Saturday, January 29, 2011

”ဒီလိုပါပဲ....နှစ်ကာလတွေထဲမှာ”

ဒီလိုပါပဲ
ဟိုမရောက် ဒီမရောက်
ဘယ်ကိုမှ ခရီးမပေါက်ခဲ့ရတဲ့
အရင်လို နှစ်ကာလတွေ...

ဒီလိုပါပဲ
မိုးသည်း လေထူ နှင်းမြူအထပ်ထပ်ဆိုင်း
ရှေ့တူရူမှာ တံတိုင်းကြီးတွေ ကာရံထားခဲ့တဲ့
အရင်လို နှစ်ကာလတွေ..

ဒီလိုပါပဲ
ထမင်းဆီဆမ်း ရွှေလင်ဗန်းနဲ့ မေမေ့ပုံပြင်တချို့က
အကြားအာရုံမှာ ဖမ်းညှို့ထားခဲ့ကြတဲ့
အရင်လို နှစ်ကာလတွေ...

ဒီလိုပါပဲ
စံပယ်ရုံလရိပ်မှာ တေးကဗျာသီကျူး
ချစ်သူ့မျက်နှာပေါ် ကမ္ဘာပတ်ခဲ့ဖူးတဲ့
အရင်လို နှစ်ကာလတွေ...

ဒီလိုပါပဲ
အဖေ့ကွယ်ရာမှာ ဆေးလိပ်ခိုးသောက်
ရုပ်ရှင်ရုံတွေအောက် လမ်းလျှောက်ခဲ့ဖူးတဲ့
အရင်လို နှစ်ကာလတွေ...

ဒီလိုပါပဲ
အဟောင်းတချို့နဲ့ လမ်းခွဲ
အသစ်တချို့အတွက် ရေလိုက်လွဲခဲ့ရဖူးတဲ့
အရင်လို နှစ်ကာလတွေ..

ဒီလိုပါပဲ
အဟောင်းအားလုံးနဲ့ လမ်းခွဲ
အသစ်တခုအတွက် တယောက်တည်း လျှောက်ရဲခဲ့ဖူးတဲ့
အရင်လို နှစ်ကာလတွေ..

ဒီလိုပါပဲ
မလေးရီးယားကို နဖူးပေါ်တင်
တောကြိုတောင်ကြား အသက်ရှုမှားခဲ့ရဖူးတဲ့
အရင်လို နှစ်ကာလတွေ...

ဒီလိုပါပဲ
သစ္စာတရားကို ရောင်းကုန်လိုသဘောထား
ရန်ငါစည်းမပြတ်သားသူတွေနဲ့ တွေ့ခဲ့ရဖူးတဲ့
အရင်လို နှစ်ကာလတွေ...

ဒီလိုပါပဲ
ကာဘွန်ဒိုင်အောက်ဆိုဒ်ထူထပ်တဲ့ မြို့ကြီးပေါ်မှာ
ဘတ်စ်ကားတိုးစီးရင်း တရားမဝင်ကြီးပြင်းခဲ့ရဖူးတဲ့
အရင်လို နှစ်ကာလတွေ...

ဒီလိုပါပဲ
ဇရာကို ဆေးရောင်စုံဆိုး
မိမိကိုယ်မိမိ မလိမ်မိုးမလိမ္မာအရွယ်လို့ မှတ်ထင်မိခဲ့ဖူးတဲ့
အရင်လို နှစ်ကာလတွေ...

ဒီလိုပါပဲ
အသွေးအရောင်မတူတဲ့ မျက်နှာစိမ်းတွေကြား
ကိုယ့်လက်သည်းကိုယ် ဝှက်ထားခဲ့ရဖူးတဲ့
အရင်လို နှစ်ကာလတွေ...

ဒီလိုပါပဲ
တန်ဖိုးရှိလှတဲ့ အချိန်တွေကို အသပြာနဲ့လဲလှယ်ရင်း
မိသားစုထမင်းဝိုင်းနဲ့ ကွေကွင်းနေခဲ့ရတဲ့
အရင်လိုနဲ့ အခုလို နှစ်ကာလတွေ...

ဒီလိုပါပဲ
ဝေးကွာခြင်းရဲ့ မိုင်တိုင်တွေကိုရေတွက်
လူမသိသူမသိ လွမ်းဆွတ်မှုတွေနဲ့ အိပ်ရေးပျက်နေခဲ့ရတဲ့
အရင်လိုနဲ့ အခုလို နှစ်ကာလတွေ...

ဒီလိုပါပဲ
မျက်နှာစာအုပ်နဲ့ ဂျီတော့ခ်ကို မီးပိတ်
တိုင်းရေးပြည်ရာနဲ့ ဝေးရာမှာ မျက်စိမှိတ်ထားရတဲ့
အခုလို နှစ်ကာလတွေ...

ဒီလိုပါပဲ
ဟိုလိုလို ဒီလိုလိုနဲ့ ဆံပင်ဖြူတွေပိုများလာခဲ့ရတဲ့
အခုလို နှစ်ကာလတွေ...

ဒီလိုပါပဲ
တမြန်နေ့ရဲ့ ကိစ္စတချို့က
ဒီကနေ့ကိစ္စတချို့ထဲမှာ ရောထွေးရင်း...

ဒီလိုပါပဲ
ဒီကနေ့ကိစ္စတချို့က
မနက်ဖြန်ကိစ္စတချို့ထဲမှာ ယှက်နွယ်ရင်း...

ဒီလိုပါပဲ
နှစ်ကာလတွေထဲ ကြီးပြင်းလာခဲ့ရပုံက ကြောင်လိမ်လှေကားဆန်ဆန်...။ ။

2 comments:

rose of sharon said...

ဒီလိုပါဘဲ... ကိန်းဂဏန်းတွေသာပြောင်းလဲသွားတာ... အကောင်းချည်းသက်သက်ကြုံရတဲ့ နှစ်တွေ မရှိခဲ့ပါဘူး

Unknown said...

ဒီလိုပါပဲ...
အစ်ကိုရာ... :)