Saturday, October 29, 2011

''အသံငါး ရထားဖြစ်ဖို့ပဲ အရေးကြီးတယ်''


ဟလို...ဟလို...ရထားဖြစ်လား
ရထားဖြစ်တယ်ဆိုရင် ညောင်ကိုင်းပေါက်မယ်
ခင်ဗျားလည်းစစ်သား အသံငါးရထားဖြစ်တယ်ဆိုရင်ပြီးတာပါပဲ.....

သူသာ၊ကိုယ်ပြာပြီး သူWin၊ ကိုယ်Lose မယ့်
အပေါ်ယံ Win-Win သံခင်းတမန်ခင်းတွေထက်
ထမင်းတဆုပ် ဟင်းတလုပ်နဲ့
မနက်ခင်းတွေ အသက်ဝဝရှုနိုင်ဖို့အလုပ်က ပိုပြီးအရေးကြီးနေတယ်.....

ဧရာဝတီကိုတော့ စိတ်ကူးနဲ့မှန်း မလွမ်းချင်ပါဘူး....

ငါကျင့်ငါကြံ တငါတည်းငါ ကြံကြီးစည်ရာကြံဖို့ထက်
ရိုးရိုးကျင့် မြင့်မြင့်ကြံနိုင်မယ့်
အနာဂတ်ရဲ့ကလေးတွေ စာသင်ခန်းနဲ့မဝေးဖို့က ပိုပြီးအရေးကြီးနေတယ်...

တက္ကသိုလ်မြေ နေဝင်မှာကို စိုးရိမ်သလို
တနိုင်ငံလုံး နေဝင်မှာကိုလည်း မိုးပြိုမှာထက် ပိုပြီးစိုးရိမ်မိပါတယ်....

မလိမ့်တပတ် လက်အလုံးတထောင်မကခြားပြီး
ရှုပ်ရှုပ်ထွေးထွေးတွေကြား အာဏာယောင်ဖျောက်ထားဖို့ထက်
မှန်မှန်ကန်ကန်ပြောပြီး လေးလေးနက်နက်ညှိနှိုင်းဆွေးနွေးတတ်ဖို့က ပိုပြီးအရေးကြီးနေတယ်.....

မတရားတဲ့တရားရုံးမှန်သမျှကို သော့ခတ်ထားစေချင်သလို
အမှန်တရားအတွက် ထောင်တံခါးရွက်တွေကိုလည်း အမြဲတမ်းလှပ်ထားစေချင်ပါတယ်....

တောတလုံးတောင်တလုံး အမြီးအမောက်မတည့်တဲ့ စကားလုံးတွေကို
ကမ္ဘာကြိုကမ္ဘာကြား အူယားဖားယားလှည့်ပြီး ရေလဲသုံးစွဲနေဖို့ထက်
လူသတ်နေတဲ့ ဗုံးလက်နက်စစ်ပွဲတွေရပ်ပစ်ဖို့က ပိုပြီးအရေးကြီးနေတယ်...

ခါကာဘိုရာဇီတောင်ထိပ် စစ်အငွေ့အရိပ်တွေဖုံးမှာကို စိုးရိမ်သလို
တနိုင်ငံလုံး စစ်အသုံးစရိတ်တွေထဲက ရုန်းမထွက်နိုင်မှာကိုလည်း စိုးရိမ်မိပါတယ်...

ခေတ္တခဏ နားကိုငြိမ်သက်ပြီး နားရွက်ကိုထောင်ပါ လူကြီးမင်း
ယခု..ကျွန်ုပ်ခေါ်ဆိုနေသောစက်ဟာ ဆက်သွယ်မှုဧရိယာအတွင်းမှာသာရှိနေပါတယ်
ကျေးဇူးပြုပြီး...ခင်ဗျားရဲ့တော်ကီတွေထဲကို တရုတ်ကော်ပီတွေရောပြီးမဖျော်မိပါစေနဲ့
ကြာရင် ကမ္ဘာ့အပြေင်မှာ ငါနဲ့ငါတယောက်တည်း
ချောင်ပိတ်မိနေတဲ့ အမှောင်ဒိတ္ထိကြီးလည်းဖြစ်နေပါဦးမယ်........။ ။

1 comment:

မေသိမ့်သိမ့် ကျော် said...

အင်း အကြံပေးချက်ကတော့... ရှယ်ပဲ။း)