ကြည့်လိုက်မိတော့လည်း
အပြင်ဘက်မှာ မိုးတခြုန်းခြုန်း မုန်တိုင်းတအုံးအုံးနဲ့
ကမ္ဘာမြေငြီးငြူလို့ မြန်မာပြည်မီးအပူဟပ်နေတုန်းပါပဲ မေမေ....
၂၄/၇/၃၆၅ ရက်မှာ
ဘဝဟာ Roller Coaster ကြီးစီးနေရသလိုပါပဲ
တခါတခါ မြင့်သွားလိုက် မကြာမကြာ နိမ့်သွားလိုက်နဲ့
Input သာရှိပြီး ဘယ်ကိုမှခရီးမရောက် Outcome တွေပျောက်နေခဲ့တယ် မေမေ...။ ။
Wednesday, October 27, 2010
Posted by ဆောင်းယွန်းလ at 11:39 AM
Subscribe to:
Post Comments (Atom)
5 comments:
ကြိုက်တယ်ကိုဆောင်း။ ကာယံတွေလှတယ်။
ဘဝဟာ Roller Coaster ကြီးစီးနေရသလိုပါပဲ
တခါတခါ မြင့်သွားလိုက် မကြာမကြာ နိမ့်သွားလိုက်နဲ့
Input သာရှိပြီး ဘယ်ကိုမှခရီးမရောက် Outcome တွေပျောက်နေခဲ့တယ် မေမေ...
ကဗျာတစ်ပုဒ်လုံးကို ကြိုက်တယ် နောက်ဆုံးအပိုဒ်လေးကို ကြိုက်လို့ ကူးယူသွားတယ် အစ်ကို ...
ညီမလေး နှင်း
“မကြာမကြာ
ဒိုင်ယာရီစာအုပ်အပြာလေးထဲမှာတော့
မေမေ့ကိုလွမ်းတဲ့ အိမ်လွမ်းစိတ်က
တိုးတိုးတိတ်တိတ်နဲ့ မင်တအိုးလုံးစာ ဖိတ်ကျနေတတ်သလို
ခရီးရှည်လမ်းမကြီးထက်က
ဘဝအမောတွေနဲ့ ရောစပ်ထားတဲ့ မင်စက်တွေကလည်း
ရောင်စုံပန်းခင်းကြီးလို တခမ်းတနား ထူထပ်များပြားလာခဲ့တယ် မေမေ”.....
ဆိုတဲ့အပိုဒ်လေးဖတ်ပြီး မျက်ရည်ဝဲချင်မိသွားတယ်အစ်ကိုဆောင်း....။
လေးစား ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို
သိမ့်ကောင်းတယ်ဆိုတာ
ဒီကဗျာ အတွက်
ပနာသင့်မှာတော့မဟုတ်ဖူး
ကဗျာအဖြစ်မြင့်နေမှန်းသိတာပေါ့
ဒါပေမဲ့သိမ့်ကောင်းတယ်လို့ ပဲပြောတတ်တယ်။
Input သာရှိပြီး ဘယ်ကိုမှခရီးမရောက် Outcome တွေပျောက်နေခဲ့တယ် မေမေ..
သိပ်မှန်တာပဲ အကိုရေ....
Post a Comment