Wednesday, November 28, 2007

ခရီးများအဆုံးထိ
ဒီလမ်းကိုငါတို့ကမှရွေးပြီးဖောက်ခဲ့တာမဟုတ်သလို
ငါတို့ချည်းရွေးလျောက်ခဲ့ကြတာလည်းမဟုတ်ပါဘူး
ဒီလမ်းကကြမ်းတယ်......
ဒီလမ်းမှာပန်းမပွင့်ဘူး....
နှစ်သစ်ကူးပွဲတော်တွေအတွက်အချိန်မရှိခဲ့ဘူး....
နှစ်ဦးသဘောတူလျောက်လှမ်းခဲ့ကြတဲ့ဒီလမ်းမှာ
ဘာများကွဲလွဲစရာရှိခဲ့ကြလို့လဲ
ခရီးအစပထမကိုပြန်လှည့်ကြည့်လိုက်
ဗိုက်မှောက်ရေသောက်အမိုးတခုတည်းရဲ.အောက်မှာ
မင်း..နဲ့..ငါ
အဓိကတွေအတွက် သာမညတွေကိုမေ့ပစ်နိုင်ခဲ့ကြတယ်......
ခရီးကြမ်းကြီးတခုတည်းမှာ မင်း..ရယ်..ငါ
တောင်တွေကိုအတူတက်ရင်း ထမင်းအခါခါငတ်ခဲ့
တောတွေကိုအထပ်ထပ်ဖြတ်ရင်းသွေးသောက်ရောင်းရင်းဖြစ်ခဲ့
ချောင်းအထပ်ထပ်ကျော်ရင်းတွေ့ရာအပင်ခြေရင်းခြေအတူဆင်းခဲ့ကြ
အကာလညယံတွေမှာခွပ်ဒေါင်းတေးတွေကိုဆိုငြီးခဲ့ကြ
ပြီးတော့..အမေ့အကြောင်းတွေကိုလုယက်ပြီးပြောကြ
မာတာမိခင်နဲ့ငြိမ်းချမ်းရေးမိခင်အကြောင်းတွေကိုပေါ့......
ငါတို့ရဲ.ခရီးလမ်းတလျောက်မှာအားပေးခဲ့ကြတဲ့
ရွာစဉ်တန်းတလျောက်ကတတိယအမေတွေရဲ.အသံ
မွေးစားမိဘတွေရဲ.အားပေးစကား
ထိုင်းမြန်မာနယ်စပ်နားကစစ်ဘေးသင့်နေကြတဲ့ပြည်သူ့အသံ
မင်းမှတ်မိဟန်တူပါရဲ.
ငါလည်းမေ့လေမယ်မထင်နဲ့.......
တကယ်တော့၁၉နှစ်ဆိုတဲ့သက်တမ်းမှာ
ငါတို့လမ်းတွေမညီညာခဲ့ဘူး
မဖြောင့်ဖြူးခဲ့ကြဘူး..
တချို.ငြှောင့်ဆူးခဲ့ကြသလို
တချို.အချိုသပ်ခံရင်းရန်သူ့ပစ်ကွင်းထဲကိုအမိအရဝင်ခဲ့ကြ
တချို.သေကောင်ပေါင်းလဲဒဏ်ရာတွေကိုရင်မှာပိုက်ရင်းစစ်တလင်းထဲမှာ
ငါကိုယ်တိုင်ကတော့တတိယနိုင်ငံတနိုင်ငံမှာ
ဝေဒနာတနင့်တပိုးတပိုးကိုထမ်းပိုးရင်းအမျက်ဒေါသတွေကိုအတောမသတ်နိုင်သေးတဲ့
အနားမညီတဲ့ချိန်ခွင်လျှာတခုပေါ်မှာ..
အကြိမ်ဖန်များစွာအလဲထိုးခံခဲ့ရ
ဒဏ်ရာတွေနဲ့နေသားကျနေခဲ့ရ
လပြည့်မှန်းလကွယ်မှန်းမသိတဲ့ညတွေကိုဖြတ်ကျော်ခဲ့ရ
ဘယ်လိုမှနေသားကျမလာခဲ့တဲ့လူ့ပတ်ဝန်းကျင်တခုထဲမှာ.....
ဒီလိုနဲ့..စိတ်ဓာတ်မြှင့်တင်ရေးပန်းချီကားတချပ်
၂၀၀၇ရဲ.စက်တင်ဘာမှာ..
မျိုးဆက်သစ်တွေရဲ့သွေးစက်တွေနဲ့စုတ်ချက်တင်
ငါတို့အထွတ်အမြတ်ထားတဲ့သံဃာတွေရဲ.အကြမ်းမဖက်ရေးစိတ်ဓာတ်တွေနဲ့ရေးဖွဲ့ရင်း
နောက်ထပ်ခရီးပြင်းတခုကိုချီတက်ဖို့ရာအတွက်
မပြီးဆုံးသေးတဲ့ငါတို့ရဲ့ခရီးကြမ်းကြီးကိုဆက်လက်လျှောက်လှမ်းဖို့ရာအတွက်
နိုင်ငံတကာရဲ့ဖန်သားပြင်မျက်နှာစာတွေပေါ်မှာ
အသက်ဝင်လာခဲ့ကြလေတယ်....
သူတို့တတွေကဒီလမ်းကိုပန်းကြဲ့ပီးဖောက်ခဲ့ကြတာမဟုတ်ဘူး
ဟိုးအဝေးကမီးမထွန်းနိုင်သေးတဲ့မင်းတို့ငါတို့ရဲ့အမေ့အိမ်တွေအတွက်
မနက်စာဘယ်မှာရှာရမှန်းမသိနိုင်တဲ့မင်းတို့ငါတို့ရဲ့ညီညီမတွေအတွက်
လမ်းမပေါ်ကိုထွက်ပြီးအသေခံရင်း
လူ့အခွင့်အရေးလမ်းစတခုကိုအသက်နဲ့အရင်းပြုပြီး
မီးထွန်းပြသခဲ့ကြတာဖြစ်တယ်......
ဒီလမ်းဟာကြမ်းမယ်
ဒီလမ်းမှာပန်းမပွင့်ဘူး
ဒါပေမယ့်ကူးဖြတ်ရဲဖို့လိုတယ်
ခံနိုင်ရည်ရှိဖို့လိုသလိုပေးဆပ်ရဲဖို့လည်းလိုတယ်
ပြီးတော့အမြင့်ကိုတက်သွားပြီးတဲ့အခါတိုင်း
မိမိခြေလှမ်းတွေကိုပြန်ငုံ့ကြည့်တတ်ဖို့လိုအပ်သလို
အောက်ဆုံးထစ်ကလူကလည်းအချိန်မရွေး
ပခုံးထမ်းတင်ပေးဖို့ဝန်မလေးသင့်ဘူး......။

ဆောင်းယွန်းလ





4 comments:

ကောင်းကင်ကို said...

"ဒီလိုနဲ့..စိတ်ဓာတ်မြှင့်တင်ရေးပန်းချီကားတချပ်
၂၀၀၇ရဲ.စက်တင်ဘာမှာ..
မျိုးဆက်သစ်တွေရဲ့သွေးစက်တွေနဲ့စုတ်ချက်တင်
ငါတို့အထွတ်အမြတ်ထားတဲ့သံဃာတွေရဲ.အကြမ်းမဖက်ရေးစိတ်ဓာတ်တွေနဲ့ရေးဖွဲ့ရင်း"

ပြောင်မြောက်ပြီး အသက်ပါတဲ့ အရေးအဖွဲ့ ပါဗျာ။

ကောင်းကင်ကို said...

"ခံနိုင်ရည်ရှိဖို့လိုသလိုပေးဆပ်ရဲဖို့လည်းလိုတယ်
ပြီးတော့အမြင့်ကိုတက်သွားပြီးတဲ့အခါတိုင်း
မိမိခြေလှမ်းတွေကိုပြန်ငုံ့ကြည့်တတ်ဖို့လိုအပ်သလို
အောက်ဆုံးထစ်ကလူကလည်းအချိန်မရွေး
ပခုံးထမ်းတင်ပေးဖို့ဝန်မလေးသင့်ဘူး"

ကဗျာရဲ့ နိဂုံးက သတိပေးသံဖြစ်သလို အတွေးအခေါ်လဲပါတယ်ဗျာ။ အပေါ်ကလူ နဲ့ အောက်ကလူ အပေးအယူမျှဖို့ အရေးကြီးတာကို မီးမောင်းထိုးပြသလို ခံစားရပါတယ်။

Mintasay said...

ကျွန်တော်လည်းပုခုံးသားကောင်းတယ်ဗျ....အရမ်းကိုပြီးပြည့်စုံတဲ့ကဗျာတစ်ပုဒ်ပါ

chaos said...

တကယ်တော့
အားလုံးရဲ့တူညီမှုတစ်ခုကတော့
စည်းလုံးနေခြင်းပဲနော်
ငါတို့ စည်းလုံးနေသမျှ
ငါတို့ အရှုံးကို ငါတို့ ပြန်လှန်နိုင်မှာပဲ