”တနေရာရာရဲ့ တနေ့မှာ”
ဖြတ်သွားဖြတ်လာ တနေရာရာရဲ့ လမ်းမပေါ်မှာ
နေ့လည် ၁၂နာရီတိတိ...
နာရီကို အတည်မပြုနိုင်တဲ့ ရာသီဥတုနဲ့
စုတ်ပြဲနေတဲ့ ကမ္ဘာအကွဲကြီးပေါ်မှာ ရပ်ရင်း လျှောက်ရင်း
သတင်း အတင်း အခင်းအကျင်းနဲ့ ပြကွင်းပြကွက်တွေက
အလုံးအရင်း အထွေးလိုက် အပြုံလိုက်
ဆလိုက်ထိုးပြနေတဲ့ ရုပ်ရှင်ပြကွက်တွေလို....
မျက်စိရှေ့နားမှာ
နှစ်ပါးသွားတေးတွေက ရီဝေဝေ
အရောင်တလက်လက်ထနေတဲ့ ငွေနဲ့
လိုချင်ရမ္မက် အနံ့အသက်တွေက စားသုံးသူအလိုကျ....
အရင်အတိုင်း ပေကျံဗွက်ထနေတဲ့
အကြောင်းရင်းပေါင်းစုံကို တွေးရင်း ငေးရင်း ဆွေးရင်း
အားမလိုအားမရဖြစ်စရာအကောင်းဆုံးအရေးကို
ဟစ်ပ်ဟော့ပ်တေးတပုဒ်လို တကျော့ပြီးတကျော့ ထပ်ဆိုရင်း
ခြောက်သွေ့မှုတွေနဲ့ ကောက်ကွေ့ရှည်လျားလှတဲ့ လမ်းမပေါ်မှာ
စိုထိုင်းစေးပျစ် မျက်ရည်မြစ်ကြီး အတားအဆီးမဲ့ စီးဆင်းသွားနေခဲ့ပုံက
နှလုံးရောဂါသည်တယောက်ရဲ့ ရင်ခုန်နှုန်းနဲ့တထေရာတည်း....
တနေရာရာဆီမှာ ရပ်ကြည့်မိတိုင်း
မသေချာခြင်းလေရိုင်းတွေရဲ့ မှုတ်ထုတ်ခြင်းကိုခံရလို့
အလွင့်တွေနဲ့ရွေ့နေတဲ့ စိတ်မဲ့ခန္ဒာပေါင်းသောင်းခြောက်ထောင်နဲ့
နေလောင် ခြစား ပိုးထိုး လောက်ကိုက်
ဇောက်ထိုးကြည့်မှ အတည့်မြင်နိုင်တဲ့ ခန္ဒာမဲ့စိတ်ပေါင်းသောင်းခြောက်ထောင်ဟာ
ခပ်ပါးပါးခြားထားတဲ့ ရှင်သန်မှုနဲ့သေဆုံးခြင်းကြားက နံရံတချပ်ကို
ခပ်ထူထူဆေးသားတွေထပ်ပြီး မေ့တတ်ဖို့ကြိုးစားနေကြပုံက
ပျားအုံကိုတုတ်နဲ့ထိုးနေကြသလို....
တနေရာရာဆီကို လျှောက်သွားကြည့်မိတော့
တနေရာရာဟာ တနေရာရာကိုရောက်နေခဲ့ပြီး
တနေရာရာမှာ တနေရာစာပျောက်နေခဲ့ပြန်တယ်....
လူသူကင်းမဲ့ တနေရာရာရဲ့ လမ်းမပေါ်မှာ
ညသန်းခေါင် ၁၂နာရီတိတိ.....။ ။
ဒီဇင်ဘာ မိုး
4 days ago
No comments:
Post a Comment