Monday, September 19, 2011

နောင်အနှစ်၂၀အကြာ အိမ်အပြန်ခရီးတရက်မှာ

အရောင်လွင့်အနားဖွာ ဂျင်းဘောင်းဘီတထည်လို ကောင်းကင်နဲ့
အရင်လိုမဟုတ်တော့တဲ့ ဝေလီဝေလင်းမနက်ခင်းတခုက
အရင်လိုလက်ဖက်ရည်တခွက်နဲ့ ဓည့်ခံဖို့ကိုလည်း ပျက်ကွက်ခဲ့လေပြီ
ချွေးတဒီးဒီးကျအောင် ဈေးစကားပြောနေကြတဲ့ လမ်းမတွေပေါ်မှာ
ရွေ့လျားမှုမှန်သမျှဟာ သုတ်သီးသုတ်ပျာနဲ့
ခေတ်နဲ့လိုက်လျောညီထွေ ရာသီဥတုတွေကလည်း သုတ်သီးသုတ်ပျာနဲ့
လှုပ်ရှားနေတဲ့လူတွေကိုကြည့်ရင်း ရင်ထဲမှာ မြစ်တစင်းခမ်းခြောက်သွားခဲ့ရတယ်
အိမ်အပြန်ခရီး ရထားကြီးတစီးပေါ်ကိုအရောက်မှာ
ရှေ့တည့်တည့်ကို ဝင်ထိုင်လိုက်သူရဲ့ မျက်နှာဟာ အပူရောင်
လူယောင်ဆောင်ထားတဲ့ စက်ရုပ်တကောင်ကတော့ ဘူတာတခုမှာဆင်းသွားတယ်
သောကတွေကို မိတ်ကပ်ဖို့ထားတဲ့ မျက်နှာတချို့က ဘူတာတခုမှာတက်လာတယ်
စာသားနှစ်ကြောင်းနဲ့ သီချင်းလုပ်ထားတဲ့ တေးတပုဒ်က
မျက်နှာကျက်ဆီကနေ အသံခပ်အုပ်အုပ် လိမ့်ဆင်းပြုတ်ကျလာတယ်
အပျင်းဖြေစရာ ကဗျာတပုဒ်ကို အာရုံအံဝှက်ထဲက ဆွဲထုတ်ပြီးဖတ်မိတော့
နှာစေးနေတဲ့ နှစ်ကာလတွေရဲ့ ပါဒတခုက ရင်ဝကိုဆောင့်ကန်တယ်
နာနာကျင်ကျင်ရှိတာနဲ့ ဆွေးဆွေးမြေ့မြေ့မြင်ကွင်းတွေကို
စေးကပ်ကပ်လက်ဖဝါးတဖက်နဲ့ ဖုံးအုပ်ပြီး
အိတ်ကပ်ထဲက လေယာဉ်လက်မှတ်ဟောင်းတစောင်ကို
အေးစက်စက်ကျန်လက်ဖဝါးတဖက်နဲ့ လုံးခြေပစ်လိုက်မိတယ်
မနေ့ညတုန်းက မက်ခဲ့တဲ့အိပ်မက်တွေက အပြာ
သက်ရှိပြငိပကမ္ဘာကို လှမ်းကြည်မိတော့
မြင်ကွင်းတွေက အနာနဲ့ဆေးမတည့်သလို အဖာအထေးတွေ ပိုသီပတ်သီနဲ့
ငယ်ငယ်တုန်းကလို လမ်းတလျှောက်စိမ်းစိုနေခဲ့ဖူးတဲ့ သစ်ပင်တောအုပ်ကြီးတွေလည်း
လူတချို့ရဲ့ ညစာစားပွဲတွေထဲမှာ တည်ခင်းဧည့်ခံနေရလို့တဲ့
မြို့ပြဟာ မြို့ပြနဲ့တူအောင် တိုက်တာအဆောက်အအုံတချို့က မိုးထိုးနေကြပေမယ့်
လူတွေက လူတွေနဲ့မတူအောင် ဂုဏ်သိက္ခာနဲ့စိတ်ဓာတ်တွေ မြေလျှိုးသွားကြပြီတဲ့
အပြားကမ္ဘာမှာ မကြားဖူးတာတွေကြားနေရပြီး မမြင်ဖူးတာတွေမြင်နေရပြီတဲ့
ပေါများခဲ့ဖူးတာတွေ ရှားပါးသွားခဲ့ကြပြီး ရှားပါးခဲ့တာတွေ ပေါများလာခဲ့ကြပြီတဲ့
အရှိတရားတွေကမ်းပျောက် အသိတရားတွေခမ်းခြောက်လာခဲ့ပုံများ ယုံမှားဖွယ်ရာမရှိ
ငြိနေတဲ့အတွေးရဲ့ ပြင်ပကမ္ဘာကို ခုန်ဆင်းထွက်လိုက်မိမှ
စီးလာတဲ့ရထားဟာ ခရီးဆုံးဘူတာမှာ ရပ်နားလိုက်ကြောင်း သတိထားလိုက်မိတယ်
အငိုက်မိနေတဲ့အတွေးတွေထဲက ခုန်ထွက်လွတ်မြောက်လာပြီး
စီးလာတဲ့ရထားပေါ်ကနေ အိပ်ငိုက်နေတဲ့မြို့ပေါ်ကို တလှမ်းချင်း လှမ်းလျှောက်လာခဲ့မိတယ်
လမ်းဟောင်းကလေးပေါ်မှာ လူအသစ်တွေကို တွေ့လိုက်ရသလို
လူအသစ်တွေပေါ်မှာတော့ စိတ်အဟောင်းတွေကို တွေ့လိုက်ရတယ်
အရင်လို လမ်းဟောင်းလေးနံဘေးက
အရင်လို သဘာဝတရားကို တေးလုပ်ဆိုတတ်တဲ့ အရင်လို မြစ်မင်းဧရာ
အခု....မရှိရှာတော့ဘူး....
ဒီလိုနဲ့..ငါ အမှောင်ကိုတံခါးခေါက်လို့ ညအပေါက်ထဲကို တိုးဝင်ရောက်ခဲ့မိလေတယ်
တမြန်နေ့က လေယာဉ်ပျံကြီးစီးပြီး ခဏဝင်နားလာခဲ့ရတဲ့ ပီကင်းမြို့ကြီးကတော့
ငါနဲ့အဝေးဆုံးတနေရာဆီမှာ လျှပ်စစ်မီးတွေထိန်ထိန်သာလို့ပေါ့....။ ။

3 comments:

မိုးမြင့်တိမ် said...

ကဗျာထဲမှာ အရာရာပါနေတယ်။ ရင်မောစွာနဲ့ ဖတ်သွားတယ်အကို။

စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

မေသိမ့်သိမ့် ကျော် said...

ဆူညံလှုပ်ရှားနေတဲ အလင်းထဲကနေ ဗြုန်းဆို ဆိတ်ငြိမ်နေတဲ့ အမှောင်ထဲရောက်သွားသလိုလို ခံစားလိုက်ရတယ်။

Winnie said...

Goodd share